Wednesday, August 12, 2015

အစိုးရ၏ အသုံးစရိတ် ပွင့်လင်းမြင်သာမှုရှိရေး ပထမခြေလှမ်း


အစိုးရ၏ ရသုံးမှန်းခြေငွေစာရင်း(ဘတ်ဂျက်)ဆိုင်ရာ ဆွေးနွေးပွဲသည် ကယားပြည်နယ် အစိုးရသစ်သက် တမ်းတစ်လျှောက်တွင် မကြားခဲ့ဖူးသည့် ဆွေးနွေးပွဲတစ်ရပ်ပင်ဖြစ်သည်။ အစိုးရလုပ်ငန်း၏ ရသုံးမှန်းခြေ ငွေစာရင်း ချပြရှင်းလင်းသည့် ဆွေးနွေးပွဲများလည်း မရှိခဲ့ပေ။

ထို့ကြောင့် ဇူလိုင်လ ၂၄ ရက်နေ့တွင် ကယားပြည်နယ်အဆင့် အစိုးရ၏ ရသုံးမှန်းခြေငွေစာရင်းဆွေးနွေး ပွဲသို့ကြွရောက်ရန် ဖိတ်ကြားလွှာရရှိလာ သည့်အခါ သည်ဆွေးနွေးပွဲက ဘယ်တုန်းကမှ မကြားခဲ့ဖူး ၊ ပြည်နယ်တွင်း မလုပ်ခဲ့ဖူးသည့် ဆွေးနွေးပွဲဆိုတာ သိလိုက်ရသည်။

ရသုံးမှန်းခြေငွေစာရင်းဟု ဆိုလိုက်လျှင် ဌာနဆိုင်ရာဝန်ထမ်းများမှာ လုပ်ငန်းနှင့်ထိစပ်နေသည့်အတွက် လုပ်ငန်းသဘောတရားကို နားလည်ကောင်းနားလည်ပါလိမ့်မည်။ တခြားသော အဖွဲ့အစည်းများနှင့် ပြည် သူလူထုများအတွက်တော့ ၎င်းစကားလုံးများနှင့် စိမ်းနေသည့်အပြင် ၊ အစိုးရလုပ်ငန်းနှင့် ထိတွေ့မှု မရှိ သည့်အတွက် ရှုပ်ထွေးစေပါသည်။

၎င်းဆွေးနွေးပွဲနှင့် ပတ်သက်၍ ကယားပြည်နယ်တွင် ပထမဆုံး အကြိမ်အဖြစ် ဇူလိုင်လ ၂၄ ရက်နေ့က ပညာ့ဗိမာန်တွင် ကျင်းပခဲ့ရာ အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ နှင့် INGOs ၊ NGOs အဖွဲ့ကိုယ်စားလှယ်များ ၊ လူမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များ ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များက တက်ရောက်ခဲ့ကြသည်။

ရသုံးမှန်းခြေငွေစာရင်းဆိုသည်မှာ ရသည့်ငွေနှင့် သုံးမည့်ငွေများအတွက် ကြိုတင်ခန့်မှန်းတွက်ချက်သည့် ငွေစာရင်းပင်ဖြစ်ပါသည်။ ကြိုတင်ခန့်မှန်း ရသည့်ကိစ္စ ၊ ကြိုတင်တွက်ချက်ရသည့်ကိစ္စ ၊ လူထုများနှင့် တိုင်ပင်ဆွေးနွေး ရမည့် ကိစ္စဖြစ်သည်။

ယခုကဲ့သို့ ဆွေးနွေးမှုများမှာ တိုင်းရင်းသားဒေသများအတွက် အမြဲတစေ လိုအပ်မည်သာဖြစ်ပြီး ပွင့်လင်း မြင်သာသည်ဟု အမည်ခံနေသော အစိုးရအနေဖြင့် နှစ်စဉ်နှစ်တိုင်း ပြည်နယ်ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ၊ ရသုံးမှန်းခြေ ငွေစာရင်းမပြုလုပ်မှီ ပြည်သူများနှင့် ရေးဆွဲ ပြုလုပ်ရမည့် ဆွေးနွေးပွဲပင်ဖြစ်သည်။

သို့သော် အစိုးရသက်တမ်း လေးနှစ်ကျော် ငါးနှစ်အတွင်း ယခုကဲ့သို့ ပထမဆုံးအကြိမ်အဖြစ် action aid နှင့်ပူးပေါင်းဆောင်ရွက်ကာ ပြည်နယ်အစိုးရက လက်ခံပြုလုပ်ပေးခြင်းသည် ပွင့်လင်းမြင်သာမှု၏ ပထမဆုံး ခြေလှမ်းဟု ဆိုရမည်လား။

ပြည်နယ်စီမံကိန်းညွန်ကြားရေးမှုး ဦးသန်းထွန်းက ဆွေးနွေးပွဲတွင် ကြိုတင်စီမံကိန်းရေးဆွဲခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ဒေသန္တရစီမံကိန်း အတွက် ပြည်သူများ၏ လိုအပ်ချက်များကို အခြေခံရေးဆွဲနိုင်ရန် မြို့နယ် စီမံကိန်းဦးစီးဌာနမှ ရပ်ကွက်ကွင်းဆင်း၍ ရပ်ရွာလိုအပ်ချက်များကို ဦးစားပေးအစီအစဉ်များဖြင့် ကောက်ယူ စုစည်းသည်။ ထို့နောက် စီမံကိန်းဦးစီးဌာနမှ ဦးစားပေးလုပ်ငန်းများကို ရွေးခြယ်ကာ ဘဏ္ဍာရေး ဆိုင်ရာ နှင့် ရသုံးမှန်းခြေငွေစာရင်းဌာနသို့ ချိတ်ဆက်ဆောင်ရွက်ရ သည်ဟုရှင်းလင်းပြောဆိုသွားသည်။

ပြည်သူလူထုများနှင့် ရပ်ကျေးမှတဆင့် မြို့နယ် အဆင့်ဆင့်တွင် စီမံကိန်းဌာနများက အချက်အလက်များ ကိုသာ ကောက်ခံသွားခြင်းဖြစ်ပြီး တကယ်တမ်း ဆောင်ရွက်ရမည့်လုပ်ငန်းမှာ ပြည်သူများနှင့် စီမံကိန်းရေး ဆွဲခြင်း ၊ ရသုံးမှန်းခြေစာရင်းလုပ်ခြင်းများအား ညှိနှိုင်းတိုင်ပင် ရေးဆွဲရခြင်းဖြစ်သည်ဟု Local Development Network မှ ဒါရိုက်တာ ကိုလိရယ်အန်းဂျေလိုက ပြောသည်။

“ ဒီရသုံးမှန်းခြေငွေစာရင်းလုပ်တယ်ဆိုတာက အမှန်က ဒီအစိုးရမစခင်ကတည်းက သူပြောတယ်။ ရပ်ကျေး အဆင့် မြို့နယ်အဆင့်သူတို့ယူတယ်ပြော တာက ဒါ အချက်အလက်ပဲယူတာလေ။ အမှန်ဆိုရင် လူထုက ရွေးခြယ်ပြီး တကယ်ရေးဆွဲ ..ဆွဲပြီးတော့မှ ထွက်လာတဲ့မျိုးဖြစ်ရမှာပေါ့။” ဟု ကိုလိရယ် အန်းဂျေလိုက ပြောသည်။

ရသုံးမှန်းခြေငွေစာရင်းမှာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှ နှစ်စဉ်နှစ် တိုင်း ကြိုတင် ရေးဆွဲသည့် လုပ်ငန်းဖြစ်သည်။ အောက်ခြေမှ အထက် အပြန်အလှန်ညှိနှိုင်းပြီး ရေးဆွဲရခြင်း လည်းဖြစ် သည်။

အထက်မှလာသည့်စီမံကိန်း ၊ ဘတ်ဂျက် သည်လည်းအလုပ်မဖြစ်နိုင်သကဲ့ သို့ ၊ အောက်ခြေမှ လာသည့် စီမံကိန်း ၊ ဘတ်ဂျက်သည်လည်း အလုပ် မဖြစ်နိုင်သည့်အတွက် ညှိနှိုင်းမှသာလျှင် ပြည့်စုံသည့် ဘတ်ဂျက် ဖြစ်မည်ဟု ဘတ်ဂျက်ပညာရှင် ဦးဇော်ဖေဝင်းက ဆွေးနွေးပွဲတွင်ပြောဆိုသွားသည်။

ဘတ်ဂျက်များကို ရေးဆွဲပြီးနောက် နိုင်ငံတော်၏ ဘတ်ဂျက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြု လိုက်သည့်ဘတ်ဂျက်ကို နိုင်ငံတော်အစိုးရသို့ တင်ပြရပါသည်။ အစိုးရမှ ပြန်လည်ညှိနှိုင်းပြီး ဥပဒေတစ်ရပ်အဖြစ်နှင့် ကြေညာရမည်ဖြစ် သည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံ၏ ဘတ်ဂျက်နှစ်တစ်နှစ်သတ်မှတ်ရာတွင် နှစ်စဉ် ဧပြီ ၁ ရက်နေ့မှ လာမည့်နှစ် မတ်လ ၃၁ ရက်နေ့အထိဖြစ်သည်။ ၎င်းမတိုင်မှီ ဘတ်ဂျက်များကို အတည်ပြုရပါသည်။

အလားတူ ကယားပြည်နယ်၏ ရသုံးမှန်းခြေငွေစာရင်းကိုလည်း ပြည်နယ်ဘဏ္ဍာရေးအခွန်ဝန်ကြီးဌာနမှ ဦးဆောင်ပြီး ပြည်နယ်မှ လုပ်ပိုင်ခွင့်ရှိသည့် ဦးစီးဌာန ၂၃ ခုအတွက် နှစ်စဉ်ရေးဆွဲရပါသည်။

ထိုသို့ရေးဆွဲပြီး ပြည်နယ်လွှတ်တော်မှ ရသုံးမှန်းခြေငွေစာရင်းကို တင်ပြအတည်ပြုပြီးနောက် ပြည်ထောင် စု အစိုးရရုံးသို့ ဆက်လက်တင်ပြရ သည်ဟု ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးသန်းကျော်စိုးက ဆွေးနွေးပွဲ တွင် ချပြပြောဆိုသွားပါသည်။

“သက်ဆိုင်ရာဝန်ကြီးများက သက်ဆိုင်ရာဌာနများရဲ့တာဝန်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သက်ဆိုင်ရာ ဌာနတွေက သူတို့ရဲ့ ဘတ်ဂျက်လိုအပ်ချက် တွေကို ရေးဆွဲပြီးတော့ တင်တဲ့အခါ ဝန်ကြီးတွေက စစ်ဆေး ပြီးတော့ မလိုအပ်တဲ့အရာကို ကျွန်တော်တို့ဖြတ်ပါတယ်။” ဟု ဦးသန်းကျော်စိုးက ပြောခဲ့သည်။

ယခုနှစ်ကယားပြည်နယ်၏ ဘတ်ဂျက်ရငွေမှာ အခြားပြည်နယ်ဒေသများနှင့် နှိုင်းယှဉ်လျှင် အနည်းဆုံးဖြစ် သည့်အတွက် သုံးငွေများပြီး လိုအပ်သည့်ငွေ များကို ပြည်ထောင်စုအစိုးရထံ ထပ်မံတင်ပြတောင်းဆိုနေရ သည်။ ထိုကဲ့သို့ ကြုံတွေ့နေရခြင်းမှာ ယခင်က နယ်မြေမငြိမ်းချမ်း ခဲ့ခြင်းကြောင့် ဒေသ ဖွံ့ဖြိုးရေး မလုပ် ဆောင်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

ဦးဇော်ဖေဝင်းက “ အဲဒါကတော့သူ့ပြည်နယ်အနေနဲ့ဘာလုပ်ချင်တာလဲ လုပ်မယ့် ပရောဂျက်တွေအကုန် လုံးစုပြီးတော့မှ ပြည်ထောင်စုအစိုးရဆီ တောင်းရတယ်။ အဲဒီတောင်းတဲ့အပေါ်မှာတော့ ပြည်ထောင်စုက ဖြတ် ကောင်းဖြတ်တာ တွေရှိနိုင်တယ်။ ဘယ်လောက်ခွင့်ပြုတယ်ဆိုတဲ့အပေါ်မှာပဲ အဲဒီခွင့်ပြုချက်အတွက်ပဲ ပေးလိုက်တယ်။ အဲဒီခွင့်ပြုချက်လိုအပ်တဲ့ပိုက်ဆံကို ထောက်ပံ့လိုက်တာပါ။” ဟု ပြောသည်။

ပြည်နယ်တစ်ခုအနေဖြင့် အောင်မြင်စွာရပ်တည်နိုင်ရေးသည် စီးပွားရေး အကောင်အထည်ဖော်နိုင်ရန် လမ်းပန်းဆက်သွယ်ရေးနှင့် ငြိမ်းချမ်းရေး အဓိက ရရှိပြီးမှသာလျှင် လုပ်ငန်းများပွင့်လင်းမြင်မှုရှိစွာဖြင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်စေနိုင်မည်ဟု စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ ဦးဇော်ဖေဝင်း ကပြောသည်။

"ဒီနှစ်ခုကတိုးတက်မှုရဲ့ အခြေခံပါဘဲ။ ဒါပေမယ့်ချက်ချင်းကတော့ အကျိုး သက်ရောက်မှုမရှိသေးဘူး ကြာကြာနေမှ အကျိုးသက်ရောက်မှုရှိမယ်။ အဲဒီကမှ ပိုပြီးတိုးတက်အောင်လုပ်ရပါမယ်။ လမ်းပန်းဆက် သွယ်ရေးကောင်းရမယ်။ ပညာရေး ၊ ကျန်းမာရေးအဲလိုဟာမျိုးတွေဦးစားပေးတော့လုပ်နိုင်ရင်တဖြည်းဖြည်း ချင်းတော့ တိုးတက်လာမှာပါ။" ဟု ဦးဇော်ဖေဝင်းက ပြောသည်။

ဖွံ့ဖြိုးရေးစီမံကိန်းများကို တစ်ရွာချင်းစီမှတက်လာပြီး အုပ်စု ၊ မြို့နယ် ၊ ပြည်နယ်သို့တက်လာရမည်။ စီမံကိန်းဌာနမှ အချက်အလက်များကို သွားရောက်ကောက်ယူရမည်မဟုတ်ဘဲ ကျေးရွာမှ စီမံကိန်းသို့ တင်ပြနိုင်ရမည်။ ပြည်သူလူထုနှင့် အပြန်အလှန်ညှိနှိုင်းဆွေးနွေးပြီး ရသုံးမှန်းခြေငွေစာရင်းအနေဖြင့် အနာဂတ်တွင် ပွင့်လင်းမြင်သာမှုရှိရှိ ပြုလုပ်နိုင်မည့် အခြေအနေသည် ယခုဆွေးနွေးပွဲမှ စတင်မိတ်ဆက် သည့် အဆင့်သာရှိသေးသည်။

ထိုကဲ့သို့သော ဆွေးနွေးပွဲကို ကရင်ပြည်နယ် ၊ဧရာဝတီတိုင်းနှင့် ကယားပြည် နယ်တို့တွင်သာ ပြုလုပ်နိုင် သေးသည်ဟု သိရသည်။ ကယားပြည်နယ်အဆင့် ဆွေးနွေးပွဲတွင်လည်း အစိုးရမှ လုပ်ငန်းအသေးစိတ်ကို ချပြရှင်းလင်းနိုင် ခဲ့ခြင်းမရှိခဲ့ပေ။ ယခုဆွေးနွေးပွဲသည် အရပ်သားအစိုးရ လက်ထက်တွင် ရသုံးမှန်းခြေငွေ စာရင်းကို ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ပထမခြေလှမ်း ဟုဆိုလျှင် နောင်တက်လာမည့် အစိုးရအ နေဖြင့်လည်း ပွင့်လင်းမြင်သာသည့် ရသုံးမှန်းခြေ ငွေစာရင်းနှင့် ပြည်သူလူထုများအတွက် မည်ကဲ့သို့ ဆောင်ရွက် မည်ကို စောင့်ကြည့်ရပေအုံးမည်။


Kantarawaddy Times

No comments:

Post a Comment

My Blog List