Tuesday, August 11, 2015

နိုင်ငံတိုးတက်လိုပါက စနစ်ကိုပြောင်းရမည်ဖြစ်ပြီး စနစ်မပြောင်းပါက လူငယ်များ၏ အနာဂတ်သည် အာမခံချက် မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



နိုင်ငံတိုးတက်လိုပါက စနစ်ကိုပြောင်းရမည်ဖြစ်ပြီး စနစ်မပြောင်းပါက လူငယ်များ၏အနာဂတ်သည် အာမခံ ချက် မရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့ရှိ ရေဘေးသင့်ပြည်သူများထံသို့ သွားရောက်စဉ် ၎င်းအား ကြိုဆိုနေသည့် စကုမြို့ဒေသခံ များအား အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ ဒီနိုင်ငံဟာ ဆင်းရဲတယ်ဆိုတာ ထူးထူးထွေထွေ ပြောနေစရာ မလိုပါဘူး။ ဆင်းရဲရခြင်း အကြောင်းရင်းက နိုင်ငံကြောင့် မဟုတ်ဘူး။ ကျွန်မတို့နိုင်ငံဟာ သဘာဝအားဖြင့် ဆိုလို့ရှိရင် အင်မတန် ချမ်းသာ ကြွယ်ဝရမယ့်နိုင်ငံပါ။ စနစ်မကောင်းလို့ ဆင်းရဲနေရတာပါ။ ဒါကြောင့် ဒီနိုင်ငံ တိုးတက်စေချင်ရင်  စနစ်ကို ပြောင်းရမယ်။ စနစ်ကို မပြောင်းရင် ကျွန်မတို့ လူငယ်တွေရဲ့ အနာဂတ်ဟာ အာမခံချက်မရှိဘူး။ ဒီနိုင်ငံမှာဆိုရင် လူငယ်တွေ သိပ်များတာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက “ဘယ်ပဲသွားသွား ကျွန်မတို့ကလေးတွေ၊ လူငယ်တွေ မြင်နေရတယ်။ မြင်တိုင်းစဉ်း စားတယ်။ ဒီကလေးတွေရဲ့၊ လူငယ်တွေရဲ့ အနာဂတ်ဟာ ဘယ်လိုနေမလဲ။ သူတို့ရဲ့ အနာဂတ်အတွက် ကျွန်မတို့ လုံခြုံစေချင်တယ်၊ စိတ်ချစေချင်တယ်ဆိုရင် မပြောင်းလို့ မရဘူး” ဟု ပြောကြားသည်။

မြန်မာနိုင်ငံသည် ပြောင်းလဲရန် အချိန်တန်ကြောင်း၊ ရရှိထားသည့် အခွင့်အရေးကို လက်မလွှတ်သင့် ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“လက်ရှိအချိန်မှာ ကျွန်မတို့ပြည်သူတွေရဲ့ တာဝန်ဟာ ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့၊ မှန်မှန်ကန်ကန်မဲ ပေးဖို့၊ ပထမဦးဆုံးအားဖြင့် မဲဆန္ဒရှင်စာရင်းမှာ ကိုယ့်နာမည်ပါရဲ့လားဆိုတာ သေသေချာချာ ကြည့်ကြပါ။ အဲဒါ နည်းနည်းတော့ ဒုက္ခခံရမှာပေါ့။ ဘယ်သူမှ ကိုယ်အိမ့်လာပြီး နာမည်ပါရဲ့လားလို့ မေးမှာမဟုတ်ဘူး။ မေးမယ့်အဖွဲ့ကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပဲ ဖြစ်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ကျွန်မတို့ ရွေးချယ်ထားတဲ့ ဒီကိုယ်စားလှယ်တွေဟာ စောစောက ပြောသလိုပေါ့နော်။ အားနည်းချက်ရှိရင် ပြည်သူက မကျေနပ်စရာဖြစ်အောင် လုပ်လို့ရှိရင် ကျွန်မတို့ပဲ ထိန်းပါမယ်။ ကျွန်မတို့ပဲ ဆုံးမပါမယ်။ ကျွန်မ တို့ပဲ ပြုပြင်ပါမယ်။ ကိုယ်စားလှယ်တွေအတွက် တာဝန်ခံပါတယ်။ သူတို့ရဲ့ ကောင်းတာ ဆိုးတာကို ကျွန်မ တို့ တာဝန်ယူပြီးတော့ ကျွန်မတို့ လုပ်သင့် လုပ်ထိုက်တာကို လုပ်ပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့ရှိ ရေဘေးသင့် ပြည်သူများထံသို့သွားရာ လမ်းတစ်လျှောက်တွင် ၎င်းအား ဒေသခံလူထုမှ ကြိုဆိုခဲ့ကြပြီး ကိုယ်စားလှယ် လောင်း ကိစ္စများ အပါအ၀င် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မင်းဘူးမြို့ရှိ မန်းသီတာဟိုတယ်၌ သြဂုတ် ၉ ရက်က ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံပြီးနောက် မင်းဘူးဒေသခံ လူထုအား ပြည်သူလူထု ၅၁ သန်းကျော်၏ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန် အသင့်ရှိနေသည့်အပြင် ကိုယ်စားလှယ်လောင်း ၁၀၀၀ ကျော်ကိုလည်း ကောင်းစွာ ကိုင်တွယ်နိုင် ကြောင်း ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List