Saturday, August 15, 2015

ကယားတွင် ကျွန်းသစ်နှင့် သစ်မာများ ထုတ်လုပ်ခွင့် KNPP တားမြစ်


ကယားပြည်နယ်အတွင်း၌ အစိုးရနှင့်နီးစပ်သည့် ခရိုနီများနှင့် အခြားစီးပွားရေး လုပ်ငန်းရှင်များကကျွန်းသစ် နှင့် သစ်မာများ ထုတ် လုပ်နေမှုကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)က သဘောထား ကြေညာချက် ထုတ်ပြန် လိုက်သည်။

အဆိုပါ ကြေညာချက်ကို သြဂုတ် ၄ ရက်မှ သြဂုတ် ၇ ရက်အထိ ကျင်းပခဲ့သည့် ၁၂ ကြိမ်မြောက် ပါတီ ကွန်ဂရက် ဗဟိုကော်မတီ ပုံမှန်အစည်းအဝေးတွင် ခေါင်းဆောင်များက သြဂုတ် ၈ ရက်မှစတင်၍ ခွင့်မပြု ရန် သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း KNPP ဒုဥက္ကဋ္ဌ ခူးဦးရယ်က ဧရာဝတီကို ပြောသည်။

“အခုက နိုင်ငံအတွင်း နေရာအတော်များများမှာ သဘာဝ ဘေးအန္တရာယ် ရေကြီးမှုဒဏ်နဲ့ ရင်ဆိုင်နေကြရ တယ်။ ဒီဒဏ်ကို ကျနော် တို့ ဒေသခံတွေ မခံစားကြရပေမယ့်လည်း ဒါတွေဟာ သဘာဝပတ်ဝန်းကျင် ပြုန်းတီးမှုကြောင့်လည်း ပါဝင်တယ်။ ဒါကြောင့် ဒီလို တားဆီး ပိတ်ပင်လိုက်တာ ဖြစ်တယ်”ဟု ခူးဦးရယ်က ပြောဆိုသည်။

ကယားပြည်နယ်အတွင်း ဒီမော့ဆို၊ ဖရူဆိုနှင့် ရှားတော အပါအဝင် စုစုပေါင်း ၅ မြို့နယ်တို့မှ ကျွန်းသစ်နှင့် သစ်မာများ အများဆုံး ထွက်ရှိပြီး လက်ရှိအချိန်ထိ သစ်တော ၈၀ ရာခိုင်နှုန်းကျော်သည် စီးပွားရေးလုပ် ငန်းရှင်များ၏ ခုတ်ယူခြင်း ခံထားရသည်ဟုလည်း ၎င်းက ပြောသည်။

လုပ်ငန်းရှင်များ အနေဖြင့် ခုတ်လှဲထားသော လက်ကျန်သစ်များကို သယ်ဆောင်နိုင်သော်လည်း ကြေညာ ချက် ထုတ်ပြန်လိုက်သည့် ၂၀၁၅  သြဂုတ် ၈ ရက် နောက်ပိုင်းမှစ၍ ကယားပြည်နယ်အတွင်း သစ်ခုတ်ယူ ခွင့်ပြုတော့မည် မဟုတ်ကြောင်း KNPP ကပြော ဆို သည်။

ကယားပြည်နယ်အတွင်း သစ်ခုတ်နေသည့် ခရိုနီများနှင့် အခြားစီးပွားရေးလုပ်ငန်းရှင်များသည် နေပြည် တော်မှ ခွင့်ပြုချက်များဖြင့် ခုတ်ယူနေခြင်းဖြစ်ကြောင်းနှင့် သစ်များ ထပ်မံခုတ်ယူ ထုတ်လုပ်မှု မပြုရန် အစိုးရနှင့် KNPP တို့အကြား ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။

“ဒီတားမြစ်မှုဟာ အစိုးရကိုရော၊ စီးပွားရေး လုပ်ငန်းရှင်တွေကိုပါ တခါတည်း အသိပေးလိုက်တာ ဖြစ်ပါ တယ်။ ကျနော်တို့ ကြေညာချက် ထုတ်လိုက်တဲ့နေ့ကစပြီး အတည်ဖြစ်ပါတယ်။ အကယ်၍ ဆက်ပြီး ခုတ်နေမယ်ဆိုရင်တော့ ကျနော်တို့ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမှာပါ”ဟု ခူးဦးရယ်က ပြောသည်။

KNPP သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဖွဲ့စည်းထားသည့် ညီညွှတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်ဖြစ်ပြီး လက်ရှိအစိုးရနှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်(NCA) ချုပ်ဆိုနိုင်ရေး ဆွေးနွေးနေ သည့် တိုင်းရင်းသား လက်နက်ကိုင်များ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD) တွင် ပါဝင်သော တိုင်းရင်းသား အဖွဲ့ဖြစ် သည်။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် KNPP သည် အစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်စဲရေးကို ပြည်နယ်အဆင့်၊ ပြည်ထောင် စု အဆင့်ဖြင့် လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်က အပစ်အခတ် ရပ်စဲရေး သဘောတူညီ ထားသော်လည်း ၃ လ အကြာ ဇွန်လ ၂၉ ရက်တွင် ပျက်ပြယ်သွား ခဲ့သည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List