လောကလူမှုဆက်ဆံရေး နယ်ပယ်မှာ မကင်းနိုင်တဲ့ ဆက်ဆံရေးတွေ အများကြီးရှိ ပါတယ်။ ပမာအားဖြင့် သားသမီးနဲ့မိဘ ဆက်ဆံရေး၊ လင်နဲ့မယား ဆက်ဆံရေး၊ ညီအစ်ကို မောင်နှမ ဆက်ဆံရေးရယ်လို့ ရှိကြတဲ့ အနက်က လူ့ဘောင်ဘ၀ ဖြစ်ထွန်းတိုးတက်မှုမှာ အဓိကကျတဲ့ ဆက်ဆံရေး တစ်ခုကတော့ ဆရာနဲ့ တပည့် ဆက်ဆံရေးပါပဲ။
“အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့၊ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ” ဆိုတာက ဆရာ့ကျင့်ဝတ်ပါ။ ဆရာက တပည့်များအပေါ် ကျေ ပွန်ရမယ့် ၀တ္တရားပါ။ ဒီဝတ္တရားတွေ ကျေ ပွန်ရင် ဆရာကောင်းပဲရယ်လို့ လောကအမြင်အရ သတ်မှတ်ကြပါတယ်။ ထို့အတူပဲ “ညီညာထကြွ၊ ဆုံးမ နာယူ၊ လာမူကြိုဆီး၊ ဌာနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ် မချွတ်ငါးခုသာ” ဆိုတာကလည်း တပည့်များ လိုက်နာရမယ့် ၀တ္တရားတွေပါ။ ဒီဝတ္တရားတွေကို စိတ်ပါလက်ပါ ကျိုးကျိုးနွံနွံနဲ့ ဆောင်ရွက်ကြ ရင်လည်း လောကအမြင်အရ တပည့်ကောင်း ဖြစ်တယ်ရယ်လို့ ချီးမွမ်းကြပါတယ်။
အမှန်လည်း ဆရာနဲ့တပည့် ဆက်ဆံရေးက အင်မတန် ကျယ်ပြန့်ပါတယ်။ ဆရာဆိုတာ တပည့်တွေအနေနဲ့ “ချစ်၊ ကြောက်၊ ရိုသေ” ရှိနေမှလည်း ကောင်းပါတယ်။ တပည့် ဆိုတာလည်း ဆရာတွေ အနေနဲ့မှာ “ချစ်သနားပြီး ကရုဏာသက်ဝင်” ရှိနေမှလည်း ကောင်းပါတယ်။ ဒီလိုမှမဟုတ်ဘဲ “ဆန်ပေးလို့ ဆီရ” လာဘ်လာဘကို မျှော်ကိုးပြီး အခကြေးငွေအရ ဆက်ဆံနေကြတဲ့ ဆရာတပည့် ဆက်ဆံရေးကတော့ ဆရာဝတ်၊ တပည့်ဝတ် ထားရှိမှု အတွေ့ရနည်းတတ်ပါတယ်။ ရှေးယခင်ကတော့ ပညာသင်တဲ့အခါ ဆရာကို ခြေဆုပ် လက်နယ်ပြုပြီး ဆရာခြေရင်းမှာ ၀ပ်ဆင်းခစားလို့ ပညာသင်ကြရပါတယ်။ ဒါကြောင့် ထင်ပါရဲ့ ရှေးကတော့ ဆရာ့အပေါ်မှာ တပည့်တွေက ချစ်၊ ကြောက်၊ ရိုသေရှိကြပါတယ်။ ဒီလို ဆက်ဆံရေး ရှိခဲ့ကြ လို့လည်း မြန်မာတွေရဲ့ လူမှုနယ်ပယ်ဟာ အဘက်ဘက်မှာ အေးချမ်းပြီး စည်းစည်းလုံးလုံး ချစ်ချစ် ခင်ခင် ရှိကြတာ တွေ့ရပါတယ်။
ဟိုစဉ်က လောကီ လောကုတ္တရာ နယ်ပယ်နှစ်မျိုးစလုံးမှာ အင်မတန်ထင်ရှားကျော်ကြားတဲ့ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တွေ အများအပြား ပေါ်ထွက်ခဲ့ရတာဟာ ဆရာကောင်းတွေရဲ့ သွန်သင်ညွှန်ပြမှုကို တလေးတစား လိုက်နာခဲ့ကြလို့ ဖြစ်သလို သူတို့ထင်ရှားကျော်ကြားမှုဟာလည်း ဆရာရဲ့အရိပ်က ကင်းလွတ်ပြီး တည်ရှိနေ တာ မဟုတ်ကြပါဘူး။ ပမာအားဖြင့် သင်္ဂဇာဆရာတော်ဟာ သူ့ရဲ့ငယ်ဆရာဖြစ်တဲ့ “ဗန်းမော်ဆရာတော်” ကို ရဟန်းပရိသတ်၊ လူပရိသတ်စုံတဲ့ အခါတိုင်း ထုတ်ဖော်ပြီး ဂုဏ်တင်လေ့ရှိပါတယ်။ သင်္ဂဇာ ဆရာတော် က ဗန်းမော်ဆရာတော်ရဲ့ တပည့်ပါ၊ ဒါကြောင်မို့ ဗန်းမော်ဆရာတော်က စကားကြွယ်သလို၊ သင်္ဂဇာဆရာ တော်ကလည်း စကားကြွယ်ပါတယ်။ ဗန်းမော်ဆရာတော်က ဥပမာ- ဥပမေယျတွေနဲ့ ပုံပြဆုံးမတတ်သလို၊ သင်္ဂဇာ ဆရာတော်ကလည်း ဥပမာ-ဥပမေယျတွေနဲ့ ပုံပြဆုံးမတဲ့နေရာမှာ ထင်ရှားပါတယ်။
ဗန်းမော်ဆရာတော် ကိုယ်တိုင်ကလည်း သူ့တပည့်တွေ စကားကြွယ်တယ်၊ စကားတတ်တယ် ဆိုရင် အင်မတန်ဂုဏ်ယူပြီး ချီးမွမ်းလေ့ရှိပါတယ်။ ဒါကိုသိတဲ့ သင်္ဂဇာဆရာတော်ဟာ အကြောင်းတိုက်ဆိုင်လို့ ဆုံတဲ့အခါတိုင်း ဆရာရဲ့ အချီးမွမ်းကိုခံယူချင်လို့ ဆရာကို စကားနိုင်အောင် ပြောလေ့ရှိပါတယ်။ ဆရာနဲ့ တပည့် ချစ်လို့ကျီစယ်တဲ့ သဘောပါ။ ဒါပေမဲ့ တစ်ခါမှတော့ နိုင်အောင် မပြောနိုင်ခဲ့ပါဘူး။ ဒါနဲ့ပတ်သက်လို့ ဖြစ်ရပ်ကလေးတစ်ခု ရှိခဲ့ဖူးတာ ပြန်ပြီးဖောက်သည် ချချင်ပါတယ်။
တစ်ချိန်က မင်းတုန်းမင်းတရားကြီး ရတနာပုံနေပြည်တော်မှာ စိုးစံတော်မူနေတဲ့ ကာလပါ။ ဗန်းမော်ဆရာ တော်က မင်းတုန်းမင်းနဲ့ မသင့်တင့်ပါဘူး။ မှန်တယ်ထင်ရင် ဘယ်သူ့မျက်နှာမှ မထောက်ဘဲ မကွယ်မ၀ှက် ပြောတတ်တဲ့ ဥာဏ်ကြောင့် တစ်ခါးသားမှာ ဗန်းမော်ကို အပို့ခံရပါတယ်။ ဗန်းမော်ကနေ မင်းပြစ်မင်းဒဏ် က လွတ်ပြီး ပြန်ကြွလာတော့လည်း ဘုရင်ကို စိတ်နာတာနဲ ရတနာပုံ နေပြည်တော်ကိုပြန်ပြီး မကြွတော့ ပါဘူး။ စစ်ကိုင်းတောင်ရိုးမှာပဲ သီတင်းသုံးပြီး နေပါတယ်။ တပည့်ဖြစ်တဲ့ သင်္ဂဇာဆရာတော်ကလည်း ဗန်းမော်ဆရာတော် သီတင်းသုံးရာကျောင်းနဲ့ မနီးမဝေး ကျောင်းတစ်ခုမှာ သီတင်းသုံးနေစဉ်အခိုက် အဲဒီခေတ်က စစ်ကိုင်းမြို့မှာ ထုံးစံတစ်ခု ရှိပါတယ်။ ၀ါဆိုလပြည့်နေ့ကစပြီး ၀ါတွင်းသီတင်း ဥပုသ်နေ့တိုင်း မှာ ဘုရားဆွမ်းတော်ကြီး ကပ်လှူပွဲနဲ့ သံဃာတော်များကို ဆွမ်းဆန်စိမ်းနဲ့ စာရေးတံမဲ လှူဒါန်းကြတဲ့ ပွဲပါ။
ဒီလိုစာရေးတံမဲ လှူဒါန်းတဲ့အခါ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသူတွေက ဆန်အိတ်လိုက်၊ ဆီပုံးလိုက်၊ ငါးပိ၊ ငါးခြောက်၊ ငရုတ်သီး၊ ကြက်သွန်တောင်း၊ ပြည့်ပြည်စုံစုံ ပေါပေါများများ ထည့်ဝင်လှူဒါန်း ကြပါတယ်။ အကယ်၍ သူတို့လှူတဲ့ ပဒေသပင်မဲ ပေါက်ခဲ့လျှင်လည်း မဲကျတဲ့ ကိုယ်တော်ကို လှည်းဦးမှာတင်ပြီး ပဒေသာပင်နဲ့တကွ ကျောင်းတိုက် အရောက် စည်စည်ကားကား လိုက်ပို့ဆောင်ပေးတတ် ကြပါတယ်။
အဲ့ ဆင်းရဲသားတွေကိုတော့လည်း ဆန် နို့ဆီဘူး၊ တစ်လုံးစ၊ နှစ်လုံးစ၊ ငါးပိငါးခြောက်က ပါလေကာ ကြက်သွန်၊ ငရုတ်သီးကအစ အနည်းအပါးကို အိတ်ကလေးထဲစုထည့်ပြီး လှူဒါန်းတတ်ကြတာမို့ မဲကျတဲ့ ကိုယ်တော် မနစ်နာရလေအောင် ကိုးဦး ၁၀ ဦး ပေါင်းစုပြီး စုပုံမဲလို့ အမည်တပ်ပြီး လှူဒါန်းကြပါတယ်။ တစ်နှစ် သံဃာဆွမ်းလောင်းပွဲမှာတော့ စာရေး တံမဲနှိုက်ကြတဲ့အခါ ဆရာဖြစ်တဲ့ ဗန်းမော်ဆရာကြီးက ခတ်ညံ့ညံ့ စုပုံမဲတစ်ခု ပေါက်ပါတယ်။ တပည့်ဖြစ်တဲ့ သင်္ဂဇာဆရာတော်ကတော့ အောင်ဘာလေလို့ခေါ်တဲ့ အကောင်းဆုံး ပဒေသာပင်ကြီးကို လှည်းပေါ်တင် သင်္ဂဇာဆရာ ဆရာတော်ကို လှည်းပေါ်ပင့်ပြီး စည်စည် ကားကားနဲ့ ကျောင်းတိုက်အရောက် လိုက်ပို့ ဖို့ပြင်ကြပါတယ်။ သင်္ဂဇာဆရာတော်က လှည်းပေါ်ရောက်တဲ့ အခါ အကြံ တစ်ခု ဖြစ်တာနဲ့ တပည့်ဒကာ၊ ဒကာမတွေကို ဒီလို စကားဆိုပါတယ်။
“ဒကာတို့ ဗန်မော်ဆရာတော်ဆိုတာ ဘုန်းကြီးရဲ့ ဆရာအရင်းပဲ။ စကားအရာမှာတော့ တို့ဆရာကို နိုင်အောင်ပြောနိုင်တဲ့ တပည့်ကို အင်မတန် သဘောကျပြီး ချီးကျူးလေ့ ရှိပါတယ်။ ဒီနေ့တော့ ငါ့ဆရာက ငါ့ကိုချီးမွမ်းတာ ခံရအောင် ပြောစရာ စကားစဉ်းစားမိထားတာ ရှိပါတယ်။ ဒါကြောင့် ဆရာတော်ကို မီအောင် လှည်းကိုမြန်မြန် မောင်းကြစမ်းကွဲ့” လို့ အမိန့်တော် ရှိတော်မူပါတယ်။
ဗန်းမော်ဆရာတော်က ခြေလျှင်ကြွတော်မူတာမို့ မကြာခင်မှာပဲ သင်္ဂဇာဆရာတော်စီးလာတဲ့ လှည်းက မီလာတဲ့အခါ သင်္ဂဇာဆရာတော်က လှည်းပေါ်ကဆင်းပြီး ဗန်းမော်ဆရာတော်ကို ၀တ်ဖြည့်ပါတယ်။ ပြီးတဲ့နောက် မသိချင်ဟန်ဆောင်ပြီး “ဆရာတော် ဘာမဲကျပါသလဲဘုရား” လို့ လျှောက်ပါတယ်။ ဒီတော့ ဗန်မော်ဆရာတော်က အလေးမထားဟန်နဲ့ “တို့တော့ ပေါ့ပေါ့ပါးပါး စုပုံမဲကလေးပဲ ရခဲ့သကွဲ့” လို့ ဖြေပါတယ်။ ဒီတော့ သင်္ဂဇာ ဆရာတော်က ၀ံ့ဝံ့ကြွားကြွားဟန်နဲ့ “တပည့်တော်တော့ ပထမတန်းစား အောင်ဘာလေ ပဒေသာပင်မဲ ပေါက်ပါတယ်ဘုရား” လို့ လျှောက်တဲ့အခါ “အေးအေး၊ ကောင်းပါလေကွာ” လို့ဆိုပြီး သင်္ဂဇာဆရာတော် မဲပေါက်တဲ့ အောင်ဘာလေ ပဒေသာပင်ကြီးရှိရာ လှည်းဆီကို ဗန်းမော်ဆရာ တော်က လှမ်းကြည့်တော်မူပါတယ်။
ဒီအခါ အကွက်ဆိုက်ပြီလို့ တွေးမိတဲ့ သင်္ဂဇာဆရာတော်က “ဆရာတော်ဘုရား သည်တစ်ခါတော့ ဆရာက တပည့်ထက် ဘုန်းကံနည်းတယ်လို့ ဆိုနိုင်တာပေါ့ဘုရား” လို့ ပြုံးပြီးလျှောက်တဲ့အခါ ဗန်းမော်ဆရာတော်က ရယ်ပြုံးတော်မမူဘဲ “အင်း မောင်သင်္ဂဇာ ဗုဒ္ဓ၀င်ကို အသေအချာ မလေ့လာဘူးဘဲကိုး” လို့ မှတ်ချက်ပြုပါ တယ်။ “ဘယ်အချက်များ မေ့နေလို့ပါလဲ ဘုရား အမိန့်ရှိတော်မူပါဦး” လို့ တောင်းပန်တဲ့အခါ “အင်း ကဿပ ဘုရားရှင် လက်ထက်တော် အခါက စာရေးတံမဲ လှူဒါန်းပွဲတစ်ခုမှာ အများစု ရဟန်းတော်တွေက ဘုရင်တေ၊ွ အမတ်တွေ၊ ၀န်ကြီးတွေ၊ သူဌေးကြီးတွေ လှူဒါန်းတဲ့ ဆွမ်းကို စားဖို့အတွက် စာရေးတံမဲ ကျကြတယ်။ ဒါပေမဲ့ အင်မတန် ဘုန်းတော်ကြီးမြတ်တော်မူတဲ့ ကဿပဘုရားရှင်ကတော့ ဆင်းရဲသား မဟာဒုတ်ရဲ့အိမ်မှာ ဆွမ်းစားဖို့ စာရေးတံမဲကျတာ ကဿပဘုရားရှင်ဟာ ဘုန်းကံနည်းလို့လားဗျာ” လို့ မိန့်တော်မူတဲ့အခါ “မပြော ၀ံ့ပါ ဘုရား” လို့ သင်္ဂဇာဆရာတော်က ပြန်ပြီး လျှောက်ပါတယ်” အေး အဲဒါဟာ မဟာကရုဏာရှင် ဖြစ်တော်မူလို့ ဆင်းရဲသားကို ချီးမြှောက်လိုတဲ့အတွက် ဆင်းရဲသား “မဟာဒုတ်” ကို ရွေးလိုက်တာပါပဲဗျာ” လို့ မိန့်ပြီး ဗန်းမော်ဆရာ တော်ကြီးက ရှေ့ခရီးကိုဆက်ပြီး ကြွသွားတော်မူပါတယ်။
ဒီလို ဗန်းမော်ဆရာတော်ကြီး ကြွသွားတော်မူတဲ့အခါ သင်္ဂဇာဆရာတော်က နောက်နားမှာပါလာတဲ့ ဒကာ၊ ဒကာမများ ဘက်ကို ပြုံးပြုံးကြီး လှည့်ကြည့်ရင်း “အေး ဒီတစ်ခါလည်း မနိုင်ပြန်ဘူးဟေ့၊ မနိုင်တဲ့အပြင် သူမဲညံ့တဲ့ အတွက်တောင် သူကိုပဲပိုပြီး ကြည်ညိုရတော့မလိုလို၊ ကိုယ်ကမဲကောင်း ရတဲ့အတွက် ရှက်ရတော့ မလိုလိုတောင် ဖြစ်နေပါပြီကွယ်တို့” လို့ ညည်းတော်မူပါတယ်။
တပည့်ဆိုတာ ဆရာကို ချစ်လည်း ချစ်ရပါတယ်၊ ကြောက်လည်း ကြောက်ရပါတယ်၊ ရိုလည်း ရိုသေရပါ တယ်။ တချို့တပည့်တွေက ဆရာကို ချစ်တော့ချစ်ပါရဲ့ မကြောက်ဘူး။ မကြောက်တော့ ရိုသေရကောင်း မှန်း မသိဘူး။ တချို့ကျတော့လည်း ကြောက်လွန်းလို့ ရိုသေလိုက်ရတာ။ ဒါပေမဲ့ ရင်ထဲကတကယ် မချစ် ဘူး။ တချို့ကျတော့ ဆရာကို ချစ်လည်း မချစ်ဘူး၊ ကြောက်လည်း မကြောက်ဘူး၊ ရိုသေရကောင်းမှန်း တောင် မသိတော့ ဆရာကိုတောင် ကာပြန်တတ်ကြပါတယ်။
လောကမှာ ဆရာဆိုတာ တပည့်ရဲ့ ဓားသွေးကျောက်ဆိုလည်း ဟုတ်ရဲ့၊ ဖယောင်းတိုင်ဆိုလည်းဟုတ်ရဲ့၊ နောက်ဆုံး နင်းတက်စရာ ပခုံးတစ်ဖက် ဖြစ်ချင်လည်း ဖြစ်တတ်ပါတယ်။ ဓားသွေးကျောက်ရဲ့ တန်ဖိုး၊ ဖယောင်းတိုင်မီး အလင်းရောင်ရဲ့ တန်ဖိုး၊ ပခုံးကလေး တစ်ဖက်ရဲ့တန်ဖိုးကို တကယ်သိမှ တပည့် ကောင်းလည်းဖြစ်မှာပါ။ လောကလည်း ပန်းတွေ ပွင့်မှာပါ။ သာယာတဲ့ မိုးကောင်းကင်ကြီးကိုလည်း အမြဲမြင်တွေ့ကြရမှာပါလို့ ပြောချင်ပါတယ်။ ဆရာ့ထက်တော်သော တပည့်များဖြစ်အောင် ကြိုးစားရင်း နဲ့ တိုင်းပြည်အကျိုးကို ဆောင်ရွက်နိုင်တဲ့ လူချွန်၊ လူကောင်းလေးတွေ များများပေါ်ထွက် နိုင်ပါစေလို့ တကယ်စိတ်ရင်း အမှန်နဲ့ ဆန္ဒပြုလိုက် ပါတယ်။
Eleven Media Group
No comments:
Post a Comment