Thursday, August 13, 2015

ကိုးကန့်ကလွဲရင်တော့ ကျန်တာ အဆင်ပြေနိုင်စရာရှိတယ်- ဦးလှမောင်ရွှေ


အစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအကြား ရရှိပြီးဖြစ်တဲ့ “တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးစာချုပ်”ကို လက်မှတ်ရေးထိုးရာမှာ ပါဝင်မယ့် အဖွဲ့အစည်းတွေကိစ္စ ဆွေးနွေးရေးအတွက် တိုင်းရင်း သား လက်နက်ကိုင်ထိပ်သီးခေါင်းဆောင်တွေနဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မကြာခင်ရက်ပိုင်းအတွင်း နေပြည်တော်မှာ တွေ့ဆုံကြဖွယ်ရှိနေပါတယ်။

စာချုပ်ကိုပါဝင်လက်မှတ်ရေးထိုးကြတဲ့အခါ အစိုးရဘက်က အသိအမှတ်ပြုတဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ ၁၅ ဖွဲ့ဖြစ်ပြီး တိုင်းရင်းသားတွေဘက်က ၂၁ ဖွဲ့ လက်မှတ်ရေးထိုး လိုကြတာဖြစ်ပါတယ်။

သြဂုတ်လ ၇ ရက်နေ့က  ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့တို့ အကြား  တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် ပါရှိသည့် အချက်အလက်များ အနက် ပါဝင်လက်မှတ်ရေးထိုး မည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကိစ္စမှအပ စာချုပ်ပါ အချက်အလက် အားလုံးကို ညှိနှိုင်းသဘောတူညီမှု ရရှိခဲ့သည်။”လို့ ပူးတွဲ ကြေညာနိုင်ခဲ့ပါတယ်။

နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာ ပြည်တွင်းစစ်သက်ဆိုးရှည်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီတခုတည်းသော ကွဲလွဲ ချက်ကို ဘယ်လိုကျော်လွှားကြမလဲ။  နှစ်ဘက်စလုံးက မူပိုင်းဆိုင်ရာ အလျော့အတင်း ဘယ်လောက်လုပ် နိုင်ကြမလဲဆိုတာ လာမယ့်သီတင်းပတ်အတွင်း မြင်တွေ့ ကြရဖွယ် ရှိပါတယ်။

၂၀၁၁ ခုနှစ် မတ်လမှာ အစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်လာတဲ့  သမ္မတ ဦးသိန်းစိန်ဟာ သြဂုတ်လ (၁၈) ရက် မှာ တရားဝင် ငြိမ်းချမ်းရေးကမ်းလှမ်း ခဲ့တာကြောင့် လာမယ့် ၁၈ ရက်နေ့ဆို လေးနှစ်ပြည့်တော့မှာပါ။  ဒီကာလအတွင်း ဆွေးနွေးပွဲညှိနှိုင်းမှုအဆင့်ဆင့်ကို ဖြတ်ကျော်ခဲ့ကြ ပြီးတဲ့နောက် သြဂုတ်လ ၈ ရက်နေ့မှာ လက်မှတ်ထိုးမယ့်အဖွဲ့အရေ အတွက်ကလွဲလို့ ကျန်တဲ့ အချက် အကုန်လုံးကို သဘောတူညီနိုင်ခဲ့ကြ ပါတယ်။

ပလောင် တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့၊ ရက္ခိုင့် တပ်မတော်၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (ကိုးကန့်တပ်မတော်)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး၊ ၀အမျိုးသားအဖွဲ့ချုပ်နဲ့ ရခိုင်အမျိုးသား ကောင်စီ ၆ ဖွဲ့ကို ပါဝင်လက်မှတ်ရေးထိုးဖို့ အစိုးရဘက်က ထည့်သွင်း သတ်မှတ်ထားခြင်း မရှိတဲ့အပေါ် ဆွေးနွေးကြဖို့ဖြစ်ပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအရာရှိ ဦးလှမောင်ရွှေကို ဆက်သွယ်မေးမြန်းထား ပါတယ်။

အန်စီအေလက်မှတ်ထိုးမယ့်အဖွဲ့တွေနဲ့ပတ်သက်လို့ သဘောတူညီချက်မရ သေးဘူး။ အဲဒီအပေါ် ညှိနှိုင်း တဲ့ဖြစ်စဉ်နောက်ဆက်တွဲကို ပြောပြပါခင်ဗျာ။

“ကျနော်တို့ဘက် (အစိုးရဘက်) က ၁၅ ဖွဲ့ကို ဖိတ်တယ်ပေါ့ဗျာ။ ကျန်တဲ့အဖွဲ့ကိုလည်း ချန်တာမဟုတ်ဘူး ဗျာ။ အဆင့်လိုက်သွားဖို့ပေါ့။ ကျနော်တို့ဘက်က လောလောဆယ်ပေါ့ဗျာ အစိုးရပေါ်လစီက လုံးလုံးကို လက်မခံနိုင်တာက သူက ကိုးကန့်ဖြစ်နေတယ်။ ကိုးကန့်က လွဲရင်တော့ ကျန်တဲ့ကိစ္စမှာ သူက အေအန်စီ (ရခိုင်အမျိုးသားကောင်စီ) ရယ်၊ အယ်လ်ဒီယူ (လားဟူဒီမိုကရက်တစ်ယူနီယံ) ရယ်၊ ဒဗလျှူအယ်အန်အို (၀အမျိုးသားအဖွဲ့ချုပ်) ကိုတော့ သူက political dialogue မှာ တက်ဖို့ ၀န်ကြီးဦးအောင်မင်းတို့က ကမ်းလှမ်း တယ်။ 

အဲဒီ ၃ ဖွဲ့ပေါ့။ တီအန်အယ်လ်အေကတော့ Bilateral (တဖွဲ့ချင်း) ဆက်သွားဖို့ ပေါ်လစီရှိတယ်။ Bilateral Agreement (တဖွဲ့ချင်း သဘောတူညီချက်)  လုပ်ပြီးရင်တော့ အန်စီအေ Join ပါဝင် လို့ရတာပေါ့။ အဲဒီတော့ အေအေ (ရခိုင်အမျိုးသားတပ်မတော်) ကလည်း ခုနတုန်းက အားလုံးက လက်ခံရင်တော့ သူတို့က ဆက်ညှိလို့ရတဲ့သဘောဆိုတော့ ကျနော်ထင်တာ except the kokant ကိုးကန့်ကလွဲရင်တော့ ကျန်တာ အဆင်ပြေနိုင်စရာရှိတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေကတော့ ဦးအောင်မင်း ပေးတာက အစိုးရ ပေါ်လစီပဲ။ ဒါပေမယ့် သူတို့က သမ္မတကို တွေ့ချင်တယ်ဆိုရင်တော့ သူ ကြိုးစားစီစဉ်ပေးမယ် အဲဒီအဆင့်ပဲရှိတယ်။ 

ဒါပေမယ့်မီဒီယာမှာ ပုံပေါ်နေတာက သမ္မတနဲ့ပဲ သွားပြီးဆွေးနွေးပြီးညှိမလို့ဆိုတဲ့ပုံစံမျိုးလို့ ပေါ်နေတယ် ပေါ့နော်။ ကျနော်မြင်တာကတော့ တွေ့တာကတော့ ဒီဘက်ကတော့ မိတ်ဝတ်မပျက်ရယ်၊ သူတို့အကောင်း ဆုံး ကြိုးစားပြီးတော့ တွေ့မှာပါ။ တွေ့မယ်ထင်တယ် တွေ့မယ်။ ဒါပေမယ့် ပေါ်လစီပြောင်းဖို့တော့ တော် တော်လေး ခက်မလားပေါ့ အဲဒါတော့ ဆွေးနွေးကြည့်မှ သိမှာပေါ့။

သမ္မတကို တွေ့ဆုံရာမှာ တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေ တွေ့ကြမယ်ဆိုတာ ဟုတ်ပါသလား။ ဘယ်သူတွေက ဘယ်သူတွေနဲ့ တွေ့ကြမှာပဲဗျ။

“သူတို့ပြောနေတာ သူတို့အဆိုပြုနေတာက သူတို့ဘက်က ထိပ်သီး ၅ ဖွဲ့ဆိုတာ ကေအဲန်ယူ (ကရင်အမျိုး သားအစည်းအရုံး) ရယ်၊ ကေအိုင်အို (ကချင်လွတ်လပ်ရေးအဖွဲ့) ရယ်၊ အက်စ်အက်စ်ပီပီ (ရှမ်းပြည်တိုးတက် ရေးကောင်စီ)ရယ်၊ ကေအဲန်ပီပီ (ကရင်နီအမျိုးသား တိုးတက်ရေးပါတီ)ရယ်၊ အန်အမ်အက်စ်ပီ (မွန်ပြည် သစ်ပါတီ)ရယ် အဲဒီ ၅ ဖွဲ့က ခေါင်းဆောင်ပေါ့ဗျာ ဘယ်သူလဲတော့မသိဘူး ၅ ဦးနဲ့ အက်စ်ဒီ (အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့) ခေါင်းဆောင် ၃ ယောက်နဲ့ လာတွေ့လိုတယ်လို့ ဦးအောင်မင်းကို သူတို့ အဆိုပြုထား တယ်။ ဦးအောင်မင်းလည်း ဒါကို အကောင်းဆုံးကြိုးစားပေးပါ့ မယ်ဆိုတာတော့ရှိတယ်။ ရက်စွဲတော့ ကျနော်တို့ ကွန်ဖန်းတော့ မလုပ်နိုင် သေးဘူး။”

တိုင်းရင်းသားခေါင်းဆောင် ရှစ်ဦးက ဘယ်သူတွေနဲ့ပေါ့နော် အစိုးရဘက်က၊ တပ်ဘက်က ဘယ်သူတွေနဲ့ တွေ့ချင်တာလဲ။

“ကျနော်နားလည်တာကတော့ ဟိုတနေ့က ဒီအိုစီတွေ့သလိုပေါ့၊ သမ္မတကြီး ကို သီးခြားတွေ့မယ်၊ တပ်ချုပ် ကို သီးခြားတွေ့မယ် အဲဒီသဘောလို့ပဲ ကျနော် နားလည်တယ်။”

စက်တင်ဘာလဆိုရင် အစိုးရကလည်း အားမှာမဟုတ်ဘူးဆိုပြီး ၀န်ကြီး ဦးအောင်မင်း ကလည်း ပြောထား တယ်ဆိုတော့ ရက်ကလည်း နည်းနည်းပဲကျန်တော့တယ်လေ။

“သြဂုတ်လမကုန်ခင် တွေ့မယ်ဆိုရင်တော့ သြဂုတ်လမကုန်ခင် တွေ့မှာပါ။ တွေ့ဖို့လည်း များတယ်လို့ထင်ပါ တယ်။ ရက်စွဲသာ ကျနော် မပြောနိုင်တာ။ ဒါပေမယ့် အစိုးရကတော့ ခင်ဗျားလည်း သိတာပဲဗျာ အစိုးက ဒီလမကုန်ခင်မှာ  အန်စီအေ (ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်) ကို သတင်းစာထဲမှာ ထည့်ပြီးကြော်ငြာ မယ်လို့ပဲ ကျနော်နားလည်တယ်။ ပြီးရင်တော့ နောက် တိုင်းရင်းသားတွေ တွေ့တာလည်း တွေ့တာပဲ။ သူ့ပ ရောဆက်ကတော့ သူ့ဟာသူ ဆက်သွားနေတာပဲ။ ဆက်သွားနေတဲ့အတွက် စက်တင်ဘာလ ပထမပတ်၊ ဒုတိယပတ်မှာ လက်မှတ်ထိုးဖို့ဟာလည်း သူ့အနေနဲ့ ဆက်သွားမှာပဲ။ ”

အစိုးရက အန်စီအေကို ကြေညာမယ်ဆိုတာ ဦးအောင်မင်းတို့၊ ဦးလှမောင်ရွှေတို့ ကနဦးပြောတဲ့အတိုင်း အန်စီအေစာချုပ်ကို တံခါးဖွင့်ထားမယ်၊ ကြိုက်တဲ့အဖွဲ့လာထိုးကြ ဆိုတာလား။

“မဟုတ်ဘူးလေ၊ ဆိုလိုတာက ဦးအောင်မင်းက ခုန ၁၅ ဖွဲ့ကို သူက ဖိတ်ခေါ်လိုက်တယ်ဗျာ။ အဲဒီပေါ်လစီ ကို အက်စ်ဒီအနေနဲ့ကတော့ ခုနလိုပေါ့ဗျာ ထပ်ပြီးတော့ သမ္မတတို့ဘာတို့ လာတွေ့ချင်တယ်ဆိုတော့ ဒါဆိုလည်း ရပါတယ် လာတွေ့ဖို့ ကျနော်ကြိုးစားစီစဉ်ပေးမယ်ဆိုတဲ့ အဓိပ္ပာယ်အထိပဲ ကျနော်နားလည် တယ်။ အဲဒီတော့ သမ္မတနဲ့တွေ့လို့ ပေါ်လစီက ပြောင်းတယ် မပြောင်းဘူးကတော့ အဲဒီတော့မှ သိမှာပေါ့ ဗျာ။ သို့ပေမယ့် ပြောင်းဖို့ကတော့ ခုနကျနော်ပြောတာ အနည်းငယ်ခက်မှာပေါ့။ ဘာကြောင့်တုန်းဆိုတော့ အဖွဲ့အစည်းသုံးဖွဲ့လိုဟာမျိုးကိုထိုးရင်လည်း ဒါဟာ အဲလိုမျိုး စောင့်ကြည့်နေတဲ့ အဖွဲ့ငယ်လေးတွေအများကြီး ပေါ်လာတာ မျိုးလည်း အစိုးရဘက်က စိတ်ပူကောင်းလည်း ပူမှာပေါ့ဗျာ။ အဲဒီတော့ ဒီပေါ်လစီကတော့ တပ်မတော်ဘက်ကရော၊ အစိုးရဘက်ကရော ချထားတာဖြစ်တော့ ပေါ်လစီပြောင်းဖို့ကတော့ ခက်မယ်လို့ ပဲ ထင်တယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ပြည်ထောင်စုဘက်ကတော့ အကောင်းဆုံး ကြိုးစားပြီးတော့ တော့ လုပ်မှာပါပဲ။”

အခုရှင်းသွားပုံအရဆို အစိုးရဘက်က သဘောထားက ကိုးကန့်ကိစ္စမှာတော့ တော်တော်လေးကို တူးတူးခါး ခါးဖြစ်နေတဲ့သဘောဖြစ်နေတာပေါ့နော်။

“ဆိုလိုတာကတော့ဗျာ ကျနော်လည်း policy maker (မူချမှတ်သူ) မဟုတ်တော့ ပေါ်လစီကို မ change (ပြောင်းလဲ) ဘူးလို့တော့ မပြောပါဘူး။ ဒါပေမယ့် တော်တော်ခက်မယ်လို့ပြောတာ။ တော်တော်ခက်မယ်။ ကိုးကန့်ကတော့ မဖြစ်နိုင်သလောက်လို့ ပြောရမလား မသိဘူး။ ကျန်တဲ့အဖွဲ့တွေကတော့ သူတို့ပြောကြည့် ရင်တော့ ယုံကြည်မှုတော့ ပိုရလာမယ်လို့ ထင်ပါတယ် ပေါ်လစီပြောင်းတာ မပြောင်းတာထက်။ ကျနော်ဆို လိုတာကတော့ အစိုးရဘက်ကလည်း  အကောင်းဆုံးသူတို့ ပြုမူဆက်ဆံပြီးတော့ ရှင်းပြမှာပါ။ ရှင်းပြတော့ ယုံကြည်မှု ဘယ်လောက် ထပ်ရသလဲသာ ကျနော်မသိဘူးဗျ။ ဒါပေမယ့် အစိုးရကတော့ သူစဉ်းစားထားတဲ့ အတိုင်း ပြောသလို ဆက်သွားမယ်ထင်တယ်။ ဦးအောင်မင်းပြောတာကတော့ တွေ့ပေးဖို့လည်း သူကြိုးစား မယ်ဆိုတော့ တွေ့မှာပါ ဒါပေမယ့် ရက်သာ မရသေးတာ။”

DVB

No comments:

Post a Comment

My Blog List