Friday, August 14, 2015

ကြံ့ခိုင်ရေး အကွဲအပြဲ ဂယက် ဘယ်လိုဆက်ဖြစ်မလဲ


သူရဦးရွှေမန်းကို ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားခံ လိုက်ခြင်းသည် သတင်းလောကမှာ လှုပ်ရမ်း သွားပြီး အာဏာရ ပါတီတွင်း အားပြိုင်ပွ္ဗဲတွင် လက်ရှိ သမ္မတ ဦးသိန်းစိန် ထောက်ခံသူ အုပ်စု အသာစီး ရခြင်းဖြစ်သည်။

“USDP အတွင်းနောက်ဆုံးဖြစ် ပေါ်ခဲ့သောဖြစ်စဉ်များအပေါ် အများပြည်သူနှင့် မီဒီယာ အမြင်တွင် ပြုပြင် ပြောင်း လဲရေးလိုလားသူ ဦးရွှေမန်း အရေးနိမ့်သွားသည်ဟုထင်မြင်ယူဆပြီး ပြည်သူလူထုနှင့် အတိုက်အခံ ဒီမိုကရက် အင်အားစုများ ဂရုဏာသက်မှုကို ရရှိနှိုင်ခြေရှိပါသည်။ 

သို့ဖြစ်ရာ… ရှုံးသော်လည်းနိုင်သည်ဟုဆိုနိုင်ပါသည်” ဟု သီပေါမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးရဲထွန်းက သူ၏ ဖေ့စ်ဘုတ်တွင် မှတ်ချက် ရေးထားသည်။

ကြံ့ခိုင်ရေး ပါတီ ဥက္ကဌ သူရ ဦးရွှေမန်းနှင့် အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းအပါအဝင် တချို့သော ပါတီ ထိပ်တန်း ခေါင်းဆောင် များအား ဦးဌေးဦးအပါအဝင် အခြား ပါတီ ထိပ်တန်း ခေါင်းဆောင်များက လက်ဦးမှုယူ ဖယ်ရှား လိုက်ခြင်း ဖြစ်ပြီး ပါတီ ထိပ်ပိုင်း ခေါင်းဆောင်သစ် အတွက် ယနေ့ နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ဌာနချုပ်တွင် အစည်း အဝေး ကျင်းပနေရာ နောက်ဆုံး ရရှိ သော သတင်းများအရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ အဖြစ် လက်ရှိ သမ္မတ ဦးသိန်းစိန်နှင့် အတူ ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက တွဲဖက် တာဝန်ယူမည်ဖြစ်သည်။

ထိုသို့ ဦးရွှေမန်းကို ပါတီ ခေါင်းဆောင်အဖြစ်မှ ရုပ်သိမ်းလိုက်ခြင်းသည် ပြည်ထောင်စု လွှတ်တော် နာယကနှင့် ပြည်သူ့ လွှတ်တော် ဥက္ကဌ တာဝန်များကို အချိန်ပြည့် တာဝန်ထမ်း ဆောင်နေ ရသူဖြစ်၍ ပါတီကိစ္စ ပိုမို အားစိုက် လုပ်ဆောင် နိုင်ရန် ပါတီ ဥက္ကဋ္ဌ ဖြစ်သည့် သမ္မတ ဦးသိန်းစိန်က ဦးရွှေမန်းအစား ဦးဌေးဦးကို ပြောင်းလဲ တာဝန်ပေးခြင်း ဟု ကြံ့ခိုင်ရေး က သတင်းထုတ်ပြန်သည်။

ပါတီခေါင်းဆောင်ပို်င်း ကြီးမားသည့် အပြောင်းအလဲ လုပ်ဆောင်မှုသည် သမ္မတ ဦးသိန်စိန် လက်မှတ်ရေုး ထိုး ထုတ်ပြန်သည့် အစိုးရ ဝန်ကြီး ၄ ဦး နုတ်ထွက် ခွင့်ပြုမိန့်၊ ဝန်ကြီး ၂ ဦးနှင့် ဒု ဝန်ကြီး ၂ ဦး မူလ တပ်မတော် တာဝန်ထမ်းဆောင် ခွင့်ပြုမိန့်၊ ဒုဝန်ကြီး ၄ ဦး နုတ်ထွက်ခွင့်ပြုမိန့်များ ထုတ်ပြန်သည့် သြဂုတ် လ ၁၂ ရက်နေ့ညပိုင်း နေပြည်တော်ရှိ ကြံ့ခိုင်ရေး ပါတီဌာနချုပ်ရုံးအတွင်း လှုပ်ရှားမှုများနှင့် အတူ ထွက် ပေါ်လာခဲ့သည်။

ကြံ့ခိုင်ရေးပါတီ၏ သြဂုတ်လ ၁၂ ရက်နေ့ ရွေးကောက်ပွဲကိုယ်စားလှယ်များ ကြိုဆိုတွေ့ဆုံတွင် မဲဆန္ဒနယ် ၁၁၇၁ နေရာရှိသည့် အနက် ၁၁၄၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ထုတ်ပြန်ပြောဆိုခဲ့ပြီး တိုင်းရင်းသား ဒေသ မဲဆန္ဒနယ် ၃၂ နေရာတွင် ရွေးကောက်ပွဲ မဝင်ဟု ဆိုသည်။ ပါတီအထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်းက သမ္မတ ဦးသိန်းစိန်နှင့် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းတို့ လာမည့် ရွေးကောက်ပွဲ တွင် ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ဝင်ရောက်ရွေးချယ်ခံမည် မဟုတ်ဟု ပြောဆိုခဲ့သည်။

သမ္မတ ဦးသိန်းစိန်၏ ၂၀၁၀ ရွေးကောက်ပွဲကာလ မဲဆန္ဒနယ်ဖြစ်သော ဇဗ္ဗူသီရိ မဲဆန္ဒနယ်အတွက် ဆက်သွယ်ရေး ဝန်ကြီး ဦးမြတ်ဟိန်းအား ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဟုလည်း ထုတ်ဖော် ပြော ဆိုခဲ့သည်။ တဆက်တည်း မြန်မာစံတော်ချိန် ည ၈ နာရီသတင်းတွင် ဝန်ကြီး ဦးမြတ်ဟိန်း အပါအဝင် ဝန်ကြီး ၄ ဦးအား ရာထူးမှ နှုတ်ထွက်ခွင့်ပြုသည့် အမိန့်ကို သမ္မတ ဦးသိန်းစိန်က ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသူတို့မှာ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ကြရန်အတွက် လက်ရှိ ရာထူး တာဝန်များကို စွန့်လွှတ် ကြခြင်း ဖြစ်မည်။ အခြား ထူးခြားသည့် အခင်းအကျင်းမဟုတ်တန်ရာ။

ယခုဖြစ်ပျက်နေသည့် နိုင်ငံရေး အခင်းအကျင်းသည် မြန်မာပြည်နိုင်ငံရေးတွင် ပုံမှန်အတိုင်း အေးချမ်းတည် ငြိမ်စွာ ဆက်လက် သွားမည်ဟု အခြေအနေရှိသည်။ နိုဝင်ဘာ ၈ ရက်နေ့ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကိုလည်း ပုံမှန်ကြေညာထားတဲ့ အတိုင်း ကျင်းပနိုင်သေးသည့် လက္ခဏာများ မြင်ရသည်။

စစ်တပ်က အာဏာသိမ်းမည်ဆိုသည့် ခန့်မှန်းချက်များ လွဲချော်နိုင်သည်။ အဘယ်ကြောင့် ဆိုသော် စစ်တပ် က အာဏာသိမ်းစရာမလိုလောက်အောင် အသာစီးရသွားပြီဖြစ်သည်။ကြံ့ခိုင်ရေးပါတီသည် မြန်မာစစ်တပ် က ဖွဲ့စည်းပေးခဲ့သည့် ပါတီလည်း ဖြစ်သည်။ ပါတီထိပ်ပိုင်း ခေါင်းဆောင်များနှင့် အဓိကတာဝန်ယူထားသူ များမှာ တပ်မတော် အရာရှိများလည်း ဖြစ်သည်။

သူရ ဦးရွှေမန်းက လာမည့် သမ္မတသက်တမ်းအတွက် ကြံ့ခိုင်ရေးပါတီမှ ရွေးကောက်တင်မြှောက်သည့် သမ္မတဖြစ်ရန် ရည်ရွယ်ခဲ့သည်။ သို့သော် လက်ရှိ သမ္မတ ဦးသိန်းစိန်နှင့် ဦးရွှေမန်းအကြား အားပြိုင်မှုသည် အထွဋ် အထိပ်သို့ ရောက် လာခဲ့ပြီး ဦးရွှေမန်း အရေးနိမ့်သွားသည်။

အထင်ရှားဆုံး မြင်တွေ့ရသည်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးစားမှုများနှင့် တဆက်တည်း ၄င်း၏ မဲဆန္ဒ နယ်မှ တပ်မတော် သားမိသားစုများက လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းပေးရန် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ထံစာတင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် သူရ ဦးရွှေမန်းက ဘီဘီစီသတင်းဌာနနှင့် အင်တာဗျူးတွင် “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အား ပြင်ဆင် ရန် ကြိုးပမ်းခဲ့မှုအတွက် ဇေယျာ သီရိမြို့နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်း ပေးပါရန် အနည်းငယ်သော တပ်မတော်သားအချို့မှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြား ခဲ့မှုအပေါ် မိမိသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုး အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင် ရန် ကြိုးစားဆောင် ရွက် ခဲ့ခြင်း သာဖြစ်၍ မိမိ အနေဖြင့် တာဝန်ယူနိုင် ကြောင်းနှင့် ဥပဒေ ကြောင်းအရ ရင်ဆိုင်ရမည်ဆိုပါကလည်း ရင်ဆိုင်သွားမည် ဖြစ်ပါတယ်။ ယခုကဲ့သို့ တိုင်ကြား စာရေးသားပေးပို့တဲ့ သူတွေဟာလည်း တစ်စုံတစ် ယောက် ရဲ့ခိုင်းစေ ချက်အရ ရေးသားတာမျိုး ဖြစ်နေ သလား ဆိုတာဟာ လည်း ထည့်သွင်းစဉ်းစား ရ မှာဖြစ်ပါတယ်” ဟု သူက ဆိုထားသည်။

“သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ကတစ်ဖွဲ့၊ သူရဦးရွှေမန်း နှင့် ဒေါ်အောင် ဆန်းစုကြည် တို့က တစ်ဖွဲ့” ဖြစ်နေသလားဆိုသော ဘီဘီစီ သတင်းထောက်၏ မေးမြန်းမှုကို မိမိတို့နှင့် ပြည်သူများ တစ်ဖွဲ့ပြောလျှင် ပိုပြီး ပြည့်စုံမည်ဟု ဖြေဆိုခဲ့သည်။ ဦးရွှေမန်းက တိုင်းပြည်နှင့် ပြည်သူလူထု အကျိုးအ တွက် ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မည်သည့် အဖွဲ့အစည်းနှင့်မဆို လက်တွဲဆောင်ရွက် သွားမည်ဟုလည်း ပြောဆိုခဲ့သည်။

ဦးရွှေမန်း၏ ပြောဆိုချက်များသည် တင်းမာမှုကို အရှိန်တက်သွားစေပြီး ယခုကဲ့သို့ ဖယ်ရှားခံရခြင်းသည် အစောတလျင် ဖြစ်သွားပုံရသည်။ စိတ်ဝင်စားစရာ ကောင်းသည်မှာ သြဂုတ်လ ၁၈ ရက်နေ့ပြန် လည် စတင်မည့် လွှတ်တော် အစည်း အဝေးများ ဖြစ်သည်။

ဦးရွှေမန်းသည် ကြံ့ခိုင်ရေးပါတီလွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်သူ့ လွှတ်တော် ဥက္ကဌ တာဝန်တို့တွင် ဆက်လက် ရှိနေသည်ဟု ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ကြံ့ခိုင်ရေးပါတီ သတင်းစာ ရှင်းလင်းပွဲ တွင် ပါတီဗဟို အတွင်းရေးမှူး ဒေါက်တာ မောင်မောင်ဌေးက ပြောဆိုလိုက်သည်။

အကယ်၍အဆိုပါ တာဝန်များအား ရပ်ဆိုင်းသည်ဆိုပါက မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ ကနဦး ခြေလှမ်း များတွင် ရုပ်ဆိုးအကျဉ်းတန် သည့် အဖြစ်အပျက်လည်း ဖြစ်မည်။ ဦးရွှေမန်းနှင့် အပေါင်း အပါများအား ဖမ်းဆီး ထိန်းသိမ်း မည်ဆိုပါက ပို၍ရုပ် ပျက်မည်ဖြစ်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် အမည်စက်ကြီး တခုအဖြစ် သတ်မှတ် ခံရနိုင်သည်။ လတ်တလော ဦးရွှေမန်းသည် ဘေးကင်းစွာ ဖြင့် ရှိနေသေးသည်။ ပါတီ အထွေထွေ အတွင်းရေးမှူး တာဝန်ကိုလည်း ယခင် ဦးမောင်မောင်သိမ်း အစား ဦးတင်နိုင်သိမ်းက တာဝန်ယူထားသည်။

သို့အတွက် စစ်တပ်၏ ထောက်ခံမှု မရခဲ့သူ၊ ပါတီတွင်း အားပြိုင်မှုတွင် အရှုံးနှင့် ရင်ဆိုင်ရသူ ဦးရွှေမန်း၏ သမ္မတ ဖြစ်လိုသည့် အိပ်မက် ပျက်ပြယ်သွားပြီ ဖြစ်သည်။ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ကြံ့ခိုင်ရေး ပါတီ ယာယီ ဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်ထားသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ပူးပေါင်းဆောင်ရွက်မှု အခင်းအကျင်းသည် ရေစုန်မျောမည့် အခြေအနေဆိုက်သွားသည်။

ဦးရွှေမန်းကို ပြည်ထောင်စု လွှတ်တော် နာယက၊ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ တာဝန်များဆက်လက်ထမ်း ဆောင်ခွင့် မရဘဲ ပါတီမှပါ ထုတ်ပယ်ခံရပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ကူးပြောင်းလာမည် လား မေးခွန်းထုတ် စရာပါ။ ရွေးကောက်ပွဲ အလွန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက အပြတ် အသတ် အနိုင်ရခဲ့ပါကလည်း ပုဒ်မ ၄၃၆ အပါအဝင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၏ သဘောတူမှု ရနိုင်ဖွယ်အခြေအနေ မရှိပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေ ဖြင့် မည်သို့ဆက်လက် လျှောက် လှမ်းမည်ကိုလည်း သမ္မတ ဦးသိန်းစိန်၊ မြန်မာ့တပ်မတော်၊ ဦးသိန်းစိန် ထောက်ခံသူ အာဏာရ ကြံ့ခိုင်ရေး ပါတီက မျက်ခြေမပြတ် စောင့်ကြည့်ခံရမည်လည်း ဖြစ်သည်။

ပုဒ်မ ၅၉ စ အား ပြင်ဆင်နိုင်ခြင်းမပြုနိုင်ခင် ကာလ၊လာမည့် သက်တမ်းတွင်လည်း လက်ရှိ ကြံ့ခိုင်ရေးပါတီ နှင့် စစ်တပ် ထောက်ခံမှု ရရှိထားသူ လက်ရှိ သမ္မတ ဦးသိန်းစိန် ဆက်လက် ဦးဆောင်နိုင်သည်ဟု ယူဆ သည်။ ကာချုပ်လည်းဖြစ် ဦးမင်းအောင်လှိုင် သည်လည်း သမ္မတ တာဝန်အား လာမည့် သက်တမ်း တခုခု တွင် တာဝန်ယူနိုင်ဟုလည်း သုံးသပ်မိသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List