Friday, August 14, 2015

စစ်ကိုင်းတိုင်းမှ ချင်းပြည်နယ်သို့ သွားလာနိုင်သော လမ်းများအနက် ကလေး-ဖလမ်း-ဟားခါး လမ်းပိုင်းမှလွဲ၍ ကျန်လမ်းပိုင်းများ ဆက်သွယ်ရေး ပြတ်တောက်



စစ်ကိုင်းတိုင်းမှ ချင်းပြည်နယ်သို့ ဆက်သွယ်သွားလာနိုင်သော လမ်းများ အနက် ကလေး-ဖလမ်း -ဟားခါး လမ်းပိုင်းတစ်ခုမှ လွဲ၍ ကျန်လမ်းပိုင်းများ အားလုံး လမ်းအူကြောင်းများ ပြန်လည်ရှာဖွေ ရမည်ဖြစ်ကြောင်း ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်းငိုင်း၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ချင်းပြည်နယ် ဟားခါးမြို့သို့ ကလေး-ဖလမ်း-ဟားခါး လမ်းပိုင်းမှတစ်ဆင့် ဟိုင်မွန်ဂျစ်ကားများ နှင့် ရိက္ခာများ တင်ပို့လျက်ရှိပြီး ခရီးသည်တင် ကားများအားလုံး သွားလာမှု ရပ်ဆိုင်းထားကြောင်း သတင်းရ ရှိသည်။

“ချင်းပြည်နယ်လမ်းပိုင်းတွေ တော်တော်များများမှာ ပြိုကျတဲ့နေရာတွေ တော်တော်များတယ်။ ပခုက္ကူကနေ ပေါက်၊ မင်း တပ်၊ မတူပီအထိ ကားလမ်းက ပွင့်သေးတယ်။ မတူပီကနေ ဟားခါးအထိ လမ်းပိုင်းက နွေရာ သီ တစ်လျှောက်လုံး ပြင်မှရမယ်။ ဂန့်ဂေါ-ဟားခါး လမ်းပိုင်းကလည်း ၄၂ မိုင်အထိ သွားလို့ရသေးတယ်။ အဲဒီနောက်ပိုင်းမှာ လမ်းက လမ်းအူကြောင်း ပြန်ရှာရမယ်။ ခုသွားလို့ရတာက ကလေး-ဖလမ်း-ဟားခါး လမ်းပိုင်းပဲ ရှိသေးတယ်” ဟု ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်းငိုင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ချင်းပြည်နယ် တောင်ပိုင်းတွင် ဇူလိုင် ၂၃ ရက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ ကားလမ်းပိုင်းများ ပြိုကျခြင်းနှင့် ချောင်းကူးတံတားများ ပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ယင်းသို့ ကားလမ်းပိုင်းများ ပျက်စီးမှု ကြောင့် ချင်းပြည်နယ် ဟားခါးမြို့သို့ ဆန်နှင့် စားသောက်ကုန်များ တင်ပို့ရန် ပျက်စီးမှု အနည်းဆုံးဖြစ်သော ကလေး-ဖလမ်း- ဟားခါး လမ်းပိုင်းအား အမြန်ဆုံးပြုပြင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသို့ ပြုပြင်ခဲ့ သော်လည်း သြဂုတ် ၁၃ ရက်အထိ ခရီးသည်တင်ကားများ သွားလာနိုင်ခြင်းမရှိဘဲ ဟိုင်မွန် ဂျစ်ကားများ ဖြင့်သာ ရိက္ခာများ တင်ပို့နေရကြောင်း သိရသည်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နှင့် မတူပီမြို့တို့အား ဆက်သွယ် ထားသည့် ကားလမ်းပိုင်းပေါ်ရှိ  မိုင်တိုင်အမှတ် ၃၀ နှင့် ၃၁ အကြားတွင် ယခု သြဂုတ် ၁၁ ရက် နံနက်ပိုင်းက မြေပြိုမှုများ ထပ်မံဖြစ်ပေါ်ခဲ့ သည့်အတွက် သွားရေးလာရေး ယခင်ထက် ခက်ခဲလာကြောင်း ဒေသခံ ခရီးသွားများထံမှ သိရသည်။

သြဂုတ် ၁၁ ရက် မတိုင်မီက မိုင်တိုင် ၆၈ အထိ ယာဉ်ငယ်များ သွားလာနိုင်ခဲ့ပြီး သြဂုတ် ၁၁ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုနှင့် ကားလမ်းပိုင်း မြေသားများ အက်ကွဲမှုများ ထပ်မံဖြစ်ပေါ်လာ ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားသည့်အတွက် မတူပီမြို့တွင် ကုန်စည်စီးဆင်းမှု ရပ်တန့်သွားပြီး စားသောက်ကုန်များ ၀ယ်ယူ၍မရ ဖြစ်နေခြင်းကြောင့် ဆန်ပြတ်လပ်သူများအား မြို့မိမြို့ဖများနှင့် ဌာနဆိုင် ရာ တာဝန်ရှိသူများ ပူးပေါင်းဖြေရှင်း ပေးနေရကြောင်း သိရသည်။     

Eleven Media Group

No comments:

Post a Comment

My Blog List