ချင်းပြည်နယ် ဟားခါးမြို့တွင် မြေပြိုမှုများ ဆက်လက်ဖြစ်ပေါ်လာနိုင်သည့်အတွက် မြို့တမြို့လုံးကို ပြောင်း ရွှေ့ရန် အစိုးရက စီစဉ် နေပြီဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ ဇူလိုင်လ အတွင်း ဟားခါးမြို့ပေါ်တွင် တောင်မြေများ ပြိုကျခဲ့ဖြင့် လူနေအိမ် အမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့ပြီး ဆက်သွယ် ရေး ကားလမ်းများလည်း ပျက်စီးခဲ့ကြောင်း၊ လက်ရှိတွင် တောင်များ ဆက်လက်ပြိုကျနိုင်သည့် အနေ အထားတွင်ရှိနေပြီး မြေကြီး အက် ကွဲကြောင်းများဖြစ်ပေါ်နေသည့် အတွက် ဟားခါးမြို့ကြီးကို ပြောင်းရွှေ့ ပစ်ရန် စီစဉ်ကြခြင်းဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရ အဖွဲ့က ပြောသည်။
“မြေကြီးတွေအက်ကွဲနေပြီး ဆက်ပြိုကျလာနိုင်တဲ့ အနေအထားမှာ ရှိနေတယ်။ မပြောင်းလို့ မဖြစ်တော့ဘူး။ ဒီတော့ မြို့ကိုပြောင်း ရွှေ့နိုင်ဖို့ အဆင်ပြေတဲ့မြေနေရာကို ကြည့်လို့ရအောင် ဘူမိဗေဒပညာရှင် ၃ ဦး ၄ ဦး လောက်ကိုခေါ်ပြီး တိုင်ပင်နေတယ်။ သူတို့နဲ့ အစိုးရအဖွဲ့ တိုင်ပင်ပြီးနေရာ ရှာမယ်။ ရေမြေစိတ်ချရမှု မြေကြီးခိုင်မာမှုတွေကို အရင်စဉ်းစားကြမယ်”ဟု ချင်းပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍရေးဝန်ကြီး ဦးနန်ဇမုန် က ဧရာဝတီသို့ ပြောသည်။
ဟားခါးမြို့ပေါ်တွင် ရပ်ကွက် ၆ ခုရှိပြီး မြို့သစ်ရပ်ကွက်တခုသာ အန္တရာယ်ကင်းသည့် အနေအထားတွင်ရှိ ကြောင်း၊ ပြည်တော်သာ၊ ဒေါပုံ၊ မြို့ဟောင်းနှင့်ဈေးဟောင်း ရပ်ကွက်အပါအဝင် ရပ်ကွက် ၅ ခုသည် တောင်ပြိုကျမှုနှင့်မြေသားပြိုကျမှုများ ဆက်လက်ဖြစ် လာ နိုင်သည့်အတွက် အန္တရာယ်ဇုန်အဖြစ် သတ်မှတ် ထားရကြောင်း၊ မြို့ပြောင်းရွှေ့ပါက အဆိုပါရပ်ကွက်များရှိ ဒေသခံများကို ဦးစားပေး ပြောင်းရွှေ့စေမည်ဖြစ် ကြောင်း သိရသည်။
ဘဏ္ဍရေးဝန်ကြီး ဦးနန်ဇမုန်က ဆက်လက်၍ “ကျနော့်အထင်တော့ ဟားခါးကနေ ဖလမ်းအထွက်မှာ မြေ နေရာကောင်းတွေရှိတော့ အဲဒီဘက်ကို ပြောင်းဖို့များတယ်။ လျာထားတဲ့ မြေတွေကိုကြည့်မယ်။ စိတ်ချရရင် အကွက်ရိုက်မယ်။ လတ်တလောတော့ ကယ် ဆယ် ရေးစခန်းက လူတွေ အတွက် ရိက္ခာမပြတ်လပ်အောင် မနည်းပံ့ပိုးနေရတဲ့ အနေအထားရှိတယ်။ စဖြစ်တော့ ကျနော်တို့မှာ ဆန် က လက်ထဲမရှိဘူး။ တပ်ကနေ ဆန်အိတ် ၅၀၀ ချေးထားပြီး ကယ်ဆယ်ရေးစခန်းတွေကို ပို့ပေးတာ။ တပ်ချုပ်ကြီး လာတုန်း ကတော့ ရိက္ခာ မပြတ်လပ်အောင် ရဟတ်ယာဉ်တွေသုံးပြီး ထောက်ပံ့ပေးမယ်လို့တော့ ပြောသွားတယ်”ဟု ပြောပြသည်။
လက်ရှိတွင် ကယ်ဆယ်ရေးစခန်း ၈ ခု ဖွင့်လှစ်ထားပြီး လာရောက်ခိုလှုံ နေရသည့် ဒုက္ခသည် ၅၆၆၆ ဦးရှိကြောင်း၊ မြေပြိုမှုကြောင့် လူနေအိမ် ၅၅၈ လုံးပျက်စီးခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ စာရင်းများအရ သိရသည်။
“အိမ်သာတွေ၊ ရေတွေ လိုအပ်တယ်။ ရိက္ခာကတော့ ပြည်နယ်အစိုးရက ဆန်အိတ်တွေထောက်ပံ့မယ် ပြောထားတယ်။ ဒုက္ခသည် စခန်းတွေမှာ စားသောက်ဖို့အတွက် မြို့မှာရှိတဲ့ အသင်းတော်တွေနဲ့ ဘုရားကျောင်းတွေမှာ ချက်ပြုတ်ပြီးတော့ ကျွေးမွေးတယ်။ အစိုးရပိုင်းက ကျနော်တို့နဲ့ ပိုပြီးပူးပေါင်း လုပ်ဆောင်ဖို့ လိုတယ်။ မလုပ်ရင်မလွယ်ဘူး”ဟု ဟားခါးမြို့ ကယ်ဆယ်ရေးကော်မတီ အတွင်းရေးမှူး ဦးတလန်ကျဲအို က ပြောသည်။
ဟားခါးမြို့ပေါ်ရှိ ဒေသခံအများစုသည် တောင်မြေပြိုကျမှုများ ဆက်လက်ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ဖွင့်လှစ်ကူညီနေသည့် ကယ်ဆယ်ရေးစခန်းများတွင် သွားရောက် နေထိုင်နေကြရသည်။
ချင်းပြည်နယ်အစိုးရက ဒုက္ခသည်များအတွက် ဆန်အိတ် ၅၀၀၊ ဆား ၅ အိတ်၊ ပဲအိတ် ၅၀ နှင့် ဆီ ၃ ပေပါ ကို ထောက်ပံ့ပေးထား ကြောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) ကလည်း ဆန်အိတ် ၁၀၀၀ ထောက် ပံ့ပေးထား ကြောင်း၊ ကယ်ဆယ်ရေးစခန်းများတွင် ဆေးကုသခန်းများလည်း ဖွင့်လှစ် ပေးထားကြောင်း သိရသည်။
ဧရာဝတီ
No comments:
Post a Comment