Monday, October 27, 2014

PR စနစ် ကျင့်သုံးမည်ကို ဆန့်ကျင်ကြောင်း ရွှေပြည်သာမြို့နယ်အတွင်း ပြည်သူ ၅၀၀ ကျော် လမ်းလျှောက်ဆန္ဒထုတ်ဖော်


ရွေးချယ်ရာတွင် PR (အချိုးကျကိုယ်စားပြု)စနစ်ကို ကျင့်သုံးမည်ကို ဆန့်ကျင်ကြောင်း ရွှေပြည်သာမြို့နယ်မှ ပြည်သူ ၅ဝဝ ကျော်က အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင် မြို့နယ်အတွင်း လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ထိုသို့ လမ်းလျှောက်ဆန္ဒထုတ်ရာတွင် ရွှေပြည်သာမြို့နယ်၊ ထန်းချောက်ပင်လမ်းဆုံမှ လှော်ကားလမ်းဆုံရှိ ရွှေလမင်းလက်ဖက်ရည်ဆိုင်အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြရာတွင် “PR စနစ်အလိုမရှိ၊ ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်သော ဥပဒေမှန်သမျှ ဖျက်သိမ်းပေး ရန်၊ အာဏာရပါတီ စိတ်ကြိုက်ဖော်ဆောင်ပေးသည့် PR စနစ် အလိုမရှိ၊ PR စနစ်တင်သွင်းသူ လွှတ်တော် အမတ် အလိုမရှိ၊ မြန်မာပြည်မှ ပြည်သူများ PR စနစ် မလိုလား” စသည့် ကြွေးကြော်သံများ ဟစ်ကြွေးကာ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒပြရာတွင် ပါဝင်ခဲ့သူတစ်ဦးက“ဒီစနစ်ကိုကျင့်သုံးဖို့ လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော် အမတ်ကိုလည်း ကျွန်တော်တို့ အလိုမရှိဘူး။ ဒီတော့ ပြည်သူတွေမလိုလားတဲ့ စနစ်ဆိုရင် အစိုးရအနေနဲ့ ဖျက်သိမ်းပေးရမှာပါ။ ဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုလည်း ပြိုကွဲသွားနိုင် တယ်။ ကျွန်တော်တို့ လုံးဝလက်မခံဘူး။ ကန့်ကွက်တယ်” ဟု ဆန္ဒပြနေစဉ် ပြောကြားသည်။

၂ဝ၁၄ ခုနှစ် ဇူလိုင် ၂၄ ရက်က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းဝေးတွင် ဒေါ်အောင်ဆန်းစုကြည် အပါဝင် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ၄၂ ဦးက ကန့်ကွက်ခဲ့သော်လည်း အများစုက ထောက်ခံ ခဲ့၍ အချိုးကျကိုယ်စားပြုစနစ် (PR) ကို လက်ခံဆွေးနွေးရန် အတည်ပြုခဲ့ပြီး တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များကလည်း လွှတ်တော်မတက်ဘဲ ပြည်သူ့လွှတ်တော်တွင် ကန့်ကွက်ဆန္ဒပြခဲ့သည်။

အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းကလည်း လှိုင်သာယာမြို့နယ်ရှိ ပြည်သူ ၃ဝဝ ကျော်က PR စနစ်အား အလိုမရှိကြောင်း လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့သည်။

ထို့အပြင် မြို့တော်ခန်းမရှေ့နှင့် ပုဇွန်တောင်မြို့နယ်တို့တွင်လည်း PR စနစ်အားကန့်ကွက်ကြောင်း ဆန္ဒ ထုတ်ဖော်မှုများလည်း ပြုလုပ်ခဲ့ပြီး မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်ရာ၌ ဦးဆောင်သူနှစ်ဦးကိုလည်း ကျောက်တံတားမြို့နယ် တရားရုံးက ပုဒ်မ-၁၈ ဖြင့် တရားစွဲဆိုထားသည်။

အချိုးကျကိုယ်စားပြုစနစ် PR တွင် ပါတီကိုသာ မဲပေးရွေးချယ်ရသောစနစ်၊ ကိုယ်စားလှယ်လောင်းအား တစ်ကြိမ်၊ ပါတီအားတစ်ကြိမ် မဲပေးရွေးချယ်ရသောစနစ်၊ ကိုယ်စားလှယ်လောင်းအားတစ်ကြိမ်၊ ပါတီအားတစ်ကြိမ် မဲပေးရွေးချယ်ရမည် ဖြစ်သော်လည်း လူပုဂ္ဂိုလ်အား နေရာအများစုပေးထားသော စနစ်နှင့် ကိုယ်စားလှယ်လောင်းများအနက် မိမိတို့နှစ်သက်ရာ ဦးစားပေးနံပါတ်စဉ် ၁၊ ၂၊ ၃၊ ၄ တပ်ပြီးရွေး ချယ်ရသောစနစ် စသည်ဖြင့် လေးမျိုးရှိကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List