Monday, October 27, 2014

အခြေခံဥပဒေမပြင်လိုသော တပ်မတော်အပေါ် ပြည်သူ့အသံ


တပ်မတော်ဘက်မှ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ သတင်းစကားသံကို သည်ရက်ပိုင်းအတွင်း ပိုပြီး တိတိကျကျကြားသိလာရသည်။ ထိုသတင်းစကားက မြန်မာ့ဒီမိုကရေစီအပြောင်းအလဲကာလအတွက် မင်္ဂလာသတင်းမဟုတ်သလို အခြေခံဥပဒေပြင်ဆင်ရေး ပြင်းပြင်းပြပြ တောင်းဆိုနေကြသော ပြည်သူများ အတွက် ၀မ်းသာစရာမဟုတ်ခဲ့ပါ။

အခြေခံဥပဒေပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှုကော်မတီ အစီရင်ခံစာမှတစ်ဆင့် အများပြည်သူကြား သိခွင့်ရခဲ့ခြင်းဖြစ်ပါသည်။ တပ်မတော်အနေဖြင့် အခြေခံဥပဒေပြင်ဆင်ရေးအဓိကသော့ချက်ဖြစ်သော ပုဒ်မ၄၃၆ကိုမပြင်လိုကြောင်းနှင့် နိုင်ငံရေးတွင်တပ်မတော်က ဦးဆောင်မှုကဏ္ဍမှ အမြဲပါဝင်နိုင်သည့် ပုဒ်မ ၆(စ)ကိုမပြင်လိုကြောင်း ဆန္ဒပြုထားခြင်းဖြစ်သည်။

ထို့ကြောင့်လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် တပ်မတော်၏ အခန်းကဏ္ဍ၊နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုဖြစ်စဉ်တွင် အရေးပါသည့် အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်း စဉ်အပေါ် တပ်မတော်၏တုံ့ပြန်ပြောဆို ချက်များနှင့်ပတ်သက်၍ မြန်မာ့အရေးလေ့လာသူများနှင့် ပြည်သူတို့၏အသံကို ယနေ့ပြည်သူ့အသံကဏ္ဍ အတွက် စုစည်းဖော်ပြလိုက် ပါသည်။

ဦးလှဆွေ

(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)

တပ်က ဒီလိုတင်ပြတယ်ဆိုတာ သူတို့ဖြစ်ချင်တဲ့ ဆန္ဒကို သူတို့ဖော် ပြတာပေါ့။ တပ်အနေနဲ့ ပုဒ်မ ၄၃၆ ကိုပြင်ဖို့ သိပ်ကြောက်စရာ မလိုဘူး လို့ ကျွန်တော်က အကြံပြုချင်တယ်။ ပြင်ဗျာ။ ဘယ်သူမှတော့ တိုင်းပြည် ပျက်အောင်ပြင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘာမှကြောက်စရာ မလို ဘူးလို့ ပြောတာ။ တပ်အနေနဲ့က ဒီအချက်ကိုသာ မပြင်ချင်ဘူးပြောပေ မယ့် တခြားပြင်ချင်တဲ့အချက်တွေကို မှတ်ချက်တွေ  ပေးထားတာ ရှိ တယ်။ ကျွန်တော်မြင်တာက သူတို့ဘာလုပ်ရမှန်း မသိတာလား။ မသိဘူးလား။ မပြတ်သားဘူးဖြစ်နေတယ်။ ပုဒ်မ-၄၃၆ က ဂိတ်တံခါးကြီးပဲ။ အခုသူတို့ပြောပုံကဗျာ။ ကားတစ်စီးပျက်နေ တယ်။ အထဲက စက်ပစ္စည်း တွေ ပြင်ရမယ်။ ဒါကိုပြင်ဖို့ လက်ခံတယ်။ ဒါပေမဲ့ စက်ဖုံးတော့ ဖွင့်မပေး ဘူး။ ဒီသဘောဖြစ်နေတယ်။ နောက်တစ်ခုက ကာလုံနဲ့ တိုင်ပင်ပြီး လွှတ် တော်ကိုဖြုတ်ချမယ်ဆိုတာက သဘာဝမကျဘူးဗျ။ တခြားနိုင်ငံတွေမှာက လွှတ်တော်က သမ္မတကို ဖြုတ်ချတယ်။ ဒီမှာက သမ္မတက တပ်နဲ့ပေါင်းပြီး လွှတ်တော်ကိုဖြုတ်ချဖို့ လုပ်တယ်ဆိုတာက အဓိပ္ပာယ်မရှိဘူး။ အာဏာရှင်ဆန်တဲ့ လုပ်ရပ်ဖြစ်တယ်။ တပ်ချုပ်နဲ့တွေ့ဖြစ်ခဲ့ရင်လည်း ဘာမှမတောင်းဆိုချင်ဘူး။ ဘာမှမပြောချင်ပါဘူး။ သူတို့လည်း သိမှာပါ။အခုပြောနေတယ်ဆိုတာကလည်း ပြောခွင့်ရတုန်းမို့လို့ ပြောနေကြတာပါ။ နောက်သူတို့ ပြောခွင့်မရှိတော့ရင် မပြောတော့ပါဘူး။ တပ်ပါတယ် ဆိုတာ အချိန်အတိုင်းအတာတစ်ခု အထိပဲ လိုအပ်တာ။ တစ်သက်လုံး မလိုဘူး။ တဖြည်းဖြည်းနဲ့ တပ်က နောက်ဆုတ်သွားရမယ်။

ဦးအောင်ကြည်ညွန့်
(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)

လူထုက ပီပြင်တဲ့ ဒီမိုကရေစီလမ်းကြောင်းဘက်ကို သွားတော့ မယ့်ကာလဖြစ်လို့ ပိုပြီးပျော့ပျောင်းတဲ့ လမ်းကြောင်းကို ရွေးချယ်ပြီး အားလုံးညီညီညွတ်ညွတ်နဲ့ သွားလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတယ်။ ဒါပေမဲ့ တပ်မတော်အနေနဲ့ ပုဒ်မ ၄၃၆ ကိုမပြင်ဖို့နဲ့ တပ်ရဲ့ အခန်း ကဏ္ဍတွေကို မြှင့်တင်ဖို့ စတဲ့အချက်တွေကို လွှတ်တော်ကို တရားဝင် တင်လာပြီ။ အဲဒီလိုဆိုတော့လည်း ပြည်သူတွေအနေနဲ့ သူတို့မျှော်လင့် ခဲ့တာနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားတယ်လို့ပြောမယ်ဆိုပြောလို့ရပါတယ်။ ဒါနဲ့ ပတ်သက်လို့တော့ လွှတ်တော်ထဲမှာ အကျေအလည်ဆွေးနွေးရမှာ ပေါ့။ ၄၃၆ ကိုမပြင်ဘူးဆိုတာဟာ တပ်မပါဘဲနဲ့ ဘာမှလုပ်လို့မရဘူး။ အရင်အတိုင်းပဲဆိုတဲ့ သဘောဖြစ်နေတယ်။ ကျွန်တော်တို့က ကောင်း မြတ်တဲ့ ပြုပြင်ပြောင်းလဲရေးကို ရှေးရှုပြီး ဆောင်ရွက်နေတာပါ။ အခု တစ်လောတပ်ချုပ်ရဲ့ ဆောင်ရွက်ချက်တချို့က ဒီမိုကရေစီမှာ တပ်က တဖြည်းဖြည်းနောက်ဆုတ်သွားရမယ့် အနေအထားမှာ နိုင်ငံရေးထဲကို ခြေတစ်လှမ်းဝင်ပါချင်တဲ့ သဘောပြ တယ်လို့မြင်တယ်။ တပ်ရဲ့ အကြီး အကဲတစ်ဦးဦးနဲ့ တွေ့ခွင့်ရမယ်ဆိုရင်တော့ အဖွဲ့အစည်းတစ်ခု၊ ပါတီ တစ်ခုရဲ့ အကျိုးစီးပွားကို မကြည့်ဘဲ တိုင်းပြည်ကောင်းဖို့ ရှေ့ကို တွန်း တင်ဖို့ ဒီအချိန်ဟာ အကောင်းဆုံး အချိန်ဖြစ်တယ်ဆိုတာ ပြောချင်တယ်။ သူတို့ဘက်မှာလည်း စိုးရိမ်ပူပန်မှုတွေရှိရင် ဒါတွေကို ပွင့်ပွင့်လင်း လင်း ညှိနှိုင်းဆွေးနွေးပြီး ကောင်းမွန်တဲ့ သမိုင်းကြောင်းတစ်ခုကို တည် ဆောက်ဖို့ အကောင်းဆုံးအချိန်ဖြစ် တယ်။ ဒီအချိန်မှ ဒီလိုဖြစ်မလာဘူး ဆိုရင် အဆိုးသံသရာထဲမှာပဲ လည်သွားနိုင်မယ့် အနေအထားကို ဘာ ကြောင့် ဖန်တီးမလဲဆိုတာပဲမေးခွန်းထုတ်ချင်တယ်။

ဦးနိုင်ငွေသိမ်း
(ဥက္ကဋ္ဌ) မွန်ဒီမိုကရေစီပါတီ

ဖွဲ့စည်းပုံကိုတပ်ကစိတ်ကြိုက်အချိန်ယူပြီး ဆွဲလာတာ သူတို့စိတ်ကြိုက် နိုင်ငံရေးမှာ ပါဝင်လို့ရအောင် သူတို့လုပ်ပိုင်ခွင့်တွေ ရှိအောင်ရည်ရွယ်ပြီး ရေးဆွဲထားတာ၊ အဲဒီတော့ ၄၃၆ ကို ဘယ်ပြင်ခံမလဲ။အဲဒါသူတို့အတွက် အဓိကပဲ။ အဲဒါကို ပြင်လိုက်ရင် သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်လာမယ်။ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေကို ထိခိုက်လာမယ်။အဲဒါကြောင့် တပ်က တင်းခံနေတာ။  ပြည်သူတွေက တောင်းဆိုနေ လည်း သူတို့က မပြင်ပေးဘူးဆိုတဲ့ သဘောပဲလေ။ ဒီလိုမပြင်ချင်တဲ့အပြင်  နိုင်ငံမှာအရေးကြီးတဲ့ ကာလုံ၊ (နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ)လို အဖွဲ့မှာ လုပ်ပိုင်ခွင့်တိုးဖို့ အကြံပြုတာကျတော့ တပ်မတော်က ပြုပြင်ပြောင်းလဲရေးမှာ အရမ်းတင်းမာလာပြီလို့ ပြနေသလိုပဲ။ အဲဒီလိုဆို ပြုပြင်ပြောင်းလဲရေး အတွက် အခက်အခဲရှိတယ်။ နားလည်မှုရှိရှိနဲ့ ပြည်သူတွေ အကျိုးကိုကြည့်ဖို့ လိုပါတယ်။ ပြည်သူတွေလို လားတဲ့ ဒီမိုကရေစီဖြစ်ဖို့ ဖွဲ့စည်းပုံကို ပြင်မှရမယ်။ အဓိက ၄၃၆ ပေါ့။ အဲဒါမပြင်ရင် ဒီမိုကရေစီနိုင်ငံ တည်ဆောက်လို့ မရဘူး။ ကာချုပ်နဲ့ တွေ့ခွင့်ရရင်ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ အရမ်း အရေးကြီးတယ်။ တိုင်းရင်းသားတွေလိုလားတဲ့ တိုင်းပြည်ဖြစ်အောင် တန်းတူညီမျှမှုတွေရှိ အောင် ဖွဲ့စည်းပုံ ကို ပြင်ဖို့ လိုက်လျောပါလို့ ပြောချင်တယ်။

ဦးရဲထွဋ်

(ပြန်ကြားရေးဝန်ကြီး)

ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး လူတိုင်းက၊ အဖွဲ့အစည်းတိုင်းက မိမိအမြင်ကို ထုတ်ဖော်ပြော ဆိုခွင့်ရှိပါတယ်။ ဒါဟာဒီမိုကရေစီ ပါပဲ။ ဒါ့ကြောင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက သူတို့သဘောထားကိုထုတ်ဖော်ပြောဆိုတာကို အပြစ်တင်ဖို့မသင့်ပါဘူး။ အခြေခံဥပဒေရေးဆွဲစဉ်က တပ်မတော်သားကိုယ်စားလှယ်တွေကို လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းထည့်သွင်းခဲ့တာဟာ ပြုပြင်ပြောင်း လဲ ရေးကို တည်တည်ငြိမ်ငြိမ်နဲ့ ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် တပ်မတော်အနေနဲ့ လက်ရှိဒီမို ကရေစီပြုပြင်ပြောင်းလဲရေးကို တည် တည်ငြိမ်ငြိမ်နဲ့ ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တယ် လို့ သူတို့ယုံကြည်တဲ့အတိုင်း ရပ်တည်မှာပဲဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အမျိုးသားနိုင်ငံရေး တစ်နည်းအားဖြင့် အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားပြီး ဆောင်ရွက် နေတယ်လို့ပဲမြင်ပါတယ်။ တပ်မတော်ဟာ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ဦးစားပေး ဆောင်ရွက်နေတယ်လို့ပဲယူဆတယ်။ ဒါကလည်း သူတို့ကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပေးအပ်ထားတဲ့ တာဝန်ဖြစ်ပါတယ်။

ဦးကျော်ဝင်း

စာရေးဆရာ

ပွင့်ပွင့်လင်းလင်းပြောလို့ရှိရင် သူတို့ဘာကြောင့်မပြင်ချင်လဲဆိုတာ အတိုက်အခံဘက်က သိအောင်ကြိုးစား သင့်တယ်။ ဒါမှ ဖြေရှင်းလို့ရမယ်။ ကျွန်တော်တို့ ကြားထဲက အမြင်ပြောရရင် တပ်မတော်ဘက်ကငြင်း ဆန်နေတာ အကြောင်းရှိတယ်။ တပ်မတော်ဘက်မှာ စိုးရိမ်မှုရှိနိုင် တယ်။ အပြောင်းအလဲလုပ်မယ်ဆိုတာ အရင်အစိုးရလက်ထက် တပ်မ တော်ဘက်က စတယ်လို့ပြောလို့ ရတယ်။ ဒါပေမဲ့ ပြောင်းလဲလိုက်မှ၊ တိုင်းပြည်မငြိမ်သက်မှုဖြစ်လာရင် သူတို့ဘက်ပြဿနာရှိမှာကိုစိုးရိမ်တယ်။တပ်မတော်ဘက်က စိုးရိမ်မှုတွေ ရှိနိုင်တယ်။ လွှတ်တော်ထဲ တပ်မတော်သား ၂၅ ရာခိုင်နှုန်းဖယ်ရှားတာ မလိုလားဘူး။ ဖြည်းဖြည်းချင်း ဖယ်မယ်ဆိုကာချုပ်က ဖယ်မယ်လို့ပြောထားတယ်။

ဝန်ကြီး သုံးပါးကို တပ်မတော်က ကိုင်ထားတာ။ အလားတူပဲ။ အရင်အစိုးရလက်ထက်က ကိစ္စတွေ အရေးမယူပါဘူးဆိုတဲ့ ဒီဥပဒေကိုထိခိုက်လာမှာကိုလည်း သူတို့စိုးရိမ်တယ်။ အတိုက်ခံဘက်က ကတိပေးနိုင်မယ်ဆိုရင်တော့ တပ်မတော်ရဲ့ သဘောထားပြောင်းလဲနိုင်တယ်။ ဒီအပြောင်းအလဲက ပွင့်ပွင့် လင်းလင်းပြောရရင် အရင်အစိုးရစခဲ့တဲ့ အပြောင်းအလဲ။ သူတို့က တကယ်စိတ်ကြိုက်လုပ်ထား တာ။ ဒီအပြောင်း အလဲမှာ ကျွန်တော်တို့ စိတ်ကြိုက်ဝင်ကစားလို့ မရဘူး။ သူပေးထားတဲ့ ပေးထား ချက်ထဲမှာ ပါးပါးနပ်နပ်အလုပ် လုပ်နိုင်ဖို့လိုတယ်။ မဟုတ်ဘဲ ထိပ်တိုက်တွေ့ဖို့ဆိုရင် သူတို့က တွန်းပြီး တစ်ဖက်ကပြန်ကပ်မှာပဲ။ ခုကဒီသဘောတွေပါတယ်လို့ ထင်တယ်။ တပ်မတော်က၊ ကာချုပ်က တဖြည်းဖြည်းဆုတ်မယ်ဆိုတဲ့ လမ်းကြောင်းသွားမှာ။ အဲ့ဒီလမ်းကြောင်းတတ်နိုင် သာလောက် မြန်မြန်ဆန်ဆန်ဖြစ်အောင် ကြိုးစားဖို့ ဒီတစ်လမ်းပဲရှိတယ်။

အပြောင်းအလဲမှာ အမြန်ဆုံးဆိုတဲ့ နိုင်ငံတကာအတွေ့အကြုံကိုလည်း ကြည့်သင့်တယ်။ ကမ္ဘာပေါ်မှာ အပြောင်းအလဲမှာ အမြန်ဆုံးဆိုတဲ့ နိုင်ငံ ၂၀ ထဲမှာ စစ်တပ်က နိုင်ငံရေးက ဆုတ်ခွာ ဖို့က ၁၇ နှစ်လောက်ကြာတယ်။ နေ့ချင်း၊ညချင်းဆုတ်ခွာဖို့ဆိုတာ လက်တွေ့မကျဘူး။

ဦးအောင်မိုးဇော်

ဥက္ကဋ္ဌ(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

ပုဒ်မ ၄၃၆ ကိုပြင်ချင်တာကတော့ ပြည်သူလူထုရဲ့ ဆန္ဒပဲ။ ပြင်ဖို့ အတွက်ကို လူထုဟောပြောပွဲတွေ လုပ်ခဲ့တယ်။ ဆန္ဒလက်မှတ်တွေ  ထိုးပြီး ပြည်သူတွေ ဆန္ဒပြုထားတာတွေရှိတယ်။ တပ်မတော်အနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒကို မျက်ကွယ်မပြုစေချင်ဘူး။ ပြည်သူလူထုက ပြင်ချင်နေတယ်။ နောက်ပြီးကာလုံရဲ့ အခန်းကဏ္ဍကို တိုးမြှင့်ဖို့ အကြံ ပြုတယ်ဆိုတာကလည်း ကာလုံရဲ့ လုပ်ပိုင်ခွင့်ကို တိုးဖို့ဆိုတာ ၄၃၆ ကို မပြင်ဘဲ လုပ်လို့ရတာမဟုတ်ဘူး။ တပ်မတော်အနေနဲ့ ပြည်သူရဲ့ ဆန္ဒကို မျက်ကွယ်မပြုဖို့ပြောချင်ပါတယ်။ လိပ်ကျွန်းလူသတ်မှုမှာ မြန်မာနိုင်ငံသားနှစ်ဦးသတ်တယ်လို့ တရားသေပြောလို့မရဘူး။ စွပ်စွဲခံထား ရတုန်းပဲရှိတယ်။ ဒီလိုအချိန်မှာ ကာချုပ်လိုနိုင်ငံတော်အကြီးအကဲ၊ သမ္မတတို့က တရားဥပဒေအတိုင်း တိတိကျကျလုပ်ဖို့ပြောတာက ကောင်းပါတယ်။ ကာချုပ်နဲ့ တွေ့ဖို့ဆိုတဲ့ကိစ္စကတော့ လတ်တလောလည်း မဖြစ်သေးဘူး။ အများကြီးလိုနေသေးတဲ့ ကိစ္စတစ်ခုဖြစ်တဲ့အတွက် ကြိုပြီး တော့ မပြောချင်ပါဘူး။

ဦးသိန်းထွန်း

(ဒီချုပ်၊ ၉၀အမတ်)

တပ်မတော်က ပုဒ်မ ၄၃၆ မပြင်လိုတာက ပြည်သူ့ဆန္ဒနဲ့ လုံးဝ (လုံးဝ) ဆန့်ကျင်တယ်။ တပ်မတော်ရဲ့ ပင်မအလိုဆန္ဒဖြစ်နေတယ်။ လွယ်လင့်တကူ ဆုတ်ခွာမယ်လို့မမြင်ဘူး။ ပုဒ်မ ၄၃၆ ကို ပြင်ဖို့ တောင်း ဆိုတာက Democratic Will နဲ့ ဆန့်ကျင်တဲ့ အဓိကပုဒ်မဖြစ်နေလို့ တောင်းဆိုတာ။ သမ္မတနိုင်ငံတော်မှာ သမ္မတက အပေါ်ကလား။ ကာ ချုပ်က အပေါ်ကလား မသဲကွဲဘူးဖြစ်နေတယ်။ နိုင်ငံကို သမ္မတဦးစီးတဲ့  အစိုးရက ဦးဆောင်ရမှာလား၊ ကာချုပ်ရဲ့ အခန်းကဏ္ဍက မလိုအပ်ဘဲ ရှေ့ရောက်နေသလို ခံစားရတယ်။ တပ်မတော်စိတ်တိုင်းကျရေးဆွဲထား တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တပ်က လုံးဝမပြင်လိုဘူး။ တပ် က အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာရှိချင်နေတယ်။ NLD ပြောတဲ့ လေးပွင့်ဆိုင်အမြန်ဆုံးစီစဉ်ပါ။ လေးပွင့်ဆိုင်မှာ တစ်ဖက်နဲ့ တစ်ဖက်ယုံကြည်မှုအခိုင်အမာတည်ဆောက်ပါ။ ယုံကြည်မှုမတည် ဆောက်နိုင်လို့ ဒီမိုကရေစီလမ်းကြောင်း အထစ်အငေါ့ဖြစ်နေတာ။ ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးတကယ်လိုချင်ရင် တိုင်းပြည် အပေါ် တကယ်စေတနာနဲ့ ထူထောင်ချင်ရင် တွေ့ဆုံဆွေးနွေးရေးနဲ့ တစ်ဦးကို တစ်ဦးအပြန်အလှန်ယုံကြည်မှုတည်ဆောက်ကြဖို့၊ စေတနာ ပါပါလုပ်ကြဖို့ အကြံပြုချင်တယ်။

ကိုဂျင်မီ

(၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

ကျွန်တော်တို့ ဒီ ၄၃၆ (ပုဒ်မ)ပြင်ဖို့ကိုစပြီး လုပ်ကတည်းက ပြည်သူလူ ထုရဲ့ ဆန္ဒသဘောထားကို ကောက်ယူထားတာ။ ဒီအချိန်မှာ တပ်မတော် က ၄၃၆ ကိုမပြင်ဘူးလို့ ပြောလာတာကတော့ သိပ်ပြီးတော့ မထူးခြား ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ၄၃၆ ကိုပြင်ဖို့ လုပ်တာက ပြည်သူလူထုက တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးဖို့ဖြစ် တယ်။ အဲဒါကိုတပ်မတော်က မပြင်ပေးဘူးဆိုရင် တပ်မတော်အနေနဲ့  အခွင့်ထူးတစ်ရပ်ကို ဆုံးရှုံးတာပဲ။ တပ်နဲ့ ပြည်သူကြား ယုံကြည်မှုရဖို့ကို ဆုံးရှုံးမှာပဲ။ ဒီအပြောင်းအလဲဟာ စစ်မှန်၏၊ မစစ်မှန်၏ဆိုတာလည်း ဒီပြင်ဆင်မှုပေါ်မှာ မူတည်တယ်။ မပြင်ချင်ဘူးဆိုတာကတော့ တပ်မ တော်ရဲ့ ဆန္ဒပဲ။ လက်တွေ့မှာတော့ ပြည်သူလူထုရဲ့ ဆန္ဒကို ဖြည့် ဆည်းပေးဖို့လိုတယ်။ တိုင်းပြည်ရဲ့ အကျိုးစီးပွား၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ပြင်ပေးရလိမ့်မယ်။ ၄၃၆ မပြင်နိုင်ရင် ဒီမိုကရေစီမရဘူး။ ၄၃၆ ကိုပြင်ဆင်နိုင်မှ ဒီမိုကရေစီရမယ်။ အခုချိန်မှာ ကာချုပ်နဲ့ တွေ့ခွင့် ရရင်တော့ ဒီတိုင်းပြည်က နှစ်ပေါင်းခြောက်ဆယ်လောက် ဆင်းရဲတွင်းကမတက်နိုင်ခဲ့ပါဘူး။ ငြိမ်းချမ်းရေးမရှိလို့၊ ဒီမိုကရေစီမရှိလို့ အမျိုးသားပြန်လည်သင့်မြတ်ရေးမရှိလို့ပေါ့။ ဒီဆင်းရဲတွင်းကနေ ဆွဲထုတ်ဖို့ ဒီတိုင်းပြည်တိုးတက်ရေးကို စဉ်းစားမယ်ဆိုရင် ဒီမိုကရေစီအရေးနဲ့ အမျိုးသား ပြန်လည်တည်ဆောက်ဖို့ အရေးကို အဓိကထားဖို့ ဆွေးနွေးချင်တယ်။

ဦးရဲထွန်း

(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ)

ကာလုံရဲ့ အခန်းကဏ္ဍကို မြှင့်တင်ချင်တယ်ဆိုတဲ့ အခြေအနေမှာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို လွှတ်တော်က မလိုက်နာရင် ဘာ လုပ်မလဲဆိုတာကို ထိန်းညှိချင်လို့ ဒီအချက်ထည့်သွင်းလာတယ်လို့ ထင် ပါတယ်။ အခြေခံဥပဒေကတော့ ပြင်သင့်ပြင်ထိုက်တာကို ကျွန်တော်တို့ ပြင်သွားရမှာပဲဖြစ်တယ်။ ပုဒ်မ ၄၃၆ ကို မပြင်လိုဘူးဆိုတာကတော့ တပ်ရဲ့ ပါဝင်မှုကို တဖြည်းဖြည်းချင်းလျှော့ချသွားမယ်လို့ ကာချုပ်က ပြောထားတယ်။ နောက်တစ်ခုက တပ်နဲ့ အရပ်ဘက်က အမြင်မတူဘူး။ ဖြတ်သန်းပုံချင်းမတူဘူး။ တပ်အနေနဲ့က ပြည်ထောင်စုမပြိုကွဲအောင် ထိန်းသိမ်းဖို့နဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ သူတို့က ထိန်းမှရမယ်လို့ အစွဲရှိနေပုံရတယ်။ အဲဒါကြောင့် ဒါကိုငြင်းတာလို့ ထင်ပါ တယ်။ ဒါပေမဲ့ဒီပုဒ်မကိုမပြင်နိုင်ရင်လည်း တခြားအချက်တွေကို အတူတွဲပြီး ပြင်နိုင်ပါသေးတယ်။ တစ်ခုရှိတာက လွှတ်တော်ထဲမှာ ဆွေး နွေးနေတာထက် ပြင်ပမှာ လေးပွင့်ဆိုင်တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးပြီးမှ လွှတ်တော်မှာ တင်ဆုံးဖြတ်တာ ပိုပြီးထိရောက်နိုင်ပါတယ်။ ဒီအတိုင်းဆို လို့ကတော့ အငြင်းပွားနေတာပဲ အဖတ်တင်မယ်။ ဆွေးနွေးပြီးမှ ပြင်နိုင် ရင် အကျိုးပိုရှိမယ်။ တပ်မတော်က ပြည်သူ့ရင်သွေးတွေဖြစ်လို့ ပြည်သူ့ အကျိုးစီးပွားဘက်က မှန်မှန်ကန်ကန်ရပ်တည်ဖို့နဲ့ ပြည်သူနဲ့ ဆက်ဆံတဲ့ အခါ ကိုယ့်မိသားစုလို စိတ်ရင်းစေတနာနဲ့ ပြည်သူ့အကျိုးကို ဦးထိပ် ထားဆက်ဆံဖို့လိုပါတယ်။

7Day News Journal

No comments:

Post a Comment

My Blog List