Friday, October 31, 2014

ကာချုပ်၏ ငြိမ်းချမ်းရေး မူခြောက်ချက်နှင့် ရှေ့မတိုးနိုင်တော့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ



ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုနောက်ပိုင်း ငြိမ်းချမ်းရေး မူခြောက်ချက်ကို မကြာခဏ ထုတ်ဖော်ပြောလာသည်ကို တွေ့ရသည်။ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွင် တစ်ကြိမ်၊ မန္တလေး တပ်နယ်တွေ့ဆုံပွဲတွင် တစ်ကြိမ်၊ တစ်လအတွင်း နှစ်ကြိမ်ပြောဆိုခဲ့သည်။ ထို့အပြင် တပ်မတော်က ထုတ်ဝေသည့် မြဝတီသတင်းစာတွင်လည်း တောက်လျှောက်ဖော်ပြလာသည်။
ထို့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ် စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)နှင့် နောက်ဆုံးတွေ့ဆုံပွဲတွင်လည်း တပ်မတော်ခေါင်းဆောင်များက အဆိုပါအချက် အား တစ်ဖန်ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုကဲ့သို့ မကြာခဏ ထုတ်ဖော်ပြောဆိုလာခြင်းနှင့် ပတ်သက်၍ ‘‘ရှေ့တိုးနောက်ဆုတ်ဖြစ်နေတဲ့အချိန်မှာ စီးတားလိုက် တဲ့သဘောပါပဲ’’ဟု မြန်မာနိုင်ငံရေးနှင့် မြန်မာ့တပ်မတော်အကြောင်း လေ့လာသူ ဦးဘိုဘိုကျော်ငြိမ်းက သုံးသပ်သည်။

‘‘NCCT နဲ့ UPWC ပြန်လည်တွေ့ဆုံဖို့ ရက်နီးလာတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို သတိပေးသလိုမျိုး ဖြစ်နေပါတယ်’’ဟု RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှက ဆိုသည်။

သို့သော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူခြောက်ချက်ကို တိုင်းရင်းသားလက်နက်ကိုင်အင်အားစု အားလုံးနီးပါးက လက်မခံကြပါ။

ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ငြိမ်းချမ်းရေးမူခြောက်ချက်အား ဆက်လက်ကိုင်စွဲထားပါက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း ရွှေပြည်တော်မျှော်တိုင်းဝေးအခြေအနေ ဖြစ်နေပေဦးမည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူခြောက်ချက်မှာ ငြိမ်းချမ်းရေးရယူရန် အမှန်တကယ်ဆန္ဒရှိရန်၊ သဘောတူစာချုပ်များ၌ ကတိတည်ရန်၊ ငြိမ်းချမ်းရေးသဘောတူညီချက်များကို အမြတ်မထုတ်ရန်၊ ဒေသခံများပေါ်တွင် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်၊ နိုင်ငံတော်ကထုတ်ပြန်သည့် တည်ဆဲဥပဒေများကို တိတိကျကျလိုက်နာရန်နှင့် ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီကျင့်စဉ်အရ ၂၀၀၈ ဖွဲ့စည်းပုံအရ လိုက်ပါဆောင်ရွက်ရန်တို့ ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကောင်းသည့်အနေအထားတော့ မဟုတ်ပေ။ ၂၀၁၁ ခုနှစ်မှ စတင် ခဲ့သော ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသားလက်နက်ကိုင် ၁၄ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးနိုင်ခဲ့ သည်။ သို့သော် ၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာဆန်းတို့တွင် ရှမ်းပြည်နယ်နှင့် ကရင်ပြည် နယ်တို့တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။

ထို့ကြောင့်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်း ဆွေးနွေးရန် ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီနှင့် NCCT တို့ကြား ပြန်လည်ဆွေးနွေးမည့်ရက်ကို မသတ်မှတ်နိုင်သေးပေ။

ပြီးခဲ့သည့်နှစ် NCCT စတင်ဖွဲ့စည်းပြီးနောက် မြစ်ကြီးနားမြို့တွင် ပြုလုပ်သည့် ပထမဆုံးဆွေးနွေးပွဲ၌ တပ်မတော် ဘက်မှ ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူခြောက်ချက် ထုတ်ဖော်ပြောဆိုလာသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အဆင်မပြေဖြစ်ခဲ့ရသည်။

ထို့နောက်ပိုင်း အဆိုပါ မူခြောက်ချက်နှင့် ပတ်သက်၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် ပြန်လည် ဆွေးနွေးခဲ့သည်ဟု သတင်းများထွက်ပေါ်သည်။ ထို့နောက်ပိုင်း ငြိမ်းချမ်းဆွေးနွေးပွဲမှာလည်း အခြေအနေပြန်လည်တိုးတက်လာခဲ့သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းတွင် အခန်း(၇)ခန်းရှိသည့်အနက် အခန်း(၂)ခန်းသာ ဆွေးနွေးရန် ကျန်ရှိသည့် အနေအထားဖြစ်လာပြီး အဓိကအချက်ငါးချက်ခန့်သာ ဆွေးနွေးရန် ကျန်ရှိတော့သည်။

သို့သော် အဆိုပါအချက်ငါးချက်ကို ဆွေးနွေးရန် စက်တင်ဘာလ နောက်ဆုံးအပတ်က ပြုလုပ်ခဲ့သော UPWC နှင့် NCCT ဆွေးနွေးပွဲတွင်မူ တပ်မတော်ကိုယ်စားလှယ်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မူခြောက်ချက်ကို ပြန်လည်ရှေ့တန်းတင်လာခဲ့သည်။ ထိုရက်ပိုင်းမတိုင်မီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ထိုအချက်ကို ပြောဆိုခြင်းဖြစ်သည်။

ထို့ကြောင့်လည်း ငါးရက်ကြာပြုလုပ်သည့် ဆွေးနွေးပွဲတွင် မည်သည့်သဘောတူညီချက်မှမရရှိဘဲ ပြီးဆုံးသွားခဲ့သည်။ ဆွေးနွေးပွဲပြီးသည့်နေ့တွင် ကရင်ပြည်နယ်အတွင်း တိုက်ပွဲအချို့ ပြန်လည်ဖြစ်ပွားခဲ့သည်။

‘‘လိုအပ်လို့ ပြောတာဖြစ်ပါတယ်။ ၂၀၁၅ မှ ငြိမ်းချမ်းရေးကို ဦးတည်သွားနေတော့ ညီညွတ်ဖို့လိုတယ်။ ဒါကြောင့် ပြောရတာဖြစ်တယ်’’ဟု မြန်မာ့တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အောင်ရဲဝင်းက တပ်မတော်၏ ငြိမ်းချမ်းရေးမူခြောက်ချက်နှင့် ပတ်သက်၍ ပြောသည်။

ဒေသခံများအပေါ်တွင် ဝန်ထုပ်ဝန်ပိုးမဖြစ်ရန်ဆိုသည့် အချက်မှာ လူသစ်စုဆောင်းခြင်း၊ ရိက္ခာစုဆောင်းခြင်းနှင့် ဆက်ကြေးမကောက်ခံရန်တို့ ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်အောင်ရဲဝင်းက ရှင်းပြသည်။

လက်နက်ကိုင်အင်အားစုများထဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူခြောက်ချက်စလုံးအား ဖောက် ဖျက်သည့်အဖွဲ့နှင့် အဆိုပါအချက်ခြောက်ချက်ထဲမှ သုံးချက်လောက်အား ဖောက်ပြန်သည့် အဖွဲ့အစည်းများ ရှိလာ သဖြင့် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ကြောင်း တပ်မတော်အရာရှိဟောင်း အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကဆိုသည်။

သို့သော် တိုင်းရင်းသားများကမူ အဆိုပါအချက်များကို လက်မခံကျပေ။ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးနှင့် ပတ်သက်သောအချက်ဖြစ်သည်။

‘‘တည်ဆဲ ၂၀၀၈ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ရမည်လို့ဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လို့ပြောတဲ့ တော်လှန်ရေးအဖွဲ့တွေက လက်ခံနိုင်ဖို့ ခက်မှာဖြစ်ပါတယ်’’ဟု RCSS/ SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှကပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းလိုက်နာဆောင်ရွက်ရန်မှာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများသာမက ပြည်တွင်းနိုင်ငံရေးအင်အားစုများက လက်မခံသည့်အနေအထားဖြစ်သည်။

‘‘အဓိကတော့ တိုင်းရင်းသားတွေကော၊ ကျွန်တော်တို့ကော လက်မခံတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပဲ။ နောက်တည်ဆဲဥပဒေကို တိတိကျကျလိုက်နာဖို့ကိစ္စကလည်း လိုသလိုသုံးနေတော့ လက်ခံဖို့ခက်တယ်’’ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဦးလွမ်းဏီက ပြောသည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံ စာတွင် တပ်မတော်သားအစုအဖွဲ့မှ ကိုယ်စားလှယ်များ၏ သဘောထားမှတ်ချက်များကို လေ့လာခြင်းအားဖြင့် တပ်မတော်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်ထားရှိသည့် သဘောထားများကို သိရှိနိုင်သည်။

နိုင်ငံရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက ပြင်ဆင်လိုသည့် အဓိကပုဒ်မများတွင် တပ်မတော်သားကိုယ်စားလှယ်များက မူလ (၂၀၀၈ အတိုင်း) ထားရှိရန် သဘောထားမှတ်ချက် ပေးထားသည်။

ဥပမာအားဖြင့် ပုဒ်မ ၄၃၆၊ ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်များအား သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် အမတ်များက ရွေးချယ်ရန်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှရရှိသော အခွန်အခများအား မျှဝေသုံးစွဲခြင်းကိစ္စတို့တွင် တပ်မတော်သားကိုယ်စားလှယ်များက ပြင်ဆင်လိုခြင်းမရှိဘဲ ၂၀၀၈ ဖွဲ့စည်းပုံပါအတိုင်းသာထားရန် သဘောထားမှတ် ချက်ပေးထားသည်ကို တွေ့ရှိရသည်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်အနေဖြင့် သီးခြားဖြစ်နေပြီး သမ္မတအနေဖြင့် တပ်မတော်ကာကွယ် ဦးစီးချုပ်အထက်တွင် ရှိနေသော်လည်း နိုင်နိုင်နင်းနင်း အမိန့်ပေးနိုင်သည့် အနေအထားတော့မရှိပေ။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးတွင်လည်း ခေါင်းဆောင်ပိုင်းမှာ များပြားနေပြီး အားလုံး စုစည်းထားသည့် အဖွဲ့အစည်းမရှိသည်မှာ နှစ်ဖက်စလုံးတွင် ဖြစ်နေသည့် အနေအထားဖြစ်သည်။

ထို့ကြောင့် ဆုံးဖြတ်ချက်ချရမည့်အချိန်တွင် ခေါင်းဆောင်ပိုင်းမှ တွန့်ဆုတ်သည့်အနေအထားတွင်ရှိနေပြီး အပြန်အလှန် စီးတားနေကြသည်။

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးမူခြောက်ချက်ကို ပြောဆိုလာချိန်တွင် တိုင်းရင်းသားများဘက်ကလည်း ပြည်ထောင်စု တပ်မတော်ကိစ္စတို့ကို ရှေ့တန်းတင်လာခဲ့သည်။

ထို့အပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတင်သည့်အချိန်တွင်လည်း ပြဿနာရှိနိုင်သည့်အချက်များ သေသေချာချာမဆွေးနွေးကြ ဘဲ ရွှေ့ဆိုင်းထားခဲ့ကြသဖြင့် ဆုံးဖြတ်ချက်ချရမည့်အချိန်တွင် ခက်ခဲလာသည့်အနေအထား ဖြစ်လာခဲ့သည်။

‘‘တပ်မတော်ရဲ့သဘောထားကို နိုင်ငံတော်ရဲ့သဘောထားလို့ သတ်မှတ်လို့မရဘူး။ ကျွန်တော်တို့ ဒါကအရေးကြီး တယ်။ စစ်တပ်က သူ လူတစ်စုကိုပဲ အမိန့်ပေးလို့ရမယ်။ တပ်မတော်သားတွေကို ဒီမူအတိုင်း လက်ခံပါလို့ အမိန့်ပေးလို့ရတယ်’’ဟု ၈၈ ငြိမ်းပွင့်မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးကဆိုသည်။

‘‘တကယ့်တကယ်က နိုင်ငံတော်အဆင့်ဖြစ်ဖို့ဆိုရင် ဥပမာ လွှတ်တော်က ဥပဒေပြဋ္ဌာန်းပြီး ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ မူဝါဒက ဒီလိုပဲဖြစ်ရမယ် စသဖြင့်ပေါ့။ ဒါမှ နိုင်ငံတော်ရဲ့မူဝါဒလို့ သတ်မှတ်လို့ရမယ်’’ဟု ဦးကိုကိုကြီးက သုံးသပ်ပြော ကြားသည်။

သို့သော် လက်ရှိတွင်မူ ထိုအခြေအနေမျိုးမဟုတ်ဘဲ တိုင်းရင်းသားများဘက်ကလည်း အဖွဲ့တစ်ဖွဲ့လျှင် မူဝါဒတစ်မျိုး ဖြစ်နေပြီး အစိုးရဘက်တွင်လည်း သမ္မတကတစ်မျိုး၊ လွှတ်တော်ကတစ်မျိုး၊ တပ်မတော်ကတစ်မျိုး ဖြစ်နေသည်။

ထို့ကြောင့် ခေါင်းဆောင်များကြား ပြန်လည်နားလည်မှုရရှိရန်လည်း ကြိုးစားရမည်ဟု ဦးဘိုဘိုကျော်ငြိမ်းကဆိုသည်။

‘‘တကယ်တမ်းကျတော့ စစ်တပ်မှာ အလျှော့ပေးတဲ့ ယဉ်ကျေးမှုမရှိဘူး’’ဟု ဦးဘိုဘိုကျော်ငြိမ်းက ဆက်လက်ပြောသည်။

ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တပ်မတော်ဘက်က အလျှော့မပေးခဲ့သဖြင့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲများ မအောင်မြင်ခဲ့ပေ။ ထို့အပြင် တပ်မတော်အနေဖြင့် မြန်မာတစ်နိုင်ငံလုံး ထိန်းချုပ်နိုင်သည့် အနေအထားမရှိခဲ့ပေ။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသော နယ်နိမိတ်များကို မထိန်းချုပ်နိုင်ခဲ့ပေ။

ထို့ကြောင့်လည်း တိုင်းပြည်မှာ ပထ၀ီနိုင်ငံရေးအရ ခြိမ်းခြောက်မှုခံနေရသည်။ ထိုကိစ္စကို ဖြေရှင်းနိုင်ရန်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းစစ်ရပ်စဲရေးမှတစ်ပါး အခြားမရှိပေ။ ထိုအတွက်ဆိုလျှင်တော့ တပ်မတော် ဘက်ကရော၊ တိုင်းရင်းသားလက်နက်ကိုင်များဘက်ကရော၊ အစိုးရဘက်ကပါ ကိုယ်လိုချင်တာ နည်းနည်းမှ မလျှော့ နိုင်ဟု မူနှင့်သွားလျှင် နှစ်(၆၀)ကျော်တိုင် ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်မီး ငြိမ်းမည်မဟုတ်ပါ။ တိုင်းပြည်နှင့် လူမျိုး အတွက် မိမိတို့မျိုးဆက်သစ်များအတွက် ဆိုးမွေမထားခဲ့လိုလျှင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် သူ့ဘက်၊ ကိုယ့်ဘက် အလျှော့ပေးဆွေးနွေးညှိနှိုင်းပြီး အားလုံးအတွက် အကောင်းဆုံးအဖြေ ထုတ်နိုင်ရန် လိုအပ်ပါသည်။

7 day

No comments:

Post a Comment

My Blog List