Tuesday, October 28, 2014

၂၀၁၃-၁၄ လာလီဂါအကောင်းဆုံး ဘောလုံးသမားဆု၊ အကောင်းဆုံး တိုက်စစ်မှူး ဆုနှင့် အကောင်းဆုံး သွင်းဂိုး ဆုများကို စီရော်နယ်ဒို သိမ်းပိုက်



၂၀၁၃-၁၄ လာလီဂါအကောင်းဆုံးဆုပေးပွဲအခမ်းအနားကို ပြီးခဲ့သည့် အောက်တို ဘာလ ၂၇ ရက်နေ့က စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုက ဆုအများ အပြားကို သိမ်းပိုက်သွားခဲ့သည်။

ပြီးခဲ့သည့်ရာသီက လာလီဂါတွင် ပွဲ ၃၀ ကစားပြီး ၃၁ ဂိုးသွင်းယူကာ ဂိုးသွင်း အများဆုံးကစားသမားဆုကို ရရှိခဲ့သည့် စီရော်နယ်ဒိုသည် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံး တိုက်စစ်မှူးဆုနှင့် အကောင်းဆုံးသွင်းဂိုး ဆုများကို ရရှိခဲ့ခြင်းဖြစ်သည်။ စီရော်နယ်ဒိုသည် ၂၀၁၃-၁၄ ဘောလုံးရာသီတွင် လာလီဂါချန်ပီယံဆုကို ရယူနိုင်ခြင်းမရှိသော်လည်း အသင်းအတွက် အကောင်ဆုံးစွမ်းဆောင်ပေးနိုင်ခဲ့သည့် အပြင် ချန်ပီယံလိဂ်ဆုဖလားနှင့် ကိုပါဒယ်ရေး ဆုဖလားများကို ရယူပေးနိုင်ခဲ့သည့်အတွက် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

လာလီဂါအကောင်းဆုံးဆုများကို စတင်ပေးအပ်ခဲ့သည့် ၂၀၀၉-၁၀ ခုနှစ်မှစတင်ပြီး မက်ဆီသာ တစ်နှစ်တာ အကောင်း ဆုံးကစားသမားဆုကို ဆက်တိုက်သိမ်းပိုက် ထားခဲ့ရာ ရော်နယ်ဒိုက ယခုနှစ်တွင် ချိုးဖျက် ရယူနိုင်ခြင်းဖြစ်သည်။

လာလီဂါပွဲစဉ် ၃၆ တွင် ရီးယဲလ်အသင်းက ဗလင်စီယာကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ သွင်းယူ ခဲ့သော ဂိုးဖြင့် အကောင်းဆုံးဂိုးဆုကို စီရော်နယ်ဒိုကပင် သိမ်းပိုက်ခဲ့သည်။ ဘယ်တောင်ပံက ဒီမာရီယာ ဖြတ်တင်ပေးသည့် ဘောလုံးကို ရော်နယ်ဒိုက လေထဲတွင် ခြေဖနောင့်ဖြင့် သွင်းယူခဲ့ခြင်းဖြစ်သည်။

အက်သလက်တီကို အသင်းကို လာလီဂါချန်ပီယံ ဆုဖလားရ ရှိအောင် ဦးဆောင်ပေးခဲ့သည့်နည်းပြ ဆီမြွန်နီမှာအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့သည်။ ၁၉၉၅-၉၆ ခုနှစ်နောက်ပိုင်း အက်သလက်တီကိုအသင်း ကို လာလီဂါ ချန်ပီယံ ဆုဖလားရ ရှိ စေရန် ဆီမြွန်နီက ဦးဆောင်ပေးခဲ့ခြင်းဖြစ်သည်။

အကောင်းဆုံးဂိုးသမားဆုကို လီဗန်တေးဂိုးသမား ကေလာနာဗက်စ်က ရရှိခဲ့ပြီး အကောင်းဆုံး နောက်ခံ ကစားသမားဆုကို ရီးယဲလ်နောက်ခံလူ ရာမို့စ်က လည်းကောင်း၊ အကောင်းဆုံး အလယ်တန်းကစားသမား ဆုကို ရီးယဲလ်ကွင်းလယ်လူ မိုဒရစ်က လည်းကောင်း၊ အကောင်းဆုံးကွင်းလယ်တိုက်စစ် ကစားသမား ဆုကို ဘာစီလိုနာကွင်းလယ်ကစားသမား အင်နီယေစတာက လည်းကောင်းအသီးသီး ရရှိခဲ့ကြသည်။

အတိုးတက်ဆုံးလူငယ်ကစားသမားဆုကိုမူ ဆယ်လ်တာဗီဂိုအသင်းမှ ရာဖင်ဟာအယ်လ်ကန်တာရာက ရရှိခဲ့သည်။ ရာဖင်ဟာအယ်လ်ကန်တာရာသည်ဆယ်လ် တာဗီဂိုအသင်းအတွက် ၃၂ ပွဲ ပါဝင်ကစားပေး ခဲ့ပြီး ၄ ဂိုးသွင်းယူနိုင်ခဲ့သည်။ ဘာစီလိုနာမှ ဆယ်လ်တာဗီဂိုသို့ အငှားသွားရောက်ကစားခဲ့သော ရာဖင် ဟာသည် ယခုနှစ်တွင် နည်းပြ အင်းနရစ်နှင့်အတူ ဘာစီလိုနာသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

လာလီဂါအကောင်းဆုံးဆုပေးပွဲတွင် ထည့်သွင်းပေးအပ်လေ့ရှိသည့် အာဖရိကအကောင်းဆုံးကစားသမား ဆုကို ဂရန်နာဒါကွင်းလယ်တိုက်စစ်ကစားသမားယာ စီနီဘရာဟီမီက ရရှိခဲ့ပြီး အကောင်းဆုံး တောင်အမေ ရိက ကစားသမားဆုကိုမူ ဆီဗီလာ တိုက်စစ်မှူး ဘက်ကာက ရရှိသွားခဲ့သည်။

အသန့်ရှင်းဆုံးအသင်းဆုကို အီဘာအသင်းက ရရှိခဲ့ပြီး အသန့်ရှင်းဆုံးကစားသမားဆုကို ဆီဗီလာအသင်း
ခေါင်းဆောင် ရာကီတစ်က ရရှိခဲ့သည်။

၂၀၁၃-၁၄ လာလီဂါတစ်နှစ်တာအကောင်းဆုံးဆု ရရှိသူများ

တစ်နှစ်တာအကောင်းဆုံးကစားသမားဆု                              စီရော်နယ်ဒို(ရီးယဲလ်)

တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးဆု                                     စီရော်နယ်ဒို(ရီးယဲလ်)

တစ်နှစ်တာအကောင်းဆုံးတိုက်စစ်မှူးဆု                               စီရော်နယ်ဒို(ရီးယဲလ်)

တစ်နှစ်တာအကောင်းဆုံးအလယ်တန်းဆု                             မိုဒရစ်(ရီးယဲလ်)

တစ်နှစ်တာအကောင်းဆုံးကွင်းလယ်တိုက်စစ်ဆု                     အင်နီယေစတာ(ဘာစီလိုနာ)

တစ်နှစ်တာအကောင်းဆုံးနောက်တန်းဆု                              ရာမို့စ်(ရီးယဲလ်)

တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆု                                   ကေလာနာဗက်စ်(လီဗန်တေး)

တစ်နှစ်တာအကောင်းဆုံးအာဖရိက ကစားသမားဆု                ဘရာဟီမီ(ဂရန်နာဒါ)

တစ်နှစ်တာအကောင်းဆုံးတောင်အမေရိက ကစားသမားဆု     ဘက်ကာ(ဆီဗီလာ)

အတိုးတက်ဆုံးလူငယ်ကစားသမားဆု                                   ရာဖင်ဟာအယ်လ်ကန်တာရာ(ဆယ်လ်တာဗီဂို)

ရည်ညွှန်း အယ်လ်အက်ဖ်ပီ
Mizzima - News in Burmese

No comments:

Post a Comment

My Blog List