Tuesday, October 28, 2014

လက်ရှိတွင် အရေးကြီးသောကိစ္စမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲ စနစ်တို့ဖြစ်ပြီး ပြည်သူများအားအာရုံလွှဲသည့်ကိစ္စများဖြစ်လာနိုင်၍ သတိထားရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြား


လက်ရှိအချိန်တွင် အရေးကြီးသောကိစ္စမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲစနစ်တို့ဖြစ်ပြီး ပြည်သူ များအား အာရုံလွှဲသည့်ကိစ္စများဖြစ် လာနိုင်သည့်အတွက် သတိထားရန်လိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် အောက်တိုဘာ ၂၇ ရက် ကပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့တွင် လွှတ်တော်အစည်း အဝေးခေတ္တ နားချိန်တွင် ပုဇွန်တောင်၊ ပခုက္ကူနှင့် ပြင်ဦးလွင်တို့မှ NLD အဖွဲ့ဝင်များနှင့်တွေ့ဆုံရာ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်မတို့ပြည်သူတွေဟာ နိုင်ငံရေးစိတ်ဓာတ်ရှိရမယ်။ နိုင်ငံရေးစိတ်ဓာတ်က မှန်ကန်တဲ့လမ်းပေါ် ကိုရောက်သွားဖို့ အများကြီးပဲအရေးကြီးတယ်။ အခုချိန်မှဆိုရင် တကယ့်အရေးကြီးတဲ့ကိစ္စဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲစနစ်။ ဒီဟာတွေကနေပြီးတော့ အာရုံလွှဲတဲ့ကိစ္စတွေကို သတိထားကြပါ။ ပြည်သူတွေကိုလည်း ဒါတွေကိုသတိထားခိုင်းပါ။ ဒီကိစ္စတွေမှာ ပြည်သူတွေကနေပြီးတော့ စိတ်မ၀င် စားအောင်လို့ ပြည်သူတွေက တခြားဘက်ကို အာရုံရောက်သွားအောင်လို့ လုပ်တဲ့လှုပ်ရှားမှုတွေကရှိ လာမှာပဲ။ ဒါတွေကို သတိထားပါ။ နောက်ပြီးတော့ အများပြည်သူနားလည်အောင်လို့ ရှင်းပြပါ။ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်က ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ အခြေခံတယ်။ နောက်ပြီးတော့ ဒီမိုကရေစီစစ်မှန်ဖို့ဆိုတာ ရွေးကောက်ပွဲစနစ်က စစ်မှန်မှဖြစ်မယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က "လွှတ်တော်မှာဆိုရင် ရွေးကောက်ပွဲစနစ်နဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေတက်လာပြီ။ နောက်မကြာခင်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပတ်သက်လို့ ဆွေးနွေးတဲ့ကိစ္စတွေတက်လာလိမ့်မယ်။ အရေးကြီးတာဟာ ကျွန်မတို့ပြည်သူတွေက ဒီဟာတွေကို စိတ်ဝင် စားဖို့အရေးကြီးတယ်။ ပြည်သူတွေ စိတ်ဝင်စားဖို့ဆိုတာဟာ ပါတီဝင်တွေကနေစရမယ်။ 

ပါတီဝင်တွေ ကစိတ်ဝင်စားမှ၊ ပါတီဝင်တွေက ဘာဖြစ်လို့ ဒီဟာတွေက အရေးကြီးလဲဆိုတာကို ပြည်သူ ကိုနား လည်အောင်၊ သဘောပေါက်အောင် ရှင်းပြနိုင်မှ ပြည်သူကလည်း စိတ်ဝင်စားလာမှာ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၃၆ ပြင်ဆင်ရေးအတွက် ကျွန်မတို့လုပ်လိုက်တဲ့လှုပ်ရှားမှုက အင်မတန်မှအဆင်ပြေတယ်။ ဒီမိုကရေစီနိုင်ငံတွေကတောင် အံ့သြတယ်။ ငါးသန်းကနေပြီးတော့ လက်မှတ်ထိုးတယ်ဆိုတာဟာ သူတို့ဒါသိပ်အံ့သြတယ်ပေါ့" ဟုဆိုသည်။

"စစ်မှန်တဲ့ရွေးကောက်ပွဲမျိုး ဥပမာ ပါဝင်သင့်တဲ့သူတွေအားလုံးပါဝင်ရမယ်။ ပွင့်လင်းမြင်သာမှုရှိရမယ်။ လွတ်လပ်ရမယ်။ တရားမျှတရမယ်။ ဒီလိုရွေးကောက်ပွဲများဖြစ်လာပါလျှင် တကယ့်ဒီမိုကရေစီနည်းကျ တဲ့ရွေးချယ်မှုမျိုးကို ကျွန်မတို့ကနေပြီးတော့ ဖော်ထုတ်နိုင်မှာဖြစ်တယ်။ ပြည်သူလူထုကနေပြီးတော့ တကယ်သူတို့လိုချင်တဲ့ ကိုယ်စားလှယ်၊ သူတို့ကိုကိုယ်စားပြုမယ့် ကိုယ်စားလှယ်တွေကို ရွေးချယ်နိုင်မယ့် အခွင့်အရေးမရှိဘူးဆိုလို့ရှိရင် ဒါဒီမိုကရေစီစနစ်ကဘယ်လိုမှ ပြည့်စုံတယ်လို ပြောလို့မရဘူး" ဟု ၎င်းကဆက်လက်ပြောကြားသည်။

"ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေက အရေးကြီးသလို ရွေးကောက်ပွဲစနစ် မှန်ကန်ဖို့ကလည်း အရေးကြီးတယ်။ ရွေးကောက်ပွဲစနစ်ရွေးချယ်တဲ့နေရာမှာ ပြည်သူက အဓိကပါဝင်ရမယ်ဆိုတာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခြေခံမူပဲ။ ပြည်သူရဲ့ဆုံးဖြတ်မှုမပါဘဲနဲ့ ပြည်သူ့ဆန္ဒ ရှင်းရှင်းလင်းလင်းမပါဘဲနဲ့ ကျွန်မတို့ဟာ ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲတယ်ဆိုတာ လုံးဝမဖြစ်သင့်ဘူး။ ဒါလည်း ပြည်သူ့နားလည် သင့်တယ်။ အရင်တုန်းက နှစ်ပေါင်းများစွာလက်ခံခဲ့တဲ့စနစ်ကို ပြည်သူ့တွေက ဘာမကျေနပ်လို့လဲ။ ပြည်သူတွေက ဘာမသင့်တော်ဘူးလို့ထင်လို့လဲ။ ဘာမှလဲ ကျွန်မတို့မကြားရဘဲနဲ့။ လွှတ်တော်ကပဲ ဆုံးဖြတ်တယ်ဆိုတာဟာ ဒါဟာပြောင်းပြန်ဖြစ်နေတယ်။ ပြည်သူရဲ့ဆန္ဒကို လွှတ်တော်ကနေ ရောင်ပြန်ဟပ် ရမှာ လွှတ်တော်ရဲ့ဆန္ဒကို ပြည်သူကနေ ရောင်ပြန်ဟပ်ရမှာမဟုတ်ဘူး။ ဒီဟာကိုတော့ အားလုံးကနေ ပြီးတော့ အလေးထားပြီးတော့ ဂရုစိုက်ပြီးတော့ အာရုံပြုကြပါ။ ကျွန်မတို့ရဲ့ပြည်သူလူထုအတွက် ဒါအရေးကြီးတယ်ဆိုတာ နားလည်အောင်လို့ အဖွဲ့ချုပ်က လူတွေကနေပြီးတော့ ပြည်သူတွေကို ရှင်းပြရမယ်" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြား သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ အမေ့အိမ် ပညာနကျောင်းမှ ကျောင်းသားများနှင့် တွေ့ဆုံရာတွင် "အဓိကက အမေတို့ရဲ့ပါတီရဲ့ရပ်တည်ချက်က ဒီရွေးကောက်ပွဲစနစ်ကို ပြောင်းစရာအကြောင်းမရှိဘူး။ ရွေးကောက်ပွဲစနစ်တစ်ခုပြောင်းတယ်ဆိုတာ အင်မတန်မှကြီးကျယ်တဲ့ကိစ္စ၊ အင်မတန်မှအရေးကြီးတဲ့ကိစ္စ ပြည်သူ့ရဲ့တောင်းဆိုချက်၊ ပြည်သူ့ရဲ့ဆန္ဒမပါ ဘဲနဲ့ ဒါဟာကမလုပ်သင့်ဘူးလို့ အမေတို့ရဲ့အခြေခံရပ်တည်ချက်ပဲ" ဟုပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List