Tuesday, October 28, 2014

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း လွှတ်တော်ကို တောင်းပန်


လွှတ်တော်က ချေးယူခြင်းမပြုရန် ကန့်ကွက်ထားသည့် နိုင်ငံခြားချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် ထပ်မံထည့်သွင်း တောင်းခံမိသောကြောင့် လွှတ်တော်သို့ တောင်းပန်ကြောင်း သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြော သည်။

အောက်တိုဘာ၂၇ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးစဉ် ၎င်းက ယင်းသို့ တောင်းပန်ခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်က ခွင့်ပြုထားခြင်း မရှိသည့်ငွေကို ထပ်မံတောင်းခံခဲ့သည့် အတွက် ၎င်းအနေနှင့် လွှတ်တော်ကို တောင်းပန်လိုကြောင်း သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ဆိုသည်။

လယ်ယာသုံး စက်ကိရိယာ ပစ္စည်းများကို သမဝါယမ အသင်းသားများထံ အရစ်ကျ ရောင်းချရန်အတွက် အမေရိကန်ဒေါ်လာ သန်းတစ်ရာကို China Exaim Bank မှ ချေးယူရန် သမဝါယမ ဝန်ကြီးဌာနသည် ဒသမအကြိမ် လွှတ်တော် အစည်းအဝေးတွင် တောင်းခံခဲ့ခြင်း ဖြစ်ပြီး ယင်းငွေကို ချေးယူခြင်း မပြုရန် ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်ခဲ့သည်။

ယင်းချေးငွေကို လက်ရှိ တောင်းခံသော နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် ထည့်သွင်းတောင်းဆိုခဲ့မှုကြောင့် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက အောက်တိုဘာလ တတိယပတ်အတွင်း ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် အစီရင်ခံစာတစ်ရပ် တင်သွင်းပြီး ယင်းသို့ တောင်းခံခြင်းသည် မဖြစ်သင့်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။

သမဝါယမ ဝန်ကြီးဌာနသည် အဆိုပါချေးငွေ သန်းတစ်ရာအပြင် China Exaim Bank မှ အမေရိကန်ဒေါ် လာ သန်း ၃၀၀ ကို ချေးယူမည့် ကိစ္စကိုလည်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဝေဖန်မှုများ ရှိနေသဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှသာ ချေးယူတော့မည် ဖြစ်ကြောင်းလည်း လွှတ်တော် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

သမ္မတဦးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရ လက်ထက်တွင် လယ်ယာစိုက်ပျိုးရေးနင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီးဦးမြင့်လှိုင်မှာ လွှတ်တော်ကိုယ်စားလှယ် အချို့၏ ပညာအရည်အချင်းကို ပြောကြားမိ ခဲ့သောကြောင့် လွှတ်တော်သို့ ပထမဆုံး တောင်းပန်သော ဝန်ကြီးအဖြစ် မှတ်တမ်းတင်ခံခဲ့ရသည်။



The Voice Weekly

No comments:

Post a Comment

My Blog List