Monday, October 27, 2014

GSP သက်သာခွင့်ကြောင့် အီးယူဈေးကွက်သို့ မြန်မာ့ပို့ကုန်များ လွတ်လပ်စွာတင်ပို့ခွင့် ရရှိထားသော်လည်း အီးယူ၏ အရည်အသွေး သတ်မှတ်ချက်များအတိုင်း တင်ပို့နိုင်ရေးမှာ မြန်မာလုပ်ငန်းရှင်များအတွက် အဓိကစိန်ခေါ်မှု ဖြစ်နေ


အီးယူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးအပ်သည့် GSP ကုန်သွယ်မှုဆိုင်ရာ အထူး အခွင့်အရေးကြောင့် မြန်မာ့ ပို့ကုန်များကို အီးယူသို့ Duty free၊ Quota free ဖြင့် လွတ်လပ်စွာ တင်ပို့ခွင့် ရရှိထားသော်လည်း အီးယူဈေးကွက်၏ အရည်အသွေး သတ်မှတ်ချက်များအတိုင်း ပြည့်မီစွာ တင်ပို့နိုင်ရေးမှာ မြန်မာလုပ်ငန်းများ အတွက် အဓိက စိန်ခေါ်မှုဖြစ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အကြံပေး ဒေါက်တာမောင်အောင်က ဘုရင့်နောင်ကုန်စည်ဒိုင် အာမခံငွေဖြင့် ရောင်းဝယ်မှုပုံစံ ဆောင်ရွက်မှုလုပ်ငန်း ဖွင့်ပွဲတွင် ပြောကြားသည်။

“GSP နဲ့ ပတ်သက်ပြီး ရနေတဲ့ဈေးကွက်က ၃၄ နိုင်ငံရှိတယ်။ ဒါပေမဲ့ trader တော်တော်များများက ဒါကို မသိကြဘူး။ အဲဒီ GSP နဲ့ ပတ်သက်တဲ့ အခွင့်အရေးကိုသာ အပြည့်အဝ အသုံးချနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံဟာ တကယ့်ကို တိုးတက်လာမှာဖြစ်ပါတယ်။ အခုဆိုရင် ဥရောပရဲ့ဈေးကွက်က သန်း ၅ဝဝ ဆိုတော့ သန်း ၅ဝဝ ဆိုတာ အထူးအခွင့်အရေးပဲ။ ပို့ချင်တဲ့ကုန်တွေကိုပို့။ Tax free၊ Quota free ဘာမှ သတ်မှတ်ထားတာ မရှိဘူး။ ဒါပေမဲ့ အရေးကြီးဆုံးက ဘာလဲဆိုရင် ပို့သမျှကုန်ပစ္စည်းတွေက သူ့နိုင်ငံ ရဲ့ Quality Standard ကို မီမှဖြစ်မယ်။ မီမှကိုရမယ်။ အဲဒါက ကျွန်တော်တို့အတွက် စိန်ခေါ်မှုပဲ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြံပေး ဒေါက်တာမောင်အောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေတွင် ဈေးကွက်စီးပွားရေးစနစ် ဖြစ်လာပြီဖြစ်သောကြောင့် ယင်းသို့သော အခြေအနေတွင် အမှန်တကယ် လုပ်ဆောင်ရမည်မှာ နိုင်ငံ၏ကုန်သွယ်မှု တိုးတက်ရေးပင်ဖြစ်ကြောင်း၊ ယခင်က ဈေးကွက်မရှိသဖြင့် တင်ပို့ခွင့်မရခဲ့သော်လည်း လက်ရှိအချိန်ကာလတွင် မြန်မာပို့ကုန်များအတွက် ဈေးကွက်အများအပြား ရရှိနေပြီဖြစ်ကြောင်း၊ သို့သော်လည်း တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် တင်ပို့နိုင်ရေးမှာ အရေးပါကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ပြီးလျှင် အဓိကပို့ကုန်များဖြစ်သည့် လယ်ယာထွက်ကုန် ဆန်စပါးနှင့် ပဲမျိုးစုံတို့တွင် ပဲသည် အိန္ဒိယဈေးကွက်ကိုသာ အဓိကထား တင်ပို့နေရကြောင်း၊ အီးယူဈေးကွက်မှာ ပွင့်လာပြီဖြစ်သော်လည်း အနည်းငယ်သာ တင်ပို့နိုင်သေးကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ အရည်အသွေးပိုင်းတွင် အလေးထားဆောင်ရွက်မှု အားနည်းနေကြောင်း၊ ပဲဈေးကွက်အတွင်း လက်ရှိအချိန် အထိ ဈေးကွက်ကောင်းကို မရသေးကြောင်းလည်း ပဲကုန်သည်များက သုံးသပ်ကြသည်။

Eleven Media Group

No comments:

Post a Comment

My Blog List