စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့တွင် မူးယစ်ဆေး ရောင်းဝယ် ဖောက်ကားသူနှင့် သုံးစွဲသူများ ကင်းစင်ပပျောက်ရေးအတွက် ဆန္ဒထုတ်ဖော်ပွဲကို အောက်တိုဘာ ၂၆ ရက် နံနက် ၁၀ နာရီအချိန်တွင် အင်အား ၈၀၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ ကိုဝေလင်းထွဠ်က “ဆန္ဒထုတ်ဖော်ပွဲရဲ့ ရည်ရွယ်ချက်က လူငယ်ဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် ဒီလူတွေဟာ တိုင်းပြည်ရဲ့အရင်းအမြစ်တွေ ဖြစ်တဲ့အတွက် ဒီလိုပဲထားမယ်ဆိုရင် နိုင်ငံတော် သမ္မတ ကြီးပြောတဲ့ Clean Government ဖြစ်ဖို့ရာအကြောင်းလည်း မရှိပါဘူး။ နောက်တစ်ချက်က ကိုယ်တစ်ဦးတစ်ယောက်တည်း ချမ်းသာဖို့အတွက် အခြားဘ၀တွေကို စတေးရတယ်ဆိုတာလည်း ဘုရားရဲ့တရားတော်နဲ့ လုံးဝမကိုက်ညီပါဘူး။ ခပ်ညံ့ညံ့ နိုင်ငံသားတွေရှိနေရင် ခပ်ညံ့ညံ့ အစိုးရနဲ့ပဲ ပြီးနေမယ်ဆိုတာကိုလည်း ပြောချင်ပါတယ်” ဟုဆိုသည်။
ဗန်းမောက်မြို့မှ ဒေါ်အေးအေးမြင့်က “ဒီမှာ ဖိုးတွေတအားပေါနေတယ်။ ဒီဖိုးရှိနေသရွေ့ ကျွန်မတစ်ခါ တလေကျရင် အဆိပ်သောက်သေလိုက်ရမလားလို့ တွေးမိတယ်။ ဗန်းမောက်မြို့ကြီးကို လုံးဝကယ်တင် မပေးနိုင်တော့ဘူးလားလို့ သိချင်တယ်။ ဒီမှာ ငါးရာဖိုးလည်းရောင်းတယ်။ တစ်ထောင်ဖိုးလည်းရောင်းတယ်။ သုံးရာဖိုးလည်း ရောင်းတယ်ဆိုတော့ ဆန်နို့ဆီဘူး လေးလုံးနဲ့လည်း လဲလို့ရတယ်” ဟုပြောကြားခဲ့သည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု ကာကွယ်တားဆီးနှိမ် နင်းရေး ဒို့အရေး မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ လာဘ်ပေးလာဘ်ယူ ကင်းရှင်းစေရေး ဒို့အရေး။ တရားဥပဒေစိုးမိုးမှု အခိုင်အမာရရှိရေး ဒို့အရေး။ မူးယစ်ဆေးစွဲသူများ ဆေးဖြတ်ရာတွင် ဥပဒေဘောင်အတွင်းမှ အကူအညီရရှိရေး ဒို့အရေး စသည့်ဗွီနိုင်းပိုစတာများ ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် ဗန်းမောက်မြို့အထွက်နား ယကာကျေးရွာအုပ်စု လယ်နက်ကြီးကျေးရွာနားမှ နံနက် ၁၀ နာရီအချိန် စတင်ကာ ဗန်းမောက်မြို့တွင်း လှည့်လည်ပြီး ဗန်းမောက်မြို့အ၀င် ရွှေအောင်သာ ဆုတောင်းပြည့် ဘုရားအနီး နံနက် ၁၂ နာရီအချိန်ခန့်တွင် ဆန္ဒထုတ်ဖော်မှု ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ရွှေလုပ်ကွက်များတွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ရောင်းဝယ် ဖောက်ကားမှုများ ပေါ်ပေါ်တင်တင်ကဲ့သို့ ပြုလုပ်လာခြင်းများအပေါ် ဒေသခံများအနေဖြင့် ဆန္ဒထုတ်ဖော်
ခြင်းဖြစ်ပြီး မြို့အ၀င်တစ်မိုင်ခန့်မှ စတင်လမ်းလျှောက်ကာ မြို့နယ်အားကစားကွင်းအထိ တောင်းဆိုချက် များဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ဘက်တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေအပေါ် တရားဥပဒေစိုးမိုးမှုရှိစေဖို့ ဆန္ဒထုတ်ဖော်တာပါ။ တရားဝင်ခွင့်ပြုချက်ကို မနက် ၁၀ နာရီကနေ ၁၂ နာရီအထိ ရရှိပြီး ၁၀ နာရီ ခွဲလောက်မှာ ငြိမ်းချမ်းစွာစီတန်းလှည့် လည်ပြီး တောင်းဆိုချက်တွေ ကြွေးကြော်ခဲ့တယ်။ အဓိကကတော့ မူးယစ်ဆေး အန္တရာယ် အရမ်းမြင့်တက်နေတဲ့အပေါ် သက်ဆိုင်ရာတွေကို အသိပေးတဲ့ သဘောပါ” ဟု ဗန်းမောက်မြို့မှ ဦးဝင်းဦးက ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment