Wednesday, October 29, 2014

Bi မွန်းတည့်နေ ဂျာနယ်အမှု တိုင်းတရားရုံးသို့ အယူခံဆက်တက်နိုင်ရန် မိသားစုနဲ့ဆွေးနွေးနေ


Bi မွန်းတည့်နေဂျာနယ်အမှု ခရိုင်တရားရုံးက အယူခံပယ်လိုက်၍ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ရုံးသို့ အယူခံဆက်တက်ရန် တရားခံများ၏ မိသားစုဝင်များနှင့် ဆွေးနွေးတိုင်ပင်နေပြီဟု အဆိုပါအမှုကို လိုက်ပါဆောင် ရွက်ပေးနေသည့် အကျိုးတော်ဆောင်ရှေ့နေနှင့် တရားခံများ၏ မိသားစုဝင်များ ထံက မဇ္ဈိမကို ပြောသည်။

အကျိုးတော်ဆောင် ရှေ့နေဦးကျော်ဝင်းက “အပေါ်တရားရုံး ရှိသေးတယ်။ အခု မိသားစုဝင်တွေက အယူခံဆက်တက်ဖို့ ကိစ္စကို တိုင်ပင်ဆွေးနွေးနေကြတယ်။ အယူခံက အမိန့်ချမှတ်ပြီး ရက်ပေါင်း ၆၀ အတွင်း တင်ရမှာပါ” ဟု ပြောသည်။

Bi မွန်းတည့်နေဂျာနယ်အမှုကို အောက်တိုဘာ ၂၇ ရက်က အနောက်ပိုင်းခရိုင် တရားရုံးတွင် အယူခံ ဝင်ခဲ့ရာတွင် ပလပ်လိုက်ခံခဲ့ရသည်။

“အခုရှေ့နေ၊ တရားခံတွေအားလုံးရဲ့ မိသားစုဝင်တွေ တိုင်ပင်ဆွေးနွေးနေပါတယ်။ ဆက်ပြီး တင်ဖို့၊မတင်ဖို့ ကိုပေါ့။ ဦးလေးတို့ကတော့ မျှော်လင့်တာပေါ့။ ထောင်ဒဏ်ကနေ ကွင်းလုံးကျွတ် လွတ်ချင်တာ ပေါ့”ဟု ၎င်းက ပြောသည်။

ပန်းဘဲတန်းမြို့နယ်တရားရုံးက အောက်တိုဘာ ၁၆ ရက်တွင် Bi မွန်းတည့်နေဂျာနယ်အမှုမှ  သတင်းမီဒီယာ သမားငါးဦးကို ပုဒ်မ ၅၀၅(ခ)/ ၃၄ အရ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ်နှစ်နှစ် ကျခံရန် ဆုံးဖြတ် ခဲ့ပြီး ခရိုင်တရားရုံးသို့ အယူခံဝင်ခဲ့ရာမှ အယူခံ ပယ်ချခံခဲ့ရခြင်း ဖြစ်သည်။

ယင်းအပြင် Bi မွန်းတည့်နေအမှုနှင့် ပတ်သက်၍ တရားစီရင်ရေးအပိုင်းပြီးစီးပါက သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် စဉ်းစားဆောင်ရွက်ပေးနိုင်ရန် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သမ္မတထံ တင်ပြပေးသွားမည်ဟုလည်း အောက်တိုဘာ၂၁ ရက်က မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် မီဒီယာများသို့ ပြောကြားခဲ့ဖူးသည်။

ဇူလိုင်လ ၇ ရက်ထုတ် Bi မွန်းတည့်နေ အပတ်စဉ်ဂျာနယ် အတွဲ (၁) အမှတ် (၂၉) တွင် ဒေါ်အောင်ဆန်း စုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများအား ကြားဖြတ်အစိုးအရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF (ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု)က ထုတ်ပြန်’’ခေါင်းစဉ်ဖြင့် သတင်းရေးသားဖော်ပြခဲ့၍ အမှတ် (၂) သတင်းတပ်ဖွဲ့ခွဲ ဒု-ရဲမှူးသိန်းထွန်းက တရားလိုပြုကာ အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List