Friday, October 31, 2014

လိပ်ကျွန်းလူသတ်မှုကိစ္စအတွက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် လုပ်ငန်းရှင် အမတ် ၂ဦး လှူထားသည့် ငွေကျပ်သိန်း ၃၀၀ ပျောက်ဆုံးနေ


ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ သံသယဖြစ်ကာ ဖမ်းဆီး စစ်ဆေးခြင်းခံနေရသော မြန်မာ နိုင်ငံသား လူငယ်နှစ်ဦးကိစ်္စအတွက် သုံးစွဲရန် အမျိုး သားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် အမတ် နှစ်ဦးလှူထားသည့် ငွေကျပ်သိန်း ၃၀၀ မှာ ယခုအချိန်ထိ မရရှိသေးကြောင်း အဆိုပါကိစ္စကို လိုက်ပါဆောင်ရွက်နေသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။

အဆိုပါ ငွေကျပ် သိန်း ၃၀၀ လှူဒါန်းမှုပြုလုပ်သည့်နေ့မှစ၍ ကိုးရက်မြောက် သောနေ့တွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

“အခု ငွေကြေးအခက်အခဲရှိတယ်။ ထောက်ပံ့မှုလိုတယ်။ ကိုယ်ပိုင်ငွေနဲ့ စိုက်ထုတ်သုံးရတာလည်း ရှိတယ်။ ဒီပုံစံမျိုးနဲ့ တော့ အဆင်မပြေနိုင်ဘူး။ ဒီကိစ္စကိုလုပ်ဖို့ ပြည့်စုံတဲ့ငွေကြေးလိုတယ်။ လွှတ်တော်ကလှူတဲ့ သိန်း ၃၀၀ က ဘယ်ရောက် သွားလဲ။ တပြားမှ မရဘူး။ ဘယ်မှာမှန်းလဲ မသိဘူး”ဟု ယင်းကဆိုသည်။

ပြီးခဲ့သည့် ၁၅-၉-၂၀၁၄ ရက်နေ့ က ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်းတွင် ဗြိတိသျှလူငယ် စုံတွဲသတ်ခံ ခဲ့ရခြင်းအပေါ် သံသယရှိသူအဖြစ် မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ဖမ်းဆီးထားခြင်းဖြစ်သည်။

“နေပြည်တော် ဥပဒေကျွမ်းကျင်သူတွေ၊ မှုခင်းကျွမ်းကျင်သူတွေ၊ သေမှု သေခင်းကျွမ်းကျင်ဆရာဝန် အဖွဲ့တွေ အမြန်ဆုံးလာရောက်ဖို့လည်း လိုနေတယ်။ မြန်မာဇာတ်ကားတွေမှာလို ဇာတ်သိမ်းတော့မှ ရဲက ရောက်လာတာမျိုးမဖြစ်ဖို့ ဆုတောင်းပါတယ်””ဟု ဦးကျော်သောင်းက ပြောသည်။

ပြီးခဲ့သည့် ၂၁-၁၀-၂၀၁၄ ရက်နေ့ ကကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသား လွှတ်တော် ကိုယ်စား ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေ နှင့် ဦးနေ၀င်းထွန်းတို့က တဦးလျှင် ကျပ်သိန်းတရာစီ လှူဒါန်းခဲ့ကြခြင်းအပေါ် လွှတ်တော်အစည်းအဝေးက မှတ်တမ်း တင်ထားခဲ့ပြီးဖြစ်သည်။

ဥက္ကဋ္ဌက နောက်ထပ်၍ လိုအပ်ချက်အပေါ်မူတည်ကာ ဆက်လက်လှူဒါန်း ဦးမည်ဖြစ်ကြောင်း၊ ယခုကိစ္စမှာ မည်မျှ ကြာမြင့်နိုင်မည်ကို မသိရ၍ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နည်းသည် များသည်မဟူ စိတ်ဓာတ်ရေးရာအရ လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ရုံးထံ အချိန်မရွေးလှူဒါန်းနိုင်ကြောင်း ပြောကြား ခဲ့သေးသည်။

“အဲဒါ ဘာမှ မသိဘူး။ ကိုယ့်ဟာ ကိုယ်ပဲလုပ်တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိဘူး။ သူတို့ ဘယ်ကို ဘယ်လို ပေးလဲ မသိဘူး”ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က လွှတ်တော်က လှူ သည့် ငွေသိန်း ၃၀၀နှင့် ပတ်သက်၍ News Watch သို့ ပြောသည်။

၂၈-၁၀-၂၀၁၄ ရက်နေ့က စွပ်စွဲခံ နှစ်ဦး၏ မိဘများ၊ ထိုင်းရှေ့နေများ ကောင်စီ ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံ သားများအဖွဲ့တို့က ထိုင်းစစ်အစိုးရဗဟို ရှေ့နေချုပ်ရုံးသို့ သွားရောက်ကာ ဥပဒေ အကြောင်းအရ မျှတသော တရားစီရင်ခွင့် ရရှိစေရန် အကူအညီပေးစေလိုကြောင်း၊ ယင်းအပြင် ထိုင်းလူ့အခွင့်အရေးကော် မရှင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးထံသို့လည်း ဖမ်း ဆီးခံထားရသော မြန်မာနှစ်ဦး လူ့အခွင့်အရေးချိုးဖောက် ခံနေရမှုကို အမှုမှန်ပေါ် ပေါက်ရန် ဖောက်ထုတ်ပေးစေလိုကြောင်း ပြောကြားခဲ့ကြသည်ဟု သိရသည်။

၂၉-၁၀-၂၀၁၄ ရက်နေ့တွင် သံအမတ်ကြီး ဦးဝင်းမောင်ပါဝင်သော လူသတ်မှုအတွက် ဖွဲ့စည်းထားသော အထူးအဖွဲ့၊ အစိုးရလက်အောက်ခံ မဟုတ်သော ထိုင်းရှေ့နေများ ကောင်စီရုံးကိုသွားရောက်၍ အဆိုပါ အမှုကို ကူညီပေးရန်အပ်ခဲ့ကြောင်း သိရသည်။

ယင်းတို့နှစ်ဦး၏ မိဘများမှာ ယခုအခါ ထိုင်းနိုင်ငံတွင် ရောက်ရှိနေကြခြင်း ဖြစ်ပြီး လာမည့် ၃-၁၁-၂၀၁၃ ရက်နေ့ တွင် မိဘများ၊ ထိုင်းရှေ့နေများ ကောင်စီ၊ အမှုကို ကိုင်တွယ်နေသောရဲများ၊ စုံစမ်းထောက်လှမ်း နေသောရဲများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကဖွဲ့ထားသော အထူးအဖွဲတို့ဖြင့် အထူး သတင်းစာရှင်းလင်း ပွဲတရပ် ပြုလုပ်ရန်ရှိကြောင်း သိရသည်။

မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List