Wednesday, October 29, 2014

နိုင်ငံရေးအတွက် အရေးတကြီးဖြစ်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မနားမနေ ဆောင်ရွက်နေရချိန်တွင် ရွေးကောက်ပွဲစနစ်တစ်ခု ပြောင်းလဲရန် ကြိုးစားခြင်းသည် မဖြစ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ပြောကြား


နိုင်ငံရေးအတွက် အရေးတကြီးဖြစ်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မနားမနေ ဆောင်ရွက်နေရချိန်တွင် ရွေးကောက်ပွဲစနစ်တစ်ခုပြောင်းလဲရန် ကြိုးစားခြင်းသည် မဖြစ်သင့် ကြောင်း NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက နေပြည်တော် ၌ အောက်တိုဘာ ၂၈ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၂၄ ရက်မြောက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေမှု ရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေး ကော်မရှင်၏ အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီကနေ့ နိုင်ငံရေးအတွက် အရေးတကြီးဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် မနားမနေ ကြိုးစားနေရတဲ့အချိန်မှာ ရွေးကောက်ပွဲစနစ်တစ်ခုပြောင်းလဲဖို့ ကြိုးစားတာဟာ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုလို့ ကျွန်တော်ထင်မြင်မိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြီးမှသာ ဆောင်ရွက်သင့်တယ်လို့ ယူဆမိပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက ဆွေးနွေးပြောကြားသည်။

PR စနစ်ကျင့်သုံးသည့် နိုင်ငံအတော်များများတွင် တဖြည်းဖြည်း ပါတီငယ်များပျောက်သွားပြီး ပါတီကြီးများ သာ ကျန်တာတွေ့ရကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက ဆိုသည်။

“အခု ကျွန်တော်တို့လွှတ်တော်မှာ FPTP စနစ်နဲ့မို့လို့ ပါတီငယ်တွေများစွာ နေရာရရှိနေကြတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ လွှတ်တော်သက်တမ်းတစ်ခုမှာ တာဝန်ယူခွင့်ရတဲ့ ကျွန်တော်တို့ကိုယ်စားလှယ်များဟာ မိမိနှင့် မိမိပါတီ နေရာရဖို့ထက် နိုင်ငံအကျိုးစီးပွား၊ အမျိုးသားအကျိုးစီးပွား အနာဂတ်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချဖို့ အချိန်ရောက်နေပါပြီ” ဟု ဦးအောင်စိုးက ဆွေးနွေးတင်ပြသည်။

တိုင်းရင်းသားပေါင်းစုံနေထိုင်သည့် မြန်မာနိုင်ငံတွင် တိုင်းရင်းသားများနှင့် ယုံကြည်မှုကို တည်ဆောက်နေ သည့်အချိန်၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာအစိုးရများ၏ ယုံကြည်မှုကို တည်ဆောက်နေရသည့်အချိန်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ကြိုးစားနေရသည့်အချိန်နှင့် ပြည်သူများ၏ ယုံကြည်မှုကို ရရှိခါစအချိန်တွင် ပြည်သူများ နားမလည်နိုင်သည့် ရွေးကောက်ပွဲစနစ်တစ်ခုကို ပြောင်းလဲခြင်းသည် အမျိုးသားအကျိုးစီးပွားကို များစွာထိခိုက်နိုင်ကြောင်း NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက သုံးသပ်ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိ သည့် ရွေးကောက်ပွဲစနစ်မှာ FPTP စနစ်သာဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက “PR စနစ်ကို ရွေးကောက်ပွဲစနစ် ကျင့်သုံးမယ်ဆိုရင် ပြည်သူ့ဆန္ဒခံယူပွဲက မဖြစ်မနေ လုပ်ရမှာဖြစ်ပါတယ်။ ဒီလို ဆန္ဒခံယူပွဲ လုပ်တဲ့အခါမှာ ပြင်ဆင်နိုင်ဖို့နည်းလမ်းကို စဉ်းစားကြရမှာဖြစ်ပါတယ်။ ဘယ်လိုဆန္ဒခံယူပွဲ လုပ်တယ်ဆိုတာ လေ့လာကြည့်
တော့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈၆ မှာ နိုင်ငံတော်နယ်နိမိတ်အဖြစ် သတ်မှတ်ရာမှာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်သက်ဆိုင်ရာ နယ်နိမိတ်အကျုံးဝင်သော တိုင်းဒေသကြီးလွှတ် တော် ထက်ဝက်ကျော် ဆုံးဖြတ်ပြီး သမ္မတထံ တင်ပြရမှာဖြစ်ပါတယ်။ ပြည်သူရဲ့ နယ်နိမိတ်နဲ့ အကျုံးဝင် တဲ့နေရာဒေသက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်ရဲ့ ဆန္ဒသဘောထားကို ရယူပြီးမှ တိုင်းနှင့်ပြည် နယ်ကိုယ်စားလှယ် လေးပုံသုံးပုံထောက်ခံမှ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်” ဟု ရွေးကောက်ပွဲစနစ်နှင့်ပတ် သက်၍ ဆွေးနွေးခဲ့သည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ PR စနစ် မကျင့်သုံးရန်အတွက် ကန့်ကွက်ဆန္ဒပြမှုများ ရှိနေကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List