Friday, October 31, 2014

ကိုပါကြီးအမှု စုံစမ်းစစ်ဆေးရန် အမေရိကန်နှင့် ဗြိတိသျှသံရုံး တိုက်တွန်း


အလွတ်သတင်းထောက် ကိုပါကြီးအား မြန်မာ စစ်တပ်က သတ်ဖြတ်လိုက်သည့် အပေါ် မြန်မာအစိုးရ အနေဖြင့် ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ရန်ကုန်အခြေစိုက် အမေရိကန်နှင့် ဗြိတိန် သံရုံးတို့က တောင်းဆို လိုက်သည်။

အမေရိကန် သံရုံး၏ ကြေညာချက်တွင် ပြီးခဲ့သည့် အောက်တိုဘာလဆန်းက မြန်မာစစ်တပ်က ဖမ်းဆီး ထားစဉ် ကိုပါကြီး ခေါ် အလွတ်သတင်းထောက် ဦးအောင်ကျော်နိုင် သေဆုံးမှု သတင်းများကို ကြားသိရ၍ အလွန်ဝမ်းနည်း စိုးရိမ်ပူပန်မိကြောင်း  ဖော်ပြထားသည်။

“သူ (ကိုပါကြီး) သေဆုံးမှု ဖြစ်တဲ့နေရာ ၀န်းကျင်မှာ ယုံကြည်နိုင်လောက်ပြီး၊ ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်း စစ်ဆေးမှု တွေကို အစိုးရက လုပ်ဆောင်ဖို့ ကျနော်တို့ တောင်းဆိုထားတယ်” ဟု အမေရိကန်သံရုံးက ဧရာဝတီကို ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အလွန်စိုးရိမ်စရာအဖြစ်လည်း မြန်မာအစိုးရကို အသိပေးထားကြောင်း၊ ကိုပါကြီး သေဆုံး မှုသည် မြန်မာနိုင်ငံတွင် စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် လုပ်ဆောင်နေကြသည့် သတင်းသမားများအား ပိုမိုကောင်းမွန်သည့် အကာအကွယ်ပေးမှုရှိရန် လိုအပ်သည်ကို မီးမောင်းထိုးပြ လိုက်ခြင်းဟုလည်း သံရုံး ကြေညာချက် က ဆိုသည်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးကလည်း ကိုပါကြီးသေဆုံးမှုနှင့်ပတ်သက်လည်း အလွန်စိုး ရိမ်ကြောင်း၊ အဖြစ်မှန်ပေါ် ပေါက်ရေးအတွက် အများပြည်သူ သိရှိရန် ပြည့်စုံသည့် စုံစမ်းစစ်ဆေးမှု တခု ဖြစ်လာမည်ကိုလည်း ယူဆ ကြောင်း ဧရာဝတီသို့ မှတ်ချက်ပေးပြောကြားသည်။

မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) သည် မြန်မာနိုင်ငံရှိ သတင်း မီဒီ ယာ အဖွဲ့အစည်းများအား အားဖြည့်ထောက်ပံနေသည့် အစီအစဉ်များ ရှိသော်လည်း အလွတ်သတင်းထောက်ကို အောင်ကျော်နိုင် သေဆုံးမှုနှင့်ပတ်သက်၍ မည်သို့ သဘောထားရှိသည်ကို သိရှိရန် ဧရာဝတီက မေးမြန်းမှုကို ချက် ချင်း တုံ့ပြန်မှတ်ချက် မပေးခဲ့ပေ။

မြန်မာအစိုးရ စစ်တပ်ကမူ ကိုပါကြီးခေါ် ကိုအောင်ကျော်နိုင်သေဆုံးခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီထံသို့ ပြီးခဲ့သည့် သောကြာနေ့က စာတစောင်ပေးပို့ခဲ့ကာ ဖြေရှင်းခဲ့သည်။

အဆိုပါ စာတွင် စက်တင်ဘာလ ၃၀ ရက်နေ့က မွန်ပြည် နယ်တွင် မြန်မာစစ်သားများက ဖမ်းဆီးခြင်းခံ ရသည့် သတင်း  ထောက်အား စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ ၄င်းအား ကရင် လက်နက်ကိုင် အဖွဲ့တခုဖြစ်သည့် KKO မှ ဗိုလ်ကြီး အောင်နိုင် ဖြစ်ပြီး အစောင့် စစ်သားထံမှ လက်နက်လုယူ ထွက်ပြေးရန် ကြိုးစားသည့် အတွက် အသေဖမ်းမိခဲ့သည်ဟုပါရှိသည်။

အဆိုပါစာတွင် ဦးအောင်ကျော်နိုင် ခေါ် ကိုပါကြီးအား တောတွင်းတနေရာတွင် ရိုက်ကူးထားသော ဓာတ်ပုံ ကိုပါ ဖော်ပြ ထားသည်။

အဆိုပါ ဓာတ်ပုံတွင် ပါဝင်သည့် ကိုဘိုအောင်က ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့စည်း) ရုံးခန်းတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ယမန်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ကိုပါကြီးသည် မည်သည့် လက်နက် အဖွဲ့အစည်းဝင်မဟုတ်ကြောင်း အတိအလင်းပြော ဆိုသွားသည်။

ကိုပါကြီး၏ ကျန်ရစ်သူ ဇနီး မသန္တာကလည်း “လက်နက်ကိုင် တပ်ဖွဲ့ဝင် မဟုတ်ဘဲနဲ့ လက်နက်ကိုင် တပ် ဖွဲ့ဝင်ဆိုပြီး သတ်ဖြတ် လိုက်တဲ့အတွက် ကျမအနေနဲ့ အရမ်း ရင်နာရပါတယ်။ ကျမ အမျိုးသားဟာ အခုချိန် ထိ ဘာလက်နက်မှ မကိုင်ခဲ့ပါဘူး။ လက်နက်ကိုင် လူသတ်ဖို့ မပြောနဲ့ ရန်တောင် မဖြစ်ခဲ့ဖူးပါဘူး။ ဒါကို လက်နက်ကိုင်တပ်ဖွဲ့ဝင်လို့ စွပ်စွဲပြီး ထုတ်ပြန်လိုက်တာပါ” ဟု သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List