Friday, October 31, 2014

ဓာတ်တော်၊ မွေတော်၊ နေပြည်တော်ဘုရား



ဗိုလ်ချုပ်မှူးကြီး သန်းရွှေဘုရားဟု ပြောကြားနေကြသည့် ဥပ္ပါတသန္တိ စေတီပေါ်မှ ကြည့်လိုက်လျှင် နေပြည် တော်တစ်ခွင် အားလုံးမြင်ရသည်။ ရှေးမင်းဆက်တို့၏ အစဉ်အလာအတိုင်း ဘာသာရေး အဆောက်အအုံ ကို မြို့တော်၏ အချက်အချာ ကျသည့်နေရာတွင် တည်ထားသည့် ဘုရားအား ဥပ္ပါတသန္တိစေတီဟု အမည် တွင်စေခဲ့သည်။

ဥပ္ပါတသန္တိသည် ရန်ကုန်မြို့၏ အထွတ်အမြတ် ဘုရားတစ်ဆူဖြစ်သော ရွှေတိဂုံ စေတီအတိုင်း ပုံတူပွား ထားခြင်း ဖြစ်သည်။ စေတီသစ်သည် ရွှေတိဂုံနှင့် ပုံတူတည်ထားသည် ဆိုသော်လည်း ဉာဏ်တော် အမြင့်မှာ တစ်လက်မ လျှော့ထားသည်။ သို့သော် မြန်မာ့အလင်း သတင်းစာ ဆောင်းပါးတစ်ပုဒ်တွင် ဥပ္ပါတသန္တိ စေတီသည် ဉာဏ်တော်အမြင့် ၃၂၅ ပေဟု ဆိုထားသဖြင့် ရွှေတိဂုံထက် အနည်းငယ် ပိုမြင့်နေသည်ဟုလည်း ဆိုကြသည်။

ကျွန်မ ဥပ္ပါတသန္တိစေတီသို့ ရောက်လာသည့် ညနေခင်းမှာ အနည်းငယ် စောသေးသည်။ သို့သော် မီးမောင်းကြီးများဖြင့် စေတီကို ထိုးထားသည်မှာ အလွန်ကြည်ညို သပ္ပာယ်လှသည်။ ကောင်းကင်မဲနယ် ရောင်နောက်ခံတွင် ရွှေရောင်ဖြင့် ဝင်းထိန်နေသော စေတီတော်ကြီးမှာ မီးရောင်ကြောင့် ပိုပြီးထွန်းလင်း နေတော့သည်။

ဤစေတီတော်သည် ရွှေတိဂုံစေတီနှင့် မတူသည့်အချက်မှာ လိုဏ်ဂူကြီး တစ်ခုအသွင် အောက်တွင် တည်ဆောက်ထားပြီး စေတီတော်အတွင်းသို့ ဝင်ရောက်နိုင်ခြင်း ဖြစ်သည်။ ကျွန်မရောက်စဉ်က အတွင်း၌ ပြင်ဆင်၍ မပြီးသေးသောကြောင့် ဝါးငြမ်းများတွင် အမျိုးသမီးအလုပ်သမားများတက်ကာ အလုပ်လုပ်နေကြ သည်ကို တွေ့ရသည်။ သူတို့သည် အဝင်မုခ်ဝအနီးရှိ ထွင်းထုထားသော ဖောင်းဝကြွ ပန်းပုရုပ်လုံးများကို သွားပွတ်တံများဖြင့် ပွတ်တိုက်ကာ သန့်ရှင်းနေကြသည်။ အတွင်းလိုဏ်ဂူနံရံနှင့် အမိုးခုံးများကို အစိမ်းရောင် သုတ်ထားသည်။ ဗုဒ္ဓ၏ ဟောကြားချက်များကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ရေးထိုးထားသည်။

မြန်မာ့အလင်း သတင်းစာ၏ အဆိုအရ ဥပ္ပါတသန္တိ စေတီတော်တွင် ဗိုလ်ချုပ်ကြီးများက ရှားပါးပြီး တန်ဖိုး ရှိသည့် ပစ္စည်းများဖြင့် ဌာပနာထားကြောင်း သိရသည်။ ယင်းတို့အထဲတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီးတို့က တရုတ်နိုင်ငံမှ ရရှိခဲ့သည့် ဗုဒ္ဓစွယ်တော်ကို ပူဇော်ထားပြီး၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက သီရိလင်္ကာနိုင်ငံမှ ရခဲ့သော ဗုဒ္ဓစွယ်တော်များကို ထည့်သွင်း ပူဇော်ထားသည်။ အခြားအလှူရှင်များ၏ စာရင်းကိုကား စေတီတော်၏ အောက်ခြေတွင် ရေးထိုး ဖော်ပြထားသည်။

၂၀၀၈ ခုနှစ် ဧပြီလက မြန်မာနိုင်ငံတွင် ထင်ရှားသည့် သာမည ဆရာတော် ဘုရားကြီး၏ ရုပ်အလောင်း ပျောက်သွားခဲ့သည်။ ထိုရုပ်အလောင်း ပျောက်ကွယ်သွားမှု၏ နောက်ကွယ်တွင် ဗိုလ်ချုပ်များ ပတ်သက် နေကြောင်း သတင်းများထွက်ခဲ့သည်။ ထိုအမှုသည် အလွန်ရှုပ်ထွေးလှသည်။ တစ်ညတွင် စစ်ယူနီဖောင်း များ ဝတ်ဆင်ထားသည့် လူတစ်စုသည် ၂၀၀၃ ခုနှစ်ကတည်းက ပျံလွန်တော် မူသွားသဖြင့် သင်္ဂြိုဟ်ထား သောဂူကို ရိုက်ဖျက်ကြသည်။ ပြီးလျှင် ဆရာတော်၏ ရုပ်အလောင်းကို မှန်ခေါင်းထဲကထုတ်ပြီး ယူဆောင် သွားကြသည်။

နောက်ရက်အနည်းငယ် အကြာတွင် ဘုန်းကြီးကျောင်းသို့ သတင်းများ ရောက်ရှိလာသည်။ ဆရာတော်၏ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်လိုက်ပြီး ပြာများကို အနီးနားရှိ ရွာများက ယူဆောင်သွား ကြပြီဆိုသည့် သတင်း ဖြစ်သည်။ ဆရာတော်၏ ရုပ်အလောင်းကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့ပြီးမှ အဘယ်ကြောင့် ပျောက် သွားရသည် ဆိုသည့် ပြဿနာကို ယနေ့တိုင် မည်သူမျှ ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။

ထွက်ပေါ်လာသည့် သတင်းများအရ ဆရာတော်၏ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်စဉ်က ပြာပုံထဲတွင် အလွန် အဖိုးတန်သော ဓာတ်တော်များကို တွေ့ခဲ့ရသည်ဟု ဆိုကြသည်။ ယင်းဓာတ်တော်များသည် ရဟန္တာများ မှသာ ချန်ထားနိုင်သော အဖိုးတန်များ ဖြစ်သည်။ ရဟန္တာဖြစ်ရန် ဆိုသည်မှာ နှစ်ပေါင်းများစွာ ကျင့်ကြံ အားထုတ်နိုင်မှရသည်။ ရဟန္တာ ဖြစ်ပြီးလျှင် ပျံလွန်သော် နိဗ္ဗာန်ရောက်ကြောင်း ယုံကြည်ကြသည်။

ရဟန္တာတွင် တန်ခိုးတော်များ ရှိသည်။ ကိုယ်ပျောက်နိုင်ခြင်း၊ အလိုအလျောက် ထိုးထွင်းသိမြင်နိုင်သည့် ဉာဏ်တော် ရှိခြင်းများအပြင် ကောင်းကင်တွင် ဈာန်ဖြင့် ပျံကြွနိုင်သည်ဟုပါ ယုံကြည်ကြသည်။ အကယ်၍ ထိုဓာတ်တော်များကို ပိုင်ဆိုင်ရလျှင် ထိုသူသည်လည်း တန်ခိုးရှိသည်ဟု ထင်ကြသည်။ သို့ဖြစ်ရာ ဓာတ်တော်များကို ဗိုလ်ချုပ်များ စိတ်ဝင်စားကြသည် ဆိုခြင်းမှာ အဆန်းတော့ မဟုတ်ပေ။

ကောလာဟလများအရ ဗိုလ်ချုပ်များသည် မြန်မာနိုင်ငံ အနှံ့အပြားရှိ ဘုန်းတော်ကြီး ကိုးပါး၏ ဓာတ်တော် များကို ယင်းဥပ္ပါတသန္တိ စေတီတော်အတွင်း ဌာပနာထားသည်ဟု ဆိုကြသည်။ နေပြည်တော်တွင် ထို သို့သော တန်ခိုးကြီးသည့် ဓာတ်တော်များ ထားရှိခြင်းဖြင့် အန္တရာယ်အပေါင်းက လွတ်ကင်းလိမ့်မည်ဟု ယုံကြည်ထားကြသည်။ ထိုဓာတ်တော်များကို ဤနေရာတွင် ထားခြင်းဖြင့် သူတို့၏ သြဇာအာဏာသည် မြန်မာနိုင်ငံတွင် ထာဝရ စိုးမိုးနိုင်လိမ့်မည်ဟုလည်း ဗိုလ်ချုပ်များက ထင်မှတ်ထားကြသည်။

ကျွန်မသည် ရန်ကုန်မြို့ရှိ ဓာတ်တော်များ ရှိသည်ဆိုသော ဘုန်းကြီးကျောင်း တစ်ကျောင်းသို့ ရောက်ခဲ့ သည်။ ဓာတ်တော် ဆိုသည်မှာ အပြာရောင် ကျောက်စရစ် ခဲလုံးလေးများ အသွင်ရှိပြီး ကြည်လင်နေသည်။ အစိမ်းရောင် အလုံးလေးများကလည်း စကျင်ကျောက်ကဲ့သို့ ဖြစ်နေသည်။ ဓာတ်တော်များကို ဖန်ပုလင်း ရှည်များအတွင်း ထည့်ထားပြီး အထွတ်အမြတ်ထားကာ ကိုးကွယ်နေကြခြင်း ဖြစ်သည်။

နေပြည်တော်၌ရှိသော ဥပ္ပါတသန္တိ စေတီ၏ ပူဇော်ပွဲအခမ်းအနားကို ၂၀၀၉ ခုနှစ် မတ်လတွင် ဆယ်ရက် တိုင် ကျင်းပခဲ့ကြသည်။ အခမ်းအနားများကို တစ်ဆင့်ပြီးတစ်ဆင့် ကြီးကျယ်စွာ လုပ်ဆောင်ရာ၌ ဗိုလ်ချုပ်ကြီးများ အားလုံးလိုလို ပါဝင်ခဲ့ကြသည်။ သံဃာတော်များသည် ငါးရက်တိုင် အသံမစဲ ပဋ္ဌာန်းပွဲများ ရွတ်ဖတ် ပူဇော်ခဲ့သည်။ သံဃာတော်များကို ဗိုလ်ချုပ်ကြီးများနှင့် ဇနီးများက လှူဖွယ်ပစ္စည်းများ အမြောက် အမြား ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ပြည်သူများ အတွက်လည်း ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးကြသည်။

ပွဲတော်၏ အထွတ်အထိပ်သည် စေတီတော်အား ထီးတော်တင်ခြင်း အခမ်းအနား ဖြစ်သည်။ ထီးတော် တင်ပွဲကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် ကြီးမှူးကျင်းပသည်။ ထီးတော်ကို စေတီ၏ အထွတ်အထိပ်သို့ တင်ရာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီးသားသမီးများ၊ ဆွေနီးမျိုးစပ်များ အားလုံးပါဝင်ကာ တင်ကြခြင်း ဖြစ်သည်။ ရွှေတိဂုံ စေတီတော်ပေါ်တွင် ကပ်လှူထားသည့် ထီးတော်ကဲ့သို့ပင် ယခုထီးတော်တွင်လည်း အဖိုးတန် ကျောက်မျက်ရတနာများ၊ ဗုဒ္ဓရုပ်ပုံတော်များနှင့် အခြားတန်ခိုးကြီး ဘုရားများ၏ ပုံတော်များကို ထွင်းထုထားသည့် ရွှေပြားများလည်း ပါဝင်ကြသည်။

မြန်မာ့အလင်း သတင်းစာကလည်း တာဝန်ကျေစွာဖြင့် ဥပ္ပါတသန္တိ စေတီတော်ကို ဖူးမြော်ရခြင်းသည် ရွှေတိဂုံ စေတီတော်ကြီးကို ဖူးမြင်ရသကဲ့သို့ တန်ခိုးကြီးလှကြောင်း ရေးသားဝါဒ ဖြန့်ပေးခဲ့သည်။ ထီးတော်တင်ပွဲ အခမ်းအနားကို ခမ်းနားစည်ကားစွာ ကျင်းပခဲ့သော်လည်း တည်ထားသည့် သူများကို မကြိုက်၍ထင်သည် သိပ်ပြီး မစည်ကားလှပေ။

မြန်မာမင်းများသည် ဘုရားစေတီများကို တည်ထားသည် ဆိုခြင်းမှာ အပြစ်များကို ဆေးကြောလိုခြင်း ကြောင့် ဖြစ်ကြောင်း အားလုံး သိရှိထားကြသည်။ ယခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တည်ထားသည့် စေတီမှာ လည်း သူ၏စိတ်ကို သန့်စင်စေရန် ဆေးကြောခြင်း ဖြစ်ကြောင်း အားလုံး သဘောပေါက် ထားကြပြီး ဖြစ်သည်။ မြို့တော်နှင့် စေတီတော်ကို ခမ်းနားကြီးကျယ်စွာ အခိုင်အခံ့ တည်ထားခြင်းကပင်လျှင် သူတို့ ကာလရှည်ကြာစွာ စိုးမိုးအုပ်ချုပ်မည် ဆိုသည့် သဘော သက်ရောက်နေသည်။ မြို့တော်ကြီးကို မြန်မာနိုင်ငံ ဗဟိုကျကျ နေရာတွင် အခိုင်အခံ့ တည်ထားခြင်းကပင်လျှင် သူ့မျိုးဆက်များအတွက် အခိုင်အမာ ပြုနေခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။

ကျွန်မ ဥပ္ပါတသန္တိ စေတီတော်သို့ ရောက်ချိန်တွင် ဘုရားဖူးလာသူ အနည်းငယ်သာ ရှိသည်။ ပြည်သူများ သည် ရွှေတောင်ကြီးကဲ့သို့ တလက်လက် တောက်ပနေသည့် စေတီကြီးကို လှည့်ပတ် ကြည့်ရှုကာ အံ့သြမိန်းမော နေကြသည်။ လူတွေက ကြာကြာမနေဘဲ ပြန်ဆင်းသွားကြသည်။ မုန်တိုင်းကျလာမည့် အရိပ်အယောင်ဖြင့် နေပြည်တော် တစ်ခွင်တွင် မည်းမှောင်လာသည်။

ကျွန်မ ဥပ္ပါတသန္တိစေတီမှ ထွက်လိုက်သည်နှင့် မိုးရွာတော့သည်။ ကျွန်မက ဟိုတယ်ဆီသို့ ဦးတည်သွားရန် ဘုရားလှေကားများကို အမြန်ပြေးဆင်းလိုက်သည်။ ကျွန်မလို လှေကားကို ပြေးဆင်းလာကြသူ များကို လည်း တွေ့ရသည်။ မိုးကသည်း လာသည်။ ကောင်းကင်တွင် လျှပ်စီးများ လက်ပြီး နောက်ဆက်တွဲအဖြစ် မိုးခြိမ်းသံ များကိုပါ ကြားလိုက်ရသည်။ ကျွန်မတို့သည် အရှိန်ကိုမမြှင့်ရဲ။ ခင်းထားသည့် ကျောက်ပြားတွေက မိုးရေကြောင့် ချောနေသည်။ ကျွန်မသည် အခြားဘုရားဖူးများနှင့်အတူ လှေကား လက်ရန်းအဖြစ် တပ်ဆင် ထားသည့် သတ္တုတန်းများကို ကိုင်ပြီး ဖြည်းဖြည်းချင်း အောက်ရောက်သည်အထိ ဆင်းလာရသည်။ 

ထိုအချိန်တွင် ကျွန်မသည် စေတီတော်ကြီးကို နောက်ပြန် လှည့်ကြည့်လိုက်မိသည်။ မုန်တိုင်းမကျမီက တောက်ပြောင်ပြီး ရွှေရောင်လွှမ်းနေသည့် စေတီတော်ကြီးသည် မုတ်သုံမိုးကြောင့် အမှောင်ပိတ်ဖုံး လုနီးပါး ဖြစ်သွားသည်။


The Voice Weekly

No comments:

Post a Comment

My Blog List