Tuesday, October 28, 2014

“ကောင်းမွန်တဲ့ ဥပဒေတွေ မထွက်လာနိုင်တာ တော်တော်များများ တွေ့ရတယ်”


လက်ရှိအစိုးရက မီဒီယာသမားတွေကို ဖမ်းဆီး အရေးယူမှုများ အပါအ၀င် မီဒီယာတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ကို ထိန်းချုပ်နိုင်ဖို့ အတွက် ဖိအားပေးကြိုးပမ်းမှု ပြုလုပ်တာတွေ များလာနေပါတယ်။မကြာသေးတဲ့ ရက်ပိုင်းကပဲ အမျိုးသားလွှတ်တော်ကနေ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ထပ်မံ အတည်ပြုလိုက်ပါတယ်။

အဲဒီဥပဒေထဲမှာလည်း ပုဂ္ဂလိက ရုပ်သံ မီဒီယာတွေကို အစိုးရက အပြည့်အ၀ ထိန်းချုပ်နိုင်မယ့် အချက်တွေ ထည့်သွင်း ရေးဆွဲထား တာ တွေ့ရပါတယ်။

ဒီလို အခြေအနေတွေမှာ ၂၀၁၃ ခုနှစ်က မူကြမ်း ရေးဆွဲပြီးဖြစ်တဲ့ အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေ အပါအ၀င် ရုပ်မြင်သံကြား နဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်း တို့ကို ပြည်သူ့လွှတ်တော်မှာ ပြင်ဆင်နိုင်ဖို့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော်ရေးရာ ကော်မတီအနေနဲ့ သဘောထားအမြင်ကိုရယူဖို့ အောက်တိုဘာ ၂၅ ရက်က ရန်ကုန် ကျောက်တံတားမြို့နယ်မှာ ရှိတဲ့ သင်တန်းခန်းမတခုမှာ သတင်းမီဒီယာတွေ နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

အဲဒီလို သတင်းမီဒီယာ ဥပဒေတွေနဲ့ ပတ်သက်ပြီး ပြင်ဆင် ပြောင်းလဲရေး ကြိုးပမ်းနေတဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကို ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် သူဇာက တွေ့ဆုံ မေးမြန်း ထားပါတယ်။

မေး။  ။ NLD အနေနဲ့ ဒီဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး ဘယ်လိုဆောင်ရွက် သွားမလဲ။

ဖြေ။  ။ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေဆိုပြီး အမျိုးသားလွှတ်တော်ကနေ ပြည်သူ့လွှတ်
တော်ကို ရောက်လာတယ်။ ဒီဥပဒေအပေါ် အပြင်မှာလည်း အသံတွေကြားနေရတယ်။ ဒီဥပဒေဟာ ထိန်းချုပ်မှုတွေ များတယ်။ အခွင့်အလမ်းတွေကို သာတူညီမျှ ဆောင်ရွက်ခွင့်မပေးထားဘူး။ ထိန်းချုပ်မှုတွေ ရှိနေတယ်ဆိုပြီး တော်တော်များများ ထွက်လာတယ်။ ကျနော်တို့ဆီမှာလည်း ရုပ်မြင်သံကြားနဲ့ အသံထုတ် လွှင့်ခြင်းဆိုင်ရာ လုပ်ငန်းတွေ သိပ်များများ မရှိသေးဘူးဆိုတော့ ဒီဥပဒေကြမ်းမှာက လုပ်ခွင့် ရနေတဲ့ သူတွေကို ပိုပြီး လုပ်ခွင့်ပေးထားပြီးတော့ လုပ်ခွင့်မရသေးတဲ့သူတွေ ကိုတော့ ပိုပြီးထိန်းထားသလိုမျိုး ဖြစ်နေတဲ့အတွက် ဒီဥပဒေအပေါ်မှာ ပါဝင်ဆောင်ရွက်သူတွေရဲ့ အသံတွေကို နားထောင်ချင်လို့ အခုလို ဆောင်ရွက်ခဲ့တာပါ။ တွေ့ဆုံမှုလုပ်လိုက် တော့ သူတို့ရဲ့ အသံတွေ ကျနော်တို့ ရလာတယ်။ ရလာတဲ့ အသံတွေကို လွှတ်တော်ထဲ ယူဆောင်သွားမယ်။ လွှတ်တော်ထဲကနေ ဒီဥပဒေကို အဆင့်ဆင့် လွှတ်တော်
ရေးရာ ကော်မတီ၊ ဥပဒေကြမ်း ကော်မတီကနေ လွှတ်တော်ထဲ ရောက်အောင် ကျနော်တို့ ဆောင်ရွက်သွား မှာပါ။

မေး။  ။ အမျိုးသား လွှတ်တော်ဘက်ကနေ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို အတည်ပြုလိုက်တယ်ဆိုတော့ ဒီဥပဒေအပေါ် အစိုးရရဲ့ သဘောထား ဘယ်လိုရှိတယ်လို့ မြင်ပါသလဲ။

ဖြေ။  ။ အများပြည်သူ ၀န်ဆောင်မှု ဥပဒေဆိုပြီး ကျနော်တို့ လွှတ်တော်ကို အရင်စပို့တယ်။ မီဒီယာတွေ ဆွေးနွေးမှုတွေအရ ဒီဥပဒေ ဟာ နိုင်ငံပိုင် မီဒီယာကို နိုင်ငံပိုင် ၀ါဒဖြန့်ချိရေးပေါ့နော်။ အစိုးရရဲ့ ၀ါဒဖြန့်ချိရေးကို အများပြည်သူ ၀န်ဆောင်မှုလို့ အရေခွံ ခြုံလိုက်ပြီးတော့ ပြည်သူလူထုရဲ့ ဘဏ္ဍာငွေတွေနဲ့ သူတို့ရဲ့ ၀ါဒဖြန့်ချိရေးကို လုပ်မယ့်အပေါ်မှာ တော်တော်များများက မကျေနပ်ကြဘူး။ အဲဒီမကျေမနပ်ဖြစ်နေ တဲ့အတွက် ကျနော်တို့ ပြည်သူ့လွှတ်တော်က ဆိုင်းငံ့နေရင်တောင်မှ ဒီဥပဒေနဲ့ တဆက်ဆက်တည်း ဖြစ်တဲ့ ရုပ်မြင်သံကြား ဥပဒေကို အမျိုးသား လွှတ်တော်ဘက်ကနေပြီးတော့ တင်ပြီး ချပြလိုက်သလိုမျိုးကို ဖြစ်နေ တယ်။ ဒီဟာ အပေါ် မှာ ကျနော်မြင်တာကတော့ အစိုးရဘက်က လုပ်ဆောင်မှုဟာ ရိုးသားမှု မရှိဘူးလို့ ကျနော်ဒီလိုပဲ ပြောချင်တယ်။

မေး။  ။ ဒါဆို မီဒီယာလောကကို ထိန်းချုပ်ချင်တဲ့ သဘောမျိုးလို့ ဆိုနိုင်မလား။

ဖြေ။  ။ ကျနော်မြင်သလောက်ကတော့ ဥပဒေတွေ တော်တော်များများမှာ ထိန်းချုပ်ဖို့ ကြိုးစားလာတာတွေ များတယ်။ ဒါပေမယ့် ကျနော်တို့ လက်ရှိ လွှတ်တော်က ဥပဒေပြုတဲ့နေရာမှာ အယူအဆနှစ်ခု ရှိနေတယ်။ အဲဒီတခုက ဥပဒေက လွတ်လပ်ခွင့်ကို ပေးပြီး တော့ လွတ်လပ်စွာ ရှင်သန်ပြီး ကိုယ့်ကိုယ်ကိုယ် တာဝန်ယူ၊ တာဝန်ခံမှုတွေနဲ့ ဆောင်ရွက်တတ်တဲ့ အလေ့အထကို ထူထောင်တဲ့ ဥပဒေမျိုးတွေ ဖြစ်ဖို့ ဆိုတာတခု၊ တဘက်က ဥပဒေတွေဟာ ထိန်းချုပ်မယ်၊ ကန့်သတ်မယ်၊ ပြစ်ဒဏ်ပေးမယ် ဆိုတာမျိုးတွေနဲ့ အဲဒီနှစ်ခုရဲ့ လွန်ဆွဲနေတဲ့ အခြေအနေဟာ ကျနော်တို့ အခုလွှတ်တော်မှာ ကြုံနေရတဲ့ အခြေအနေ၊ အဲဒီအခြေအနေမှာ ဌာနဘက် က လည်း တချို့အခြေအနေတွေကို သူတို့ဝန်ကြီးဌာနရဲ့ သြဇာသက်ရောက်နိုင်မှုအတွက် ကြိုးပမ်းလာတာတွေ ရှိတယ်။ အဲဒီအခြေ အနေနှစ်ခုဟာ လွှတ်တော်မှာ ပြုတဲ့ ဥပဒေတွေမှာ အခက်အခဲ တော်တော်များများ ရှိပါတယ်။ ဒါကြောင့်မို့ အခုလို ကာလမျိုးမှာ ဥပဒေတွေဟာ ကောင်းမွန်တဲ့ ဥပဒေတွေ မထွက်လာနိုင်တာ တော်တော်များများ တွေ့ရတယ်။ ဘာကြောင့်ဆို ပွင့်ပွင့်လင်းလင်းပြောရရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ်တွေဟာ လွှတ်တော်မှာ လူနည်းစုပဲ ဖြစ်နေတယ်။

နောက်ပြီး ဒီမိုကရေစီဆိုတာကို ကိုင်ဆွဲပြီး ဆောင်ရွက်နေတဲ့ သူတွေဆိုတာ လည်း နည်းနေတယ်။ အဲဒီအတွက် ဥပဒေတွေကို ပြုရတဲ့နေရာမှာ တော်တော်များများ အခက်အခဲရှိပါတယ်။

မေး။  ။ ရုပ်သံဥပဒေမှာ အစိုးရအနေနဲ့ ဘယ်အချက်တွေဟာ ထိန်းချုပ်မှုတွေ လုပ်နေပါတယ်လို့ ပြောလို့ရမလဲ။

ဖြေ။  ။ ဒီအခြေအနေကိုတော့ ကျနော် အသေးစိတ် မဆွေးနွေးနိုင်ဘူး။ ဘာဖြစ်လို့လည်းဆို ဆွေးနွေးရမယ့် အချက်တွေက အများကြီး ဖြစ်နေပါတယ်။ အခုဆွေးနွေးပြရင်လည်း ပြီးမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီဥပဒေဟာ ထိန်းချုပ်တဲ့ ချုပ်ချယ်မှုတွေနဲ့ အခွင့်အရေး တန်းတူ မပေးထားဘူး ဆိုတာကိုတော့ သေချာနေပါတယ်။ ဒါတွေကို ပြုပြင်ပြောင်းလဲဖို့ ကျနော်တို့ လုပ်ရပါမယ်။

မေး။  ။ အများပြည်သူ ၀န်ဆောင်မှု ဥပဒေနဲ့ ရုပ်မြင်သံကြား ဥပဒေ နှစ်ခုက စပ်ဆက်မှုတွေ ရှိနေတယ်။ ဘယ်လို စပ်ဆက်ပြီး ရေး ဆွဲ ထားတာပါလဲ။

ဖြေ။  ။ ရုပ်မြင်သံကြားဆိုတာ ကျနော်တို့ နိုင်ငံမှာ အစိုးရကပဲ လုပ်တာ။ အခုနောက်ပိုင်းကျမှ ပုဂ္ဂလိကကို ပေးလုပ်တယ်ဆိုတာ Sky Net တို့၊ MRTV-4 တို့လောက်ပဲ ရှိတယ်။ အဲဒီအချိန်မှာ အများပြည်သူ ၀န်ဆောင်မှုဆိုတဲ့ စကားရပ်ကိုကျတော့ အစိုးရ ရုပ်မြင် သံကြားကို ထည့်တယ်။ ရုပ်မြင်သံကြား ဥပဒေနဲ့ လိုက်နာရမှုမှာတော့ Sky Net နဲ့ MRTV-4 တို့က လိုက်နာရမှာ။ ဒါပေမယ့် Sky Net နဲ့ MRTV-4 တို့ကို လက်ရှိမှာ ဒီဥပဒေ မရှိဘဲနဲ့ ဆောင်ရွက်ခွင့် ပြုထားပြီ။ ဒီဥပဒေနဲ့ အညီ နောက် ပါဝင်လာကြမယ့် မီဒီယာ တွေကိုကျတော့ ဥပဒေထွက်ပြီးမှ ဆောင်ရွက်ခွင့်ရမယ်။ လုပ်ဆောင်တဲ့ ပုံစံတွေဟာ နည်းနည်း မညီမမျှ ဖြစ်နေတာတွေ ရှိတယ်။

အဲဒါကြောင့်မို့ ဒီဥပဒေနှစ်ခုမှာ အများပြည်သူ ၀န်ဆောင်မှု ဥပဒေက အစိုးရရဲ့ ရုပ်မြင်သံကြားကို ဆိုလိုပြီးတော့ ရုပ်မြင်သံကြားဆို တာ က ပုဂ္ဂလိကတွေကို လိုက်နာရမယ့် ဥပဒေ၊ အဲဒီနေရာမှာ အများပြည်သူ ၀န်ဆောင်မှု နေရာကနေ အစိုးရက ပြည်သူ့ဘဏ္ဍာငွေနဲ့ လုပ်မှာ ဟိုရုပ်သံ ဥပဒေကျတော့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လုပ်ရမှာ။ ဒီလိုမျိုး ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လုပ်ရမယ့် အခြေအနေတောင် မှ ရှေ့က ကြိုပြေးပြီးတော့ တချိန် အစိုးရလက်ထက်က ခရိုနီလို့ နာမည်ကြီးခဲ့တဲ့သူတွေကို ကြိုပြေးခိုင်းထားပြီးတော့ နောက်လူ တွေက ဥပဒေထွက်မှလုပ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ အဲဒီဥပဒေမှာလည်း ချုပ်နှောင်မှုတွေ ထိန်းချုပ်မှုတွေက ဆိုလာရော၊ ဒါကြောင့်မို့ ဒီအခြေအနေဟာ မျှတတဲ့ ဥပဒေတရပ် မဖြစ်လာနိုင်ဘူးဆိုတဲ့ အတွက် ကျနော်တို့တွေက ရှေ့က ကြိုလုပ်နေတဲ့သူပဲ ဖြစ်ဖြစ်၊ နောက်လုပ်မယ့် သူပဲဖြစ်ဖြစ်၊ ဘယ်သူမှ သာစေနာစေ မဟုတ်ဘဲနဲ့ မျှတတဲ့ အခြေအနေတခု ဖြစ်ဖို့ ကျနော်တို့ ကြိုးစားချင် တယ်။

ရှေ့က အများပြည်သူ ၀န်ဆောင်မှုဆိုပြီးတော့ နိုင်ငံတော် သတင်းမီဒီယာတွေကို အများပြည်သူ အတွက် လုပ်ပေးနေတာပါဆိုပြီး တော့ ပုံစံပြောင်းလဲမှုကိုလည်း စနစ်ကျတဲ့ ပြောင်းလဲမှု ပုံစံဖြစ်မှ ဒါဟာ ချိတ်ဆက်လို့ ရမှာ။ ဒီဥပဒေနှစ်ရပ်ကတော့ ချိတ်ဆက် နေ တဲ့ ဥပဒေပါပဲ။

မေး။  ။ ပုံနှိပ်ထုတ်ဝေခွင့် ဥပဒေ အတည်မပြုခင်ကလည်း ပြင်ဆင်ချင်တဲ့ အချက်တွေကို မီဒီယာတွေက တင်ပြနေရင်းနဲ့ အတည်ပြုခဲ့တယ်။ အခုလည်း ဒီဥပဒေ နှစ်ခုမှာ မီဒီယာတွေရဲ့ ပြင်ဆင်မှုကရော ထိရောက်မယ်လို့ ထင်လား။

ဖြေ။  ။ ဒါကြောင့်မို့လို့ အားလုံးပါဝင်ကြပါလို့ ကျနော်တို့ တိုက်တွန်းနေတာ။ အားလုံးပါဝင်ခြင်းအားဖြင့် ကျနော်တို့ ကြိုက်နှစ်သက် တဲ့ အချိန်အထိလောက် မဟုတ်သော်လည်း တစုံတရာတော့ ကျနော်တို့ ပြင်သွားနိုင်လိမ့်မယ်။ ဘာမှ မလုပ်ဘဲနဲ့ဆိုရင် အဲဒီဥပဒေကြီး ဒီအတိုင်း ထွက်သွားလိမ့်မယ်။ အဲဒီအတွက် အားလုံးပါဝင်ပြီးတော့ အကြံတွေ ပြုသွားမယ်။ အားလုံး ပူးပေါင်းဆောင်ရွက်ကြမယ်။ ဒီလွှတ်တော်ထဲမှာ လည်း ဆောင်ရွက်သွားမယ်ဆိုရင် ကျနော်တို့ အများစု အနိုင်ရထားတာ မဟုတ်သော်လည်း ကျနော်တို့ လုပ်နိုင်မယ်လေ။ ကျနော်တို့ဟာ ဥပဒေတရပ်ကို ပြုနိုင်တဲ့ အခြေအနေလည်း မရှိဘူး။ ဒါပေမယ့် သြဇာအရှိန်အ၀ါတော့ ရှိတယ်။ ဘာဖြစ်လို့လဲဆို အတိုက်အခံပါတီကြီး ဆိုတဲ့ အခြေအနေ၊ ကျနော်တို့ ပါတီဥက္ကဌရဲ့ သြဇာ အရှိန်အ၀ါ၊ ဒါကြောင့်မို့လို့ ကျနော်တို့ ဥပဒေတွေကိုတော့ တဆင့်တိုးပြီး လုပ်သွားနိုင် လိမ့်မယ်လို့ ထင်ပါတယ်။

မေး။  ။ ဥပဒေတိုင်းမှာ အစိုးရ လက်အောက်မကင်းတဲ့ အဖွဲ့အစည်း ဖွဲ့စည်းဖို့ ပါဝင်တာ တွေ့ရတယ်။ အခု ရုပ်သံ ဥပဒေမှာလည်း အစိုးရ အများဆုံးပါဝင်တဲ့ အဖွဲ့အစည်းပါဝင်နေတယ်။ ဒါဟာ ဥပဒေတွေ အပေါ်မှာ အစိုးရရှိနေတယ်လို့ သူတို့ ဆိုလိုချင်တာလား။

ဖြေ။  ။ ဥပဒေတွေဟာ အရင် အာဏာရှင် စနစ်က အတွေးအခေါ် စဉ်းစားမှုတွေနဲ့ ခေါက်ရိုးကျိုးနေတယ်။ ဒါကြောင့်မို့လို့ ဒီအချိန် ကာလဟာ ဒီမိုကရေစီ ကူးပြောင်းရေးရဲ့ အကြိုကာလလို့ ဆိုတာပါ။ အာဏာရှင် စနစ်ကို ထင်တိုင်းကြဲလာပြီးတော့မှ အခုဟာ အာဏာရှင်တွေရဲ့ အမူးပြေချိန်လောက်ပဲ ရှိနေပါသေးတယ်။ ဒီမိုကရေစီ ပြောင်းလုပ်မယ်လို့ဆိုတဲ့အချိန်ကာလမျိုးမှာ ကြုံတွေ့ရတဲ့ အဓိက ပြဿနာပါပဲ။အသွင်ကူးပြောင်းရေး ဆိုတာ အတိုက်အခံနဲ့ လက်ရှိ အာဏာရထားတဲ့ သူတွေနဲ့ ပူးပေါင်းဆောင်ရွက် တဲ့ ကာလ။ အဲဒီလို ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေမရောက်သေးတဲ့အတွက် အခု ကျနော်တို့ မြင်နေရတဲ့ ဥပဒေတွေ တော် တော်များများဟာ ဒီလိုအခြေအနေမျိုး ဖြစ်နေတာ။ မှန်ပါတယ်။ ဥပဒေတွေဟာ အစိုးရရဲ့ ထိန်းချုပ်ဖို့၊ ကန့်သတ်ဖို့၊ ချုပ်ချယ်ဖို့ အခြေ အနေမျိုးတွေ လာဖြစ်နေတယ်။ အစိုးရကလည်း တနည်းတလမ်းနဲ့ ဒီထဲမှာ လာပြီးစွက်ဖက်ပါဝင်ဖို့ အတွက် ကြိုးပမ်းနေတာတွေ ကို တွေ့နေရတာပါ။ အမှန်က လွတ်လပ်ပြီး သြဇာရှိ တဲ့ အဖွဲ့အစည်းမျိုးတွေ ဖြစ်သင့်ပါတယ်။

မေး။  ။ အစိုးရသစ်ဖြစ်လာတဲ့ ဒီ ငါးနှစ်တာ ကာလအတွင်းမှာ မီဒီယာနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေကို တလျှောက်လုံး မြန်မြန် ဆန် ဆန် တင်သွင်းလာတာဟာ ဘာကြောင့်လို့ ထင်ပါလဲ။

ဖြေ။  ။ ဒီမိုကရေစီ အခင်းအကျင်းအတွက် သူတို့ ကြိုပြင်ဆင်ပေးနေတာပါဆိုတဲ့ အခြေအနေနဲ့ ဒါတွေကို ကြိုပြင်တာပေါ့နော်။ ဒါပေမယ့် တကယ်လက်တွေ့ မှာတော့ ဒီမိုကရေစီစနစ်မှာ သူတို့ ဘယ်လောက်အထိ ထိန်းချုပ်ထားနိုင် သလဲဆိုတဲ့ အခြေအနေကို အစိုးရ ဘက်က ကြိုးစားနေတယ်လို့ပဲ ကျနော်တို့ မြင်တယ်။ ဒါကြောင့် အစိုးရဘက်က ဒီအခြေအနေတွေကို ပြုပြင်ပြောင်း လဲနိုင်ဖို့အတွက် ကျနော်တို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

မေး။  ။ မီဒီယာတွေ အနေနဲ့ရော NLD ကို ဘယ်အချက်တွေကို အဓိကထား ပြင်ဆင်ဖို့ အကြံပြုပါသလဲ။

ဖြေ။  ။ သူတို့ အဓိက အကြံပြုတဲ့ အချက်မှာတော့ Level Ground(အခွင့်အရေး ညီမျှမှု) မရှိဘူးပေါ့။ အစိုးရ ကနေ စွက်ဖက်မှုတွေ များနေတယ်ပေါ့။ အစိုးရ ရုပ်သံတွေရဲ့ အခန်းကဏ္ဍကနေ၊ အစိုးရရဲ့ ပတ်သက်နေ တဲ့ သူတွေကို ပေးထားတဲ့ အခွင့်အလမ်းတွေ တအားများနေတယ်ဆိုတဲ့ အခြေအနေတွေကို တော်တော် များများ ထောက်ပြထားတယ်။  

ဧရာဝတီ

No comments:

Post a Comment

My Blog List