Monday, October 27, 2014

MAI လေကြောင်းလိုင်းမှ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့သို့ တစ်ပတ်လျှင် ငါးကြိမ် ပုံမှန်ခရီးစဉ် စတင်ပျံသန်း


အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) မှ အောက်တိုဘာ ၂၆ ရက်မှ စတင်ကာ တောင်ကိုရီးယား နိုင်ငံ အင်ချွန်းမြို့သို့ တစ်ပတ်လျှင်ငါးကြိမ် ပုံမှန်ခရီးစဉ်အား စတင်ပျံသန်းခဲ့ကြောင်း သတင်းရရှိပါသည်။

“MAI လေကြောင်းလိုင်းအနေနဲ့ ၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်ကစပြီး တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့ကို တစ်ပတ်ငါးကြိမ် ဗုဒ္ဓဟူးနဲ့ စနေနေ့တွေက လွဲပြီး ပုံမှန်ခရီးစဉ် စတင်ပျံသန်းနေပြီဖြစ်ပါတယ်” ဟု MAI လေကြောင်းလိုင်းမှ Marketing & Public relations Manager မအေးမရသာက ပြောကြားခဲ့ သည်။

MAI လေကြောင်းလိုင်း၏ အင်ချွန်း-ရန်ကုန် အသွားအပြန် လေကြောင်းခရီးစဉ် တစ်ခုအတွက် အမေရိကန်
ဒေါ်လာ ၆ဝဝ ဝန်းကျင်ခန့် ကျသင့်မည်ဖြစ်သည်။

ယင်းပြင် MAI လေကြောင်းလိုင်းသည် အောက်တိုဘာ ၈ ရက်မှစတင်ကာ ဂျပန်နိုင်ငံသို့ တစ်ပတ်သုံးကြိမ် ပုံမှန်ခရီးစဉ် စတင်ပျံသန်းခဲ့သည်။

ဂျပန်နိုင်ငံ၊ အိုဆာကာရှိ ကန်ဇိုင်းလေဆိပ်သို့ တိုက်ရိုက်ခရီးစဉ် ပျံသန်းမည့် ကန်ဇိုင်း-ရန်ကုန် အသွားအပြန် လေကြောင်းခရီးစဉ်တစ်ခုအတွက် ဒေါ်လာ ၇ဝဝ ဝန်းကျင်ခန့် ကျသင့်မည်ဟု သိရသည်။

MAI လေကြောင်းလိုင်းမှ ကိုရီးယား-ရန်ကုန်ခရီးစဉ်အား ၂ဝ၁၃ ခုနှစ်မှ စတင်ကာ Korean Air, Asiana လေကြောင်းလိုင်းများဖြင့် (Code Share) အကျိုးတူ ပူးပေါင်း၍ ပျံသန်းခဲ့ပြီး ၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ စင်းလုံးငှားခရီးစဉ် စတင်ပျံသန်းခဲ့သည်။

MAI လေကြောင်းလိုင်းသည် မြန်မာနိုင်ငံနှင့် ယူအေအီးနိုင်ငံ နှစ်နိုင်ငံအကြား ယခင်ကလေကြောင်း သဘောတူစာချုပ် ချုပ်ဆိုထားခြင်းမရှိဘဲ ၂ဝ၁၄ ခုနှစ်၊ မတ် ၁ဝ ရက်တွင် ယူအေအီးနိုင်ငံ၌ ပထမဆုံး လေကြောင်းသဘောတူစာချုပ် ချုပ်ဆိုခဲ့မှုကြောင့် မြန်မာနိုင်ငံမှ ယူအေအီးနိုင်ငံသို့ ပျံသန်းခွင့်ရ လေကြောင်း လိုင်း အဖြစ် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းအား သတ်မှတ်ခြင်းခံခဲ့ရ သည်။ သို့ဖြစ်၍ MAI လေကြောင်းလိုင်းအနေဖြင့် ၂ဝ၁၅ ခုနှစ်တွင် ယူအေအီး နိုင်ငံသို့ ပုံမှန်ခရီးစဉ် ပျံသန်းမည်ဖြစ်သည်။

MAI လေကြောင်းလိုင်းသည် ခရီးသည် ၁၈ဝ ဆံ့ Airbus A 320 လေယာဉ် ၇ စီး၊ ခရီးသည် ၁၂ဝ ဆံ့ Airbus A 319 လေယာဉ် ၂ စီးဖြင့် ရန်ကုန်မြို့မှ ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုး၊ ဆီရမ်ရိ၊ ဖနွမ်းပင်နှင့် ဂယာမြို့များသို့ ခရီးစဉ် များ ပျံသန်းလျက်ရှိသည်။

Eleven Media Group

No comments:

Post a Comment

My Blog List