Tuesday, June 02, 2020

UNICEF မှဝယ်ယူထားသည့် ပုံမှန်ကာကွယ်ဆေး တစ်သန်းကျော်နှင့် ကိုဗစ်-၁၉ ရောဂါပိုးစမ်းသပ်ကိရိယာများ ရန်ကုန်မြို့သို့ရောက်ရှိ

ပုံမှန်ကာကွယ်ဆေးပမာဏ တစ်သန်းကျော်နဲ့ ကိုဗစ်-၁၉ ရောဂါပိုးစမ်းသပ်ကိရိယာ (test kits)တွေ သယ်ဆောင် လာတဲ့ အထူးလေယာဉ်ဟာ ဇွန်(၁)ရက်က ရန်ကုန်မြို့ကိုရောက်ရှိခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန် ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းရှိ ကာကွယ်ဆေးထိုးအစီအစဉ်တွေ ပြန်လည်စတင်မှုကို ပံ့ပိုးဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ငွေကြေးပံ့ပိုးမှုနဲ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ကတစ်ဆင့် ဝယ်ယူထားတဲ့ ပုံမှန်ကာကွယ်ဆေးထိုး ဆေးဝါးပစ္စည်းတွေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေဆောင်ရွက်ရာမှာ အသုံးပြုဖို့အတွက် ကိုဗစ်-၁၉ ရောဂါပိုးစမ်းသပ် ကိရိယာ (test kits)တွေ သယ်ဆောင်လာတဲ့ အထူးလေယာဉ်ဟာ ဇွန်(၁)ရက် မွန်းလွဲပိုင်းက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာခဲ့တာပါ။
အဲဒီအထူးလေယာဉ်ဟာ UNICEF ရဲ့အစီအစဉ်နဲ့ရောက်ရှိလာတာဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေးဆောင်ရွက်မှုတွေနဲ့ ရောဂါပိုးကို အရှိန်မြှင့်ပြီး ပိုမိုစစ်ဆေးနိုင်ဖို့အတွက် UNICEFရဲ့ စဉ်ဆက်မပြတ် ပံ့ပိုးမှုတွေက အစိတ်အပိုင်းတစ်ရပ်အဖြစ် ရောက်ရှိလာတာဖြစ်ပါတယ်။
အထူးလေယာဉ်နဲ့ရောက်ရှိလာတဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေမှာ ကိုဗစ်-၁၉ ရောဂါပိုးစမ်းသပ်ကိရိယာ (test kits) အခုရေ ၁၀၀၀၀ နဲ့ ပုံမှန်ကာကွယ်ဆေး ပမာဏ ၁ ဒဿမ ၁၆ သန်းဖြစ်ပြီး အဲဒီဆေးဘက်ဆိုင်ရာ ပစ္စည်း တွေကို UNICEF ရဲ့အစီအစဉ်နဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ သက်ဆိုင်ရာဌာနတွေကိုပို့ဆောင်သွား မှာဖြစ်ပါတယ်။
ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်အတွက် ကာကွယ်ဆေးတွေရောက်ရှိလာရေးကို ကူညီပေးဖို့ UNICEF အနေနဲ့ မြန်မာနိုင်ငံအစိုးရ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ Gavi (Global Alliance for Vaccines and Immunisation) အဖွဲ့တို့အပြင် တခြားမိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း UNICEF ရဲ့ သတင်းထုတ်ပြန် ချက်အရ သိရပါတယ်။
အလားတူ UNICEF အနေနဲ့ Gavi အဖွဲ့ရဲ့ထောက်ပံ့မှုနဲ့ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အသုံးပြုဖို့အတွက် ကိုဗစ်-၁၉ ရောဂါပိုးစမ်းသပ်ကိရိယာ (test kits)နဲ့ ဆက်စပ် ပစ္စည်းတွေကို မေလအတွင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ထောက်ပံ့ကူညီခဲ့တဲ့အပြင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အသုံးပြုဖို့အတွက် အိန္ဒိယ၊ တရုတ်၊ ကိုရီးယား၊ စင်ကာပူနဲ့ ဂျပန်နိုင်ငံတို့ကလည်း ဆေးဝါး၊ စက်ပစ္စည်းနဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းတွေကို ထောက်ပံ့ ကူညီလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

No comments:

Post a Comment

My Blog List