Tuesday, June 02, 2020

ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို သတိပေးရုံဖြင့် မလုံလောက်ဘဲ ဥပဒေချိုးဖောက်ပါက အရေးယူရန် လိုအပ်ဟု တက်ကြွလှုပ်ရှားသူများပြော

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို ကိုဗစ်ကာလ ဗဟိုက ချမှတ်ထားသော စည်းကမ်းများနှင့် အမိန့် ညွှန်ကြားချက်များကို လိုက်နာရန်နှင့်NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သတိပေးကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဥက္ကဋ္ဌ ၂ ဒေါက်တာဇော်မြင့်မောင်က မေလ ၃၁ ရက်နေ့က ပြောဆိုလိုက်ရာ ဥပဒေနှင့် စည်းကမ်းများကို ချိုးဖောက်ပါက သတိပေးရုံဖြင့် မလုံလောက်ဘဲ အရေးယူရန်လိုအပ်ကြောင်း တက်ကြွလှုပ်ရှားသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။
COVID-19 ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက လူစုလူဝေး မပြုလုပ်ရ၊ ဘာသာရေးနှင့် ရိုးရာပွဲများ မကျင်းပရ ဟု အမိန့် ညွှန်ကြားချက်ထုတ်ပြန်ထားသော်လည်း မေလ ၂၄ ရက်နေ့ ဗိုလ်တထောင်စေတီတွင် ရှင်ဥပဂုတ္တဖောင်တော်ရေမျှောပွဲနှင့် အမတော်မြနန်းနွယ် ကျောင်းဆောင်ရွှေ့ပြောင်းပွဲကို လူစုလူဝေးဖြင့်ကျင်းပခဲ့ခြင်းဖြစ်သည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက တက်ကြွလှုပ်ရှားသူများကို ဆက်သွယ်မေးမြန်းထားပါသည်။
ကိုမြတ်ကျော် (အဓမ္မဝါဒီဆန့်ကျင်ရေးအဖွဲ့)
အဓိကကတော့ ဥပဒေဆိုတာ ကျောသားရင်သား မခွဲခြားသင့်ဘူးပေါ့လေ။ အလုပ်သမားတွေ ရပိုင်ခွင့်တွေ တောင်းဆိုတဲ့အခါကျတော့ သဘာဝဘေးစီမံမှုတွေ ဒေသန္တရအမိန့်တွေနဲ့ တရားစွဲထောင်ချတာတွေ လုပ်ခဲ့တာပဲလေ။ တခြား ဘာသာရေးပွဲတွေပေါ့။ ဗလီမှာ ဝတ်ပြုကျတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သူတို့အစိုးရတွေက ပြည်သူလူထုတွေ မလိုက်နာရင်ကျတော့ ထောင်ထဲထည့်ပြီးတော့ တရားစွဲတာတွေ လုပ်တယ်ပေါ့။
သူတို့ကိုယ်တိုင်မလိုက်နာတာကျေတာ့ ဘာမှအရေးယူရွက်တာမရှိဘူး ဒါဆိုရင် ဥပဒေက ကျောသားရင်သား ခွဲခြားနေတော့ ရေရှည်မှာဆိုရင် အုပ်ချုပ်သူတွေ အစိုးရတွေက ဥပဒေကို မလိုက်နာလည်း သတိပေးရုံပဲရတယ်ဆိုတာလား။ ဒါမေးခွန်းထုတ်ရမယ့် ကိစ္စဖြစ်လာတယ်။ သူကတော့ ပြန်ရှင်းထားတာပေါ့။ ဒါလူစုလူဝေးလုပ်တာမဟုတ်ဘူး။ အစိုးရ လုပ်ငန်းစဉ်ပေါ့။ ဒါပေမယ့်လည်း ဆင်သရေကို ဆိတ်သရေနဲ့ ဖုံးလို့မရဘူးလေ။ ကိုဗစ် ကော်မတီကထုတ်ပြန်ထားတဲ့ ၅ယောက်ထက် မစုရ ညွှန်ကြားချက်ကို ဆန့်ကျင်နေတယ်။ ဒေသန္တရအမိန့်ပေါ့။ အဲဒါကိုဆန့်ကျင်နေတယ်။
နောက်ပြီးတော့ သဘာဝဘေးစီမံမှုအက်ဥပဒေ ပုဒ်မ ၃ဝ(က) ဒါနဲ့လည်း ဆန့်ကျင်နေတယ်ပေါ့။ အဲဥပဒေနှစ်ခုနဲ့ ငြိစွန်းနေတာကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ အရေးယူမှုမရှိဘူးဆိုတာကတော့ ဒီတိုင်းပြည်ရဲ့ တရားဥပဒေ ကိုင်တွယ်ကျင့်သုံးတဲ့ လူတွေအတွက်ကတော့ အင်မတန်ရှက်စရာကောင်းတယ်။ တရားဥပဒေဆိုတာ အစိုးရတွေ မလိုက်နာရင်ရလားပေါ့။ ဒီမေးခွန်းကတော့ ကျယ်ကျယ်ပြန့်ပြန့် ပြောရမယ့် ကိစ္စလို့ မြင်တယ်။ အခုလည်း အားလုံးက ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောနေတာပဲလေ ဒါပေမယ့် လက်ရှိချိန်ထိတော့ NLD ကနေပြီးတော့ CEC ကခေါ်ယူ သတိပေးတယ်ဆိုတာလောက်တော့ ရသေ့စိတ်ဖြေ လုပ်လိုက်တာတွေ့ရတယ်။ ဒါပေမယ့် အမှန်ဆိုရင်တော့ ဥပဒေအရ ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်တယ်။ ဥပဒေသည် ဘုရင်လည်း ဒီတိုင်းပဲ သူတောင်းစားလည်း ဒီတိုင်းပဲပေါ့။ ကျောသားရင်သား မခွဲခြားရဘူး။
မအိအိမိုး (လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ)
ကျွန်မတို့နိုင်ငံမှာ ဥပဒေတစ်ခုထုတ်လိုက်တယ်။ ထုတ်လိုက်ပြီးသွားရင် အဲဒီဥပဒေကိုပဲ ကျင့်သုံးတဲ့ လူတွေကပဲ သူတို့ လုပ်ချင်သလိုလုပ်တယ်ပေါ့။ အနီးစပ်ဆုံးဥပမာပေးရရင် ကျွန်မတို့ ငြိမ်း၊စု၊စီ ပေါ့နော်။ ပုဒ်မ ၁၉နဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ဆီမှာ ဒေသန္တရ အမိန့်ရှိတယ်ပေါ့။ ရန်ကုန်မှာဆိုရင်မြို့လယ် ဧရိယာ ၁၁ မြို့နယ်ကို ဆန္ဒပြခွင့်မရှိဘူးဆိုတဲ့ဟာမျိုး ကျွန်မတို့ ဆန္ဒပြဖို့အတွက် အကြောင်းကြားစာသွားပို့တဲ့အခါ ကျွန်မတို့တွေက ဒီဒေသန္တရအမိန့်အရ ဒီနေရာတွေ ဒီနေရာတွေမို့လို့ ခွင့်မပြုပါဘူးဆိုပြီး ကျွန်မတို့ပွဲတွေကို တားခံရတယ်ပေါ့။
ဒါပေမယ့် စစ်ထောက်ခံပွဲတွေ မဘသက ဘာသာရေးပွဲတွေလိုမျိုးပွဲတွေကျရင် အဲဒီနေရာတွေမှာ ဒီလုပ်နေတာတွေရှိတယ်။ ခွင့်ပြုမိန့်ပေးတာလည်းရှိတယ်။ မပေးဘဲနဲ့ လုပ်တာတွေလည်းရှိတယ်။ အဲတာမျိုးတွေလည်းရှိတယ်။ ဒါပေမယ့် သူတို့လုပ်တဲ့ဟာမျိုးကျရင် ကျွန်မတို့ တရားစွဲခံလိုက်ရတယ်တို့ ဘာတို့ဆိုတာမျိုးတွေလည်း မကြားရဘူးပေါ့။ ဒါပေမယ့် ကျွန်မတို့ ဒီဖက်မှာရှိနေတဲ့ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြတာပဲဖြစ်ဖြစ် အလုပ်သမားတွေ ဆန္ဒပြတာပဲဖြစ်ဖြစ် အဲတာမျိုးတွေကျရင် ပထမဦးဆုံးတော့ ခွင့်ပြုချက်မရတာများတယ်။
ပြီးတော့ ကျွန်မတို့တွေက ခွင့်ပြုချက်မရလို့ ဆန္ဒဆက်ပြီးထုတ်ဖော်ရင်လည်း တားဆီးခံရတယ်။ ဒီပုဒ်မတွေနဲ့ တရားစွဲခံရတယ်ပေါ့။ ဒါအနီးစပ်ဆုံးဥပမာ အခုဒီဥပဒေကလည်း အမိန့်ကလည်း ထိနည်းလည်းကောင်းပဲပေါ့။ သဘာဝကပ်ဆိုး ဥပဒေဆိုပြီးတော့ သူတို့ထုတ်ကျတယ်။ ကျွန်မတို့တွေက စာထုတ်ထဲက ဒီဥပဒေကို လက်မခံတဲ့ထဲမှာ ပါပါတယ်။ လူစုလူဝေးမလုပ်ရဘူးဆိုတာကို ကျွန်မပြောတာမဟုတ်ဘူးနော်။ ညမထွက်ရအမိန့်လိုမျိုး လမ်းတွေမှာ ဝါးတားဂိတ်တွေထားပြီးတော့မှ လူ့အခွင့်အရေးချိုးဖောက်မှုတွေပေါ့။ ဥပမာ ရောဂါကိုတားဆီးကာကွယ်တဲ့ ပုံစံကို ကျော်လွန်ပြီးတော့ လူတွေကို အာဏာရှင်ဆန်ဆန်မျိုးလုပ်တာတွေလည်း တွေ့ရတယ်။
ဒါတွေကို ကျွန်မတို့တွေ လက်မခံဘူးပေါ့။ ဒါတွေက မဖြစ်သင့်ဘူးပေါ့။ နောက်ပြီးတော့ ဒီလူစုလူဝေးမလုပ်ရဘူး ဆိုတဲ့ဟာမျိုးမှာ ကျွန်မတို့ တစ်ခြားဘာသာရေးအခမ်းအနားတွေ အပြင်ကို မင်္ဂလာဆောင်လိုမျိုးတွေ ဘာမျိုးတွေ နယ်တွေမှာဖမ်းတယ်။
ဒဏ်ရိုက်တာတွေ အပြင်ကို ထောင်ချတာမျိုးတွေလည်း အများကြီးမြင်နေတွေ့နေရတယ်။ ဒါကတော့ မှန်ကန်တဲ့နည်းလမ်းဟုတ်တယ်လို့တော့ မထင်ဘူးပေါ့။ ဖမ်းလိုက်တယ်ထောင်ချလိုက်တယ်ဟာမျိုးက မှန်ကန်တဲ့လုပ်ရပ်လို့ ကျွန်မတို့မထင်ဘူး။
ဒါပေမယ့် အများပြည်သူကို ဒီဥပဒေအတိုင်း အရေးယူတယ်ဆောင်ရွက်တယ်ဆိုရင် ဥပဒေသည် နိုင်ငံတော်လို့ပြောတာဖြစ်ဖြစ် အစိုးရလို့ပြောတာဖြစ်ဖြစ် ဘယ်တစ်ဦးတစ်ယောက်တည်းကဖြစ်ဖြစ် ကျူးလွန်နေရင် ဥပဒေအတိုင်းပဲ အရေးယူတာမျိုးကို လိုချင်ပါတယ်။ ဒေးဗစ်လာကို အရေးယူသလိုမျိုး ဖြိုးမင်းသိန်းကိုလည်း အရေးယူသင့်တယ်လို့ ကျွန်မတို့ထင်တယ်။
ကိုမြအေး (ဖက်ဒရယ် ဒီမိုကရက်တစ်အင်အားစု)
ကျွန်တော်မြင်တာကတော့ ဥပဒေတစ်ခုပေါ့။ ပြဌာန်းထားတယ်ဆိုရင် ဒီဥပဒေကို ပြဌာန်းတဲ့ သူကိုယ်တိုင်က လေးစားလိုက်နာဖို့လိုတယ်လို့ ကျွန်တော်မြင်တယ်။ ဒီအပေါ်မှာလည်း နောက်တစ်ခုက တန်းတူညီမျှမှုရှိဖို့လည်း လိုလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီတော့ ဥပဒေအရ ဥပဒေအာက်မှာ လူတစ်ချို့ထားပြီး ဥပဒေအထက်မှာ လူတစ်ချို့ထားမယ်ဆိုရင် အဓိပ္ပာယ်သိပ်မရှိဘူးလို့ ကျွန်တော်မြင်ပါတယ်။
အဲဒါကြောင့် ကျွန်တော့်အမြင်ပြောမယ်ဆိုရင် မြန်မာနိုင်ငံမှာပေါ့။ ဥပဒေစိုးမိုးမှု တကယ်ရှိချင်တယ်ဆိုရင် ဥပဒေစိုးမိုးမှုကို အကောင်အထည်ဖော်နေတဲ့ပုဂ္ဂိုလ်တွေ ကိုယ်တိုင်ကဥပဒေကိုလေးစားဖို့လိုမယ် လိုက်နာဖို့လိုမယ်။ ဒီဥပဒေက ကျောသားရင်သားမခွဲခြားဘဲ တန်းတူညီမျှအားလုံးကိုတန်းတူဖြစ်ဖို့ ကျွန်တော်မြင်ပါတယ်။ ဥပဒေအထက်မှာ ဘယ်သူမှမရှိစေချင်ပါဘူး။
ကိုမိုးဃ်သွေး (မျိုးဆက်လှိုင်းအဖွဲ့)
ရန်ကုန်တိုင်းဝန်ကြီးချုပ်ကေနပြီးတော့မှ ရှင်ဥပဂုတ္တပွဲပေါ့။ ဗိုလ်တထောင်စေတီမှာ အစ်မတော် မြနန်းနွယ်ရုပ်တု နေရာပြောင်းတာတို့ဘာတို့ အဲဒါတွေလုပ်တယ်။ အဲဒီအချိန်မှာလူတော်တော်များများလည်း ဝေဖန်ကြတယ်။ အဲဒီနေရာမှာ မသေချာသေးတာက သူ့မှာဥပဒေအရကင်းလွတ်တဲ့ဟာမျိုးပေါ့။
ဥပမာ အစိုးရအဖွဲ့ဝင်တွေအနေနဲ့ ဘယ်လိုအခမ်းအနားမျိုး ဘယ်လိုဟာမျိုး ဘယ်စည်းကမ်းနဲ့အညီလုပ်ရပါတယ်ဆိုတဲ့ ကင်းလွတ်ခွင့်ရှိထားသလားပေါ့။ အဲဒါတော့ ကျွန်တော်တို့က သေချာမသိဘူးပေါ့။ အကယ်၍များ ဥပဒေအရကင်းလွတ်ချက်ရှိတယ် လုပ်ခွင့်ရှိတယ်ဆိုရင်တော့ ဒါကတစ်ပိုင်းပေါ့။
အခုအခါမှာပိုပြီးတော့ အငြင်းပွားစရာဖြစ်လာတဲ့ကိစ္စက NLD CEC ဗဟိုအလုပ်အမှုဆောင်ကော်မတီကေနပြီးတော့ သူ့ကို သတိပေးတယ်။ သူ့ကိုသတိပေးတယ်ဆိုတဲ့ဟာမျိုးဖြစ်လာတယ်။ အဲဒီမှာကပြောချင်တာက ဥပဒေမှာကတော့ ဥပဒေကို ချိုးဖောက်တယ်။ မချိုးဖောက်ဘူးနှစ်မျိုးပဲရှိတယ်။ ဥပဒေကိုချိုးဖောက်တယ်ဆိုရင် အရေးယူရမယ်။ ဥပဒေကိုမချိုးဖောက်ဘူးဆိုရင် အရေးယူစရာမလိုသလို သတိလည်းပေးစရာမလိုဘူး။ အခုလိုမျိုး NLD CECက သတိပေးတယ်ဆိုတဲ့ဟာမျိုး သတိပေးထားတဲ့ဟာမျိုးထွက်လာတယ်ဆိုတာက စဉ်းစာစရာဖြစ်လာတယ်။ ဥပဒေချိုးဖောက်မှုရှိသလားဆိုတဲ့ အချက်မျိုးကို ကျွန်တော်တို့ စဉ်စားဖြစ်လာတယ်။ တကယ်လို့ ဥပဒေချိုးဖောက်တယ်ဆိုရင် NLDအနေနဲ့ အခုလိုမျိုးသတိပေးတယ်ဆိုတာက လုံးဝမဖြစ်သင့်ဘူး။
ချိုးဖောက်တယ်ဆိုရင်အရေးယူရမှာ ဥပမာ ကျွန်တော်က ဘာထင်ထင်ရှားရှားတွေ့ရလည်းဆိုရင် ဆရာဒေးဗစ်လားတို့ အမှုရှိတယ်။ မန္တလေးမှာဆိုရင်လည်း မူစလင် တစ်ချို့ဝတ်ပြုတဲ့ ကိစ္စတွေ ရှိတယ်။ နောက် တနင်္သာရီတိုင်း ရေဖြူဘက်ဆိုရင်လည်း ဘုန်းကြီးပျံပွဲတွေရှိတယ် သူတို့ဆိုရင်ပထမဦးဆုံး ဖြစ်ခဲ့တဲ့ အမှုတွေပေါ့။ ဥပဒေမှာ ချိုးဖောက်လာရင် သတိပေးလို့ရကြေးဆိုရင် အဲဒီလူတွေလည်းပဲ ရှေ့ကမူစလင်တွေ ဆိုရင် ထောင်ချခံရတယ်။ ဆရာဒေးဗစ်လာ အမှုတရားစွဲခံရပြီး ထောင်ထဲမှာအချုပ်ခံထားရတယ်။ သူတို့သည်လည်းပဲ သတိပေးခြင်းကို ခံရပိုင်ခွင့်ရှိတာပေါ့။
ဆိုလိုတာကကျွန်တော်ပြောချင်တဲ့ အချက်ကတော့ တကယ်လို့ ဒီဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် တရားဥပဒေကို ချိုးဖောက်တယ်ဆိုတော့ အရေးယူကိုယူရမယ် သတိပေးရုံမလုံလောက်ဘူး။ အဲဒါသည်တစ်ခြားသောအရေးယူခံထားရတဲ့ သူတွေအပေါ်မှာ တရားမျှတမှုမရှိဘူးပေါ့။ အဲဒီဟာကို ကျွန်တော်ပြောချင်ပါတယ်။
မသဉ္ဇာရွှန်းလဲ့ရည် (ဒီမိုကရေစီရေးတက်ကြွလူပ်ရှားသူ)
ဥပဒေအရ တရားဥပဒေအထက် ဘယ်သူတွေရှိနေလဲဆိုတာကို ကျွန်မတို့တွေထင်သာမြင်သာ ကျွန်မတို့ အားလုံးပြည်သူတွေကို ပြလိုက်တာမျိုးခံစားရတယ်ပေါ့။ အမှန်တိုင်းပြောရရင်တော့ ကိုယ်ချမှတ်တဲ့ ဥပဒေကို ကိုယ်တိုင်က ဦးဆောင်ပြီးတော့စံနမူနာပြလိုက်နာရမယ်။ လေးစားရမယ်။ ဒါမှသာလျှင် ကိုယ်ရဲ့ သြဇာတည်မှာပေါ့။ ပြည်သူတွေဆီမှာ အခုအချိန်မှာ ကျွန်မတို့နိုင်ငံမှာအဓိက ရန်ကုန်တိုင်းမှာဆိုရင် အစိုးရရဲ့ အာဏာသက်ရောက်မှုက တော်တော်လေးအားနည်းလာတယ်။ ယိုယွင်းလာတယ်။ ကျွန်မတို့မြင်နေရတယ်။
အဓိကပြဿနာကတော့ ကိုယ်ချမှတ်တဲ့ ဥပဒေနဲ့ စည်းမျဉ်းကမ်းကိုကိုယ်တိုင်မလိုက်နာကနေစတာပေါ့။ ဒါကျွန်မတို့ ပြည်သူတွေအတွက်ရော တခြားလာမယ့် နောက်အစိုးရဖြစ်လာမယ့် သူတွေအတွက်ပါ သင်ခန်းစာယူစရာလို့မြင်ပါတယ်။ ကျွန်မတို့ အလုပ်သမားဖြစ်စေ လယ်သမားဖြစ်စေ နောက်တက်ကြွ လူပ်ရှားသူဖြစ်စေ အပြင်မှာထွက်ပြီးဆန္ဒပြမယ်ဆိုရင် တစ်ခုခုမကျေနပ်လို့ ဆန္ဒပြမယ်ဆိုရင် အချိန်မရွေး ဒီဥပဒေတွေကထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကအသက်ဝင်လာမှာ ဒါလုံးဝ ဘယ်သူမှ ငြင်းလို့မရတဲ့ အချက်ပေါ့နော်။
ဒါပေမယ့် ဒီညွှန်ကြားချက်တွေ ဖောက်ဖျက်တာက အစိုးရအဖွဲ့ဝင်တွေ ကိုယ်တိုင်ဆိုရင်တော့ သတိပေးတယ်ဆိုတာလောက်နဲ့ လျှောချခံလိုက်ရတာ ကျွန်မတို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးက မေးခွန်းထုတ်စရာအများကြီးဖြစ်တယ်။ ဒီဥပဒေကို ချိုးဖောက်တဲ့ ဘယ်သူမဆိုဥပဒေသည် အားလုံးရဲ့ အထက်မှာ အားလုံးကိုလွှမ်းခြုံတဲ့ ဥပဒေဖြစ်ဖို့လိုတာပေါ့။ ဒါကိုချိုးဖောက်တဲ့သူ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတင်မကပါဘူး။ သိကြားမင်းဆင်းလာပြီး ချိုးဖောက်ရင် မဖြစ်မနေအရေးယူသင့်တဲ့ ကိစ္စရပ်လို့မြင်ပါတယ်။
Photo: Karim Raslan/scmp

No comments:

Post a Comment

My Blog List