Tuesday, June 02, 2020

လှိုင်သာယာတွင် ကိုဗစ်ရောဂါဆိုင်ရာ ညွှန်ကြားချက်ကို မလိုက်နာဘဲ စက်ရုံ ဖွင့်လှစ်သည်ဟုဆိုကာ လူမှုကွန်ရက်ပေါ်တင်ခဲ့မှု အပြန်အလှန် အမှုဖွင့်

လိူင်သာယာမြို့နယ်ရှိ Gallant Ocean အအေးခန်းစက်ရုံသည် ကိုဗစ် ၁၉ရောဂါနှင့် ပတ်သက်ပြီး ပြန်လည်ဖွင့်လှစ်ရာတွင် သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာန ညွန်ကြားချက်ကို မလိုက်နာဘဲ စက်ရုံဖွင့်လှစ်ကြောင်း လူမှုကွန်ရက် ပေါ်တွင် ရေးသားဖော်ပြခဲ့ခြင်းကြောင့် အလုပ်သမားအရေးလှုပ်ရှားသူတစ်ဦး၊ စက်ရုံအလုပ်သမားတစ်ဦးနှင့် စက်ရုံမန်နေဂျာတို့အကြားအပြန်အလှန် အမှုဖွင့်ဖြစ်ပွားနေကြောင်း အလုပ်သမားအရေးဆောင်ရွက်သူ ဒေါ်လှလှကပြောဆိုသည်။
အလုပ်သမားအရေးဆောင်ရွက်သူ We Generation Network မှ ဒေါ်လှလှနှင့် အလုပ်သမားကိုအောင်မျိုးဦးတို့ကို ဆက်သွယ်ရေးသွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် စက်ရုံမန်နေဂျာ ဦးချန်ကြား ကတရားလိုပြုလုပ်ကာ လှိုင်သာယာမြို့နယ် ရဲစခန်းတွင် မေလ ၁၄ရက်နေ့ကအမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အမှုဖွင့်လှစ်ခဲ့ခြင်းကြောင့် ဦးချိန်ကြားကို ဒေါ်လှလှက တရားလိုပြုလုပ်ကာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၈၂ ( ပြည်သူ့ဝန်ထမ်းနစ်နာစေရန်အလို့ငှာ ရည်ရွယ်ချက်ဖြင့် ပြည်သူ့ဝန်ထမ်းအား ဥပဒေရ အာဏာကိုအသုံးပြုစေရန် ရည်ရွယ်၍မမှန်ကန်သတင်းပေးခြင်း)အရ ပြစ်မှုဆိုင်ရာကျင်ထုံးဥပဒေပုဒ်မ ၁၉၅ (၁) (က) နှင့် အညီ အရေးယူဆောင်ရွက်ပေးရန် လှိုင်သာယာမြို့နယ် ရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့သော်လည်း တရားရုံးတွင် ဦးတိုက်လျောက်ရန် ရဲစခန်းမှာအကြောင်းပြန်ထားကြောင်း မလှလှပြောပြချက်အရသိရသည်။
“ ကျွန်တော်တို့ကိုတော့ ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ) နဲ့ အမှုဖွင့်ထားတယ်။ ကျွန်တော့်Page တင်ထားတဲ့ဟာလေးကို ကွက်ပြီးတော့တိုင်ထားတာပါညွှန်ကြားချက်တွေ အမိန့်တွေကို မလိုက်နာဘဲ ဥပဒေချိုးဖောက်တာသူတို့လေ အဲဒီချိုးဖောက်တဲ့ဟာကို သူတို့ထိန်ချန်ထား တာနောက်တစ်ခုကျတော့ မြေပြင်မှာကျတော့ အလုပ်သမားကိုလည်း အလုပ်သမားဥပဒေနဲ့ အညီဖြေရှင်းရမယ့်ဟာကိုလည်း အလုပ်ထုတ်ပြီးတော့ ဒီ ၆၆(ဃ)ပါထည့်စွဲထားတယ်။ ဒါမမှန်သတင်းပေးတိုင်ကြားတာပေါ့ ” ဟု ဒေါ်လှလှကပြောဆိုသည်။
ထိုသို့ အမှုဖွင့်လှစ်ပြီးနောက် ကိုအောင်မျိုးဦးကို အလုပ်မှထုတ်ပယ်ခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး အလုပ်သမားအခွင့်အရေးဆိုင်ရာအရ ဥပဒေအတိုင်းဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
“ မမှန်သတင်းပေးတဲ့ ပုဒ်မနဲ့ဖွင့်ခဲ့တာက ဒီမန်နေဂျာကဝန်ကြီးဌာနရဲ့ညွှန်ကြား ချက်ပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၂ရက်နေ့ တရားဝင်ထုတ်ပြန်ထားတဲ့ကြေညာချက်တွေ ညွှန်ကြားချက်တွေကိုမလိုက်နာဘဲနဲ့ စက်ရုံလည်ပတ်ခဲ့တယ်။ နောက်တစ်ခုက အလုပ်သမားတွေက အဲဒီအချိန်မှာ COvid -19 ကူးမှာလည်း ကြောက်တယ်။ တစ်ဖက်မှာလည်းအလုပ်မဆင်းရင် အလုပ်ဖြုတ်ခံရမှာကြောက်တယ်။ အဲဒါကြောင့်မို့လို့ သူတို့က အလုပ်ဆင်းခဲ့ရတယ်။ သူတို့ဆင်းခဲ့ရတဲ့ပုံကိုသူတို့ကိုယ်တိုင် ရိုက်ပြီးတော့ သတင်းပေးခဲ့တာပေါ့နော်။ ပေးခဲ့ပြီးတော့ သက်ဆိုင်ရာဌာနတွေကိုလည်း အချက်အလက်ထောက်အထားနဲ့ တင်ပေးခဲ့ရတယ်။ အချက်အလက် အထောက်အထားမပါတာတောင်မှ တချို့အလုပ်ရှင်က ငြင်းတာတွေရှိတယ်။ နောက်တစ်ခုက အချက်အလက်အထောက်အထားတွေ တိုင်ထားတဲ့အပေါ်မှာတောင် ဒီနေ့ ဒီအချိန်ထိ ဘယ်ဌာနကမှ အရေးယူဆောင်ရွက်တာမရှိဘူး ” ဟု ဒေါ်လှလှကပြောဆိုသည်။
လတ်တလော ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခံထားရသော ဒေါ်လှလှနှင့် ကိုအောင်မျိုးဦးတို့ကို လက်ရှိချိန်တွင် ရဲစခန်းက စစ်ချက်များရယူထားပြီးဖြစ်ကြောင်း သိရသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် စက်ရုံမန်နေဂျာကို ဆက်သွယ်ရန် ကြိုးပမ်းသော်လည်း အဆက်အသွယ်မရရှိပေ။
အဆိုပါGallant Ocean အအေးခန်းစက်ရုံသည် ထိုင်ဝမ်နိုင်ငံသားပိုင်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

My Blog List