Tuesday, June 02, 2020

ယန်းသန်းငါးထောင်ကို သက်သာသည့်အတိုးဖြင့်ဂျပန်ချေးပေးမည်

များပြားသည့် ငွေကြေးပမာဏဖြစ်သော မြန်မာကျပ်ငွေ သန်းခြောက်သောင်းလေးထောင်ခန့် ရှိ ဂျပန်ယန်းသန်းငါးထောင်ကို သက်သာသည့်အတိုးဖြင့် မြန်မာနိုင်ငံမှ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (Small and Medium Enterprises, SMEs)ကို ငွေချေးမည်ဟု ဂျပန်အစိုးရကကြေညာလိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရသည် COVID-19 ထိန်းချုပ်ရေးအစီအမံများကို ကြိုးစား၍ ပုံမှန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေသည့်အပြင်၊COVID -19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (COVID -19 Economic Relief Plan) စသောအမျိုးမျိုးသောစီမံချက်များကို တက်တက်ကြွကြွ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အပေါ် ဂျပန်အစိုးရအနေဖြင့် အလွန် အားရလျက်ရှိနေသည်ကတစ်ကြောင်း၊ အထူးလေးစားဂုဏ်ယူမိသည်ကတစ်ကြောင်း၊မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအား ထောက်ပံ့ကူညီရန်အတွက် လည်းကောင်း အစရှိသည်များကြောင့် အထက်ပါ အကူအညီပေးခြင်းဖြစ်သည်ဟု ထုတ်ပြန်ကြေညာချက်များအရ သိရှိရသည်။
ယခုချေးငွေကို ဂျပန်အစိုးရက အရေးပေါ်ချေးငွေအစီအစဉ်အသစ်ဟု အမည်ပေးထားသည်။
(၁) အခြေပြုအတိုးနှုန်း ။ ။ ၅.၅ ရာခိုင်နှုန်း
(၂) အကျုံးဝင်သည့်ကိစ္စရပ်များ ။ ။ လုပ်ငန်းလည်ပတ်ရင်းနှီးငွေ (Working Capital) သို့မဟုတ် လုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများ အတွက် ရင်းနှီးမြှုပ်နှံမှု (Fixed Assets Investments)
(၃) သက်တမ်း ။ ။ ၁ နှစ်မှ ၅နှစ် ဖြစ်သည်ဟုသိရသည်။
ချေးငွေကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှတဆင့် ဂျပန်အစိုးရက ပေးမည်ဖြစ်သည်။
ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)က“ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ စိုးရိမ်ရသော အခြေအနေကို အမြန်ဆုံး တုန့်ပြန်နိုင်ရန် ဤအရေးပေါ်အစီအစဉ် အတွက် လိုအပ်သည့်ငွေကြေးကို ယခုလက်ရှိဆောင်ရွက်နေသော ၂၀၁၈ ခုနှစ်မှ စတင်ခဲ့သည့် “အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ငွေကြေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး စီမံကိန်း အပိုင်း-၂ မှ ပြန်လည်ပြင်ဆင်ကာ ကူညီထောက်ပံ့ပေးခြင်း ဖြစ်ပါသည်”ဟု ပြောဆိုထားသည်။
ဂျိုက်ကာမြန်မာရုံးမှ ဌာနေကိုယ်စားလှယ်ချုပ် Mr. SAKAKURA Noriji က အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် တစ်နိုင်ငံလုံးစီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းကျော်ဖြစ်ပြီး၊ နိုင်ငံ၏စီးပွားရေး ကဏ္ဍတရပ်လုံးအတွက် အရေးပါသော အစိတ်အပိုင်းဖြစ်ကာ၊ တိုင်းသူပြည်သားအများစုအတွက် အရေးပါသော အသက်မွေးဝမ်းကျောင်းမှုဖြစ်သည်ဟု ပြောကြားခဲ့ပြီး ၊ ယခုကဲ့သို့မကြုံဖူးသည့် စီးပွားရေး အကြပ်အတည်းကို ကျော်လွှားပြီး ပိုမိုရှင်သန်ရပ်တည်နိုင်ရန်၊ ဘက်ပေါင်းစုံပါဝင်သော၊ အင်အားပြည့်ဝသော စီးပွားရေးဖွံ့ဖြိုးမှုအတွက် ခိုင်မာသည့် အခြေခံကို တည်ဆောက်ရန် ဂျိုက်ကာသည် အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့ အားကောင်းသောထောက်ပံ့ကူညီမှုများကို လျှင်မြန်စွာဆက်လက်ကူညီသွားမည် ဖြစ်ကြောင်းပြောသည်။
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List