Monday, June 01, 2020

ဦးတီခွန်မြတ်အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်မှရုပ်သိမ်းပေးရန် ပြည်ခိုင်ဖြိုးအမတ်၏အဆို ရှုံးနိမ့်

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် အရေးကြီးအဆိုများ တင်သွင်းခွင့်မရသည့်ကိစ္စနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်ကို တာဝန်မှရုပ်သိမ်းပေးရန် အဆိုကို ယနေ့ ဇွန် ၁ ရက်နေ့တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲအများစုဖြင့် အဆိုရှုံးနိမ့်သည်။
၎င်းအဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မိုင်းပျဉ်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က ဦးဆောင်ပြီး မေ ၂၈ ရက်ကကျင်းပသော ပြည်သူ့လွှတ်တော်တွင် ၂ဝ၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၁ နှင့် ၂ဝ၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၅ အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၁ဝ ဦးတို့က လက်မှတ်ရေးထိုးတင်ပြခဲ့ခြင်း ဖြစ်သည်။
အဆိုကိုမဲခွဲဆုံးဖြတ်ခြင်းမပြုမီ လွှတ်တော်ကိုယ်စားလှယ် ၂၄ ဦးက ဆွေးနွေးခဲ့ပြီးနောက် ကိုယ်စားလှယ်များထံမှ ဆန္ဒမဲခံယူသည်။
ဆန္ဒမဲပေးခွင့်ရှိသူ ၃၉၅ ဦးအနက် ၃၈၀ ဦးကမဲပေးခဲ့ပြီး ရလဒ်အဖြစ် ထောက်ခံမဲ (၁၃၂) မဲ၊ ကန့်ကွက်မဲ (၂၄၃) မဲ၊ ကြားနေ (၅) မဲ ထွက်ပေါ်ခဲ့သည်။
“ယခုရရှိတဲ့ဆန္ဒမဲစာရင်းကို နည်းဥပဒေ ၁၁၈ အရ ကြီးကြပ်သူအရာရှိက ပုံစံဖြည့်သွင်းပြီး ကျွနု်ပ်ထံတင်သွင်းရန်ဖြစ်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်က ကြေညာသည်။
ဦးတီခွန်မြတ်သည် ပြည်ထောင်စု လွှတ်တော်နာယက တာဝန်ကိုထမ်းဆောင် ရာတွင် NLD ပါတီမှ ဦးအောင်ကြည်ညွန့် တင်သွင်းသော ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီတရပ်ဖွဲ့စည်းရေးတိုက် တွန်းကြောင်း အဆိုကို အရေးကြီးအဆို စည်းကမ်းချက်နှင့်မကိုက်ဘဲ အရေးကြီးအဆိုအဖြစ် တင်သွင်းခွင့်ပြုခဲ့ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးပူးပေါင်းကော်မတီကို အဖွဲ့ဝင် ၄၅ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း အဆိုရှင် ဦးစိုင်းထွန်းစိန်ကပြောသည်။
ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများအား ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းထွန်း၊ ဒေါက်တာမောင်သင်း၊ ဦးစိုင်းသန်းနိုင်၊ တပ်မတော်သားကိုယ်စားလှယ်များ ဖြစ်သည့် ဗိုလ်မှူးချုပ်မောင်မောင်နှင့် ဗိုလ်မှူးချုပ်အောင်စန်းချစ်တို့က ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သော်လည်း ဦးတီခွန်မြတ်က ပြဋ္ဌာန်းချက်နှင့်အညီ ဆက်လက်ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်း ၎င်းက အဆိုတင်သွင်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်သည့် ဦးတီခွန်မြတ်သည် ပြည်ထောင်စုလွှတ်တော် နာယကတာဝန်ကိုလည်း ထမ်းဆောင်လျက်ရှိသည်။
ထွန်း(နေပြည်တော်)

No comments:

Post a Comment

My Blog List