Tuesday, June 02, 2020

မအူပင်အမတ်အား ထိုင်ခုံတွင် ပြန်မထိုင်ပါကအရေးယူမည်ဟု လွှတ်တော်ဒုဥက္ကဋ္ဌ သတိပေးခဲ့ရ

မအူပင်မဲဆန နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း(ဝဲပုံ)အား လွှတ်တော်ထိုင်ခုံတွင် ပြန်မထိုင်ပါက အရေးယူမည်ဟု ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က သတိပေးခဲ့သည်။
ဇွန် ၁ ရက်ကပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်း ဥပဒေ-၁၁၇ အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအား တာဝန်မှ ရုပ်သိမ်းရန် အဆိုကို ဆွေးနွေးရာတွင် ၎င်းက ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
"လွှတ်တော်ကိုယ်စားလှယ်ကြီးကို ကျွန်တော်သတိပေးတယ်။ မိုက်မပေးတော့ဘူး။ ထိုင်ပါ။ လွှတ်တော်ကိုယ်စား လှယ်များ သိပြီးသားပါ။ ဆွေးနွေးခွင့်ဆိုတာ လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုမှ သာရတာ။ မိုက်မပေးတော့ဘူး ထိုင်ပါ။ မထိုင်ရင် ဆက်လက် အရေးယူမယ်"ဟု ဦးထွန်းထွန်းဟိန်က ပြောကြားသည်။
ယနေ့အစည်းအဝေး၌ ဦးစိန်ဝင်း၏ ဆွေးနွေးချက်တွင် ပါရှိခဲ့သည့် ဘက်လိုက်သည်ဆိုသော စကားရပ်နှင့် ပါတီတစ်ခု၏ ဩဇာကို လွှမ်းမိုးသည်ဆိုသော စကားလုံးများကို မှတ်တမ်းကနေ ပယ်ဖျက်မည်ဖြစ်ကြောင်းလည်း ၎င်းက ကြေညာခဲ့သည်။
လွှတ်တော်တွင်း အဆိုနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ကန့်သတ်ထားသည့် စည်းကမ်းချက်များရှိ ပုဒ်မ-၁၅၈ (ဂ)တွင် အဆိုတစ်ရပ်ကို ဆွေးနွေးရာ၌ ပြောဆိုချက်များသည် လွှတ်တော်တွင်း ဆွေးနွေးဆဲအဆိုနှင့်သာ အတိအကျ သက်ဆိုင်စေရမည်ဟု ဖော်ပြပါရှိကြောင်း အာဏာရပါတီအမတ် ဒေါက်တာလှမိုးက လွှတ်တော်ဒုတိယဥက္ကဋ္ဌထံ တင်ပြခဲ့သည်။
"ဒါကြောင့် ကိုယ်စားလှယ်တော်ကြီး မအူပင်ဦးစိန်ဝင်း တင်သွင်းဆွေးနွေးသွားတဲ့အချက်များသည် လက်ရှိတင်သွင်းတဲ့ အဆိုနဲ့ တစ်လုံးတစ်ပါဒမျှ ကိုက်ညီခြင်းမရှိတဲ့အတွက် ဆွေးနွေး ချက်တစ်ခုလုံးကို လွှတ်တော်မှတ်တမ်းမှ ဖယ်ရှားပေးဖို့ တင်ပြပါတယ်"ဟု ၎င်းက တင်ပြခဲ့သည်။
ထိုသို့ တင်ပြခဲ့မှုအပေါ် လွှတ်တော်ဒုတိယဥက္ကဋ္ဌက ဦးစိန် ဝင်း၏ ဆွေးနွေးချက်မှတ်တမ်းအား ပြန်လည်စစ်ဆေးပြီး မသက် ဆိုင်သည့်အပိုင်းကို လွှတ်တော်မှတ်တမ်းမှ ထုတ်ပယ်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။
ထိုသို့ တင်ပြခဲ့မှုအပေါ် ဦးစိန်ဝင်း က ကန့်ကွက်တင်ပြရာတွင် လွှတ်တော်ဒုတိယဥက္ကဋ္ဌက ဆွေးနွေးခွင့်မပြုဘဲ ထိုင်ခုံတွင် ပြန်ထိုင်ရန် သတိပေးခဲ့ပြီး ထိုင်ခုံတွင် ပြန်ထိုင်ခြင်းမရှိပါက ဆက်လက်အရေးယူသွားမည်ဟု ဦးထွန်းထွန်းဟိန်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
သတင်း - မင်းမင်းထွန်း

No comments:

Post a Comment

My Blog List