Monday, June 01, 2020

လွှတ်တော်ဥက္ကဋ္ဌ ရာထူးတွင် ဆက်တာဝန်ယူခွင့်ရသည့် ဦးတီခွန်မြတ်ကို ကွန်ဂရက်ကျူလေးရှင်းလုပ်ရန် ပျက်ကွက်ခဲ့ဟု ကြံ့ခိုင်ရေးအမတ် ဦးမောင်မြင့် ပြော

ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးတာဝန်မှ ဖယ်ရှားပေးရန် ကြံ့ခိုင်ရေးပါတီမှ ဦးဆောင်ကြိုးပမ်းခဲ့မှု ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မဲခွဲ ဆုံးဖြတ်ခဲ့ရာ ရှုံးနိမ့်သွားပြီးနောက် ဦးတီခွန်မြတ်ကို ကွန်ဂရက်ကျူလေးရှင်းလုပ်ရန် ပျက်ကွက်ခဲ့ကြောင်း ကြံ့ခိုင်ရေးပါတီမှ ဦးမောင်မြင့်က ပြောဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးက ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပြီး နောင်အလျဉ်းသင့်လျှင် ကွန်ဂရက်ကျူလေးရှင်းလုပ်မည်ဟု ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးတာဝန်မှ ရပ်ဆိုင်းပေးရန် အဆိုကို ဇွန်လ ၁ ရက်နေ့တွင် ကျင်းပသောဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဌမနေ့တွင် ကိုယ်စားလှယ် (၂၄) ဦး က ဆွေးနွေးပြီးနောက် အဆိုကိုစက်ခလုတ်အသုံးပြု၍ မဲခွဲခဲ့ရာ အဆိုကို ကန့်ကွက်မဲ (၂၄၃)မဲ၊ ထောက်ခံမဲ ( ၁၃၂ ) မဲ နှင့် ကြားနေမဲ ( ၅ )မဲဖြစ်၍ ကန့်ကွက်မဲများသဖြင့် အဆိုရှုံးနိမ့်သွားခြင်းဖြစ်ကြောင်းသိရှိရသည်။
အဆိုပါ အဆိုကို မေလ ၂၈ရက်နေ့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က တင်သွင်းခဲ့ခြင်းဖြစ်သည်။
"ဒီနေ့ ဦးတီခွန်မြတ်ကို ဒီနေ့ ကွန်ကကျူရက်လေးရှင်းနဲ့မလုပ်ခဲ့ရဘူး။ ကျနော် ပျက်ကွက်ခဲ့တယ်။ ကျနော်တို့ မဲ ၁၃၂ မဲရပါတယ်။ ကျေနပ်ပါတယ်" ဟု ဦးမောင်မြင့်က ပြောဆိုသည်။
ကြံ့ခိုင်ရေးပါတီမှ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း ဦးတီခွန်မြတ်ကို ကန့်ကွက်ခြင်းမဟုတ်ဘဲ အဆိုနှင့်မေးခွန်းကို ပိတ်ပင်သည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို ရာထူးတာဝန်မှဖယ်ရှားရန် ကြိုးစားခြင်းဖြစ်ကြောင်း ပြောဆိုသည်။
"ဦးတီခွန်မြတ်က နှစ်ပေါင်းများစွာ ရင်းနှီးခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ လက်တွဲပြီး လုပ်ကိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ ဦးတီခွန်မြတ် ပုဂ္ဂိုလ်စွဲနဲ့ ကန့်ကွက်တာမဟုတ်ဘူး။ ဒီလိုပဲ အဆိုတွေ မေးခွန်းတွေ ပိတ်ပင်ရင် ဒီလိုပဲလုပ်လို့ရတယ်ဆိုတာပါ။ အဆိုမအောင်မမြင်ပေမယ့်လည်း နောင်လာမယ့် လွှတ်တော်တွေအတွက် သမိုင်းအထောက်အထားဖြစ်ပြီးတော့ အားလုံးညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားကြပါစို့" ဟု အဆိုပါ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။
Photo Credit - USDP

No comments:

Post a Comment

My Blog List