Monday, June 01, 2020

အိန္ဒိယပြန်တပ်မတော်သား ၄ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်ရောဂါလူနာ ၄ ဦးတွေ့ရှိကြောင်း ကြေညာခဲ့ပြီး ယင်းလူနာ ၄ ဦးမှာ အိန္ဒိပြန် တပ်မတော်သား ၄ ဦးဖြစ်နေကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း အိန္ဒိယနိုင်ငံမှ သင်တန်းတက်ရောက်ပြီး မေ ၂၄ ရက်တွင် မြန်မာ့ အမျိုးသားလေကြောင်းဖြင့် ပြန်လည်ရောက်ရှိလာသည့် တပ်မတော်သား ၁၈ ဦးအား အသွားအလာကန့်သတ် သီးခြားစောင့်ကြည့်ထားလျက် ရှိပြီး အဆိုပါ တပ်မတော်သားများ၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များ ရယူ၍ ၎င်းနေ့တွင်ပင် ပထမအကြိမ် စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး မတွေ့ရှိရကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
ယင်းနောက် ၂၀၂၀ ပြည့်နှစ် မေလ ၃၀ ရက်နေ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ အဆိုပါ တပ်မတော်သားများ စီးနင်းလိုက်ပါလာသည့် လေယာဉ်ဖြင့် လိုက်ပါလာသူများအနက် အရပ်သား အမျိုးသား ၉ ဦး၊ အမျိုးသမီး ၈ ဦးတို့တွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း သိရှိရသဖြင့် ၎င်းတပ်မတော်သားများအား ဒုတိယအကြိမ် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များ ရယူ၍အမျိုးသားဓာတ်ခွဲဌာန(NHL)သို့ ပေးပို့ စမ်းသပ် စစ်ဆေးရာ ဇွန်လ ၁ ရက်နေ့ နံနက် ၇ နာရီခွဲတွင် ဓာတ်ခွဲအတည်ပြု ထုတ်ပြန်ချက်အရ အရာရှိ၊ စစ်သည် ၁၈ ဦး အနက် ၄ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း သိရှိရသည်။
၎င်း အရာရှိ၊ စစ်သည်များအား တပ်မတော်မှ COVID-19 ရောဂါ အထူးကုသရန်ကြိုတင်စီစဉ်ထားသည့် တပ်မတော်အသည်းရောဂါအထူးကု ဆေးရုံကြီး (မင်္ဂလာဒုံ)သို့ ပို့ဆောင်၍ ကုသမှုခံယူလျက်ရှိကြောင်းနှင့် ၎င်းတို့၏ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်ကောင်း မွန်လျက်ရှိကြောင်းသိရှိရသည်။
၎င်းတို့နှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများကိုလည်း လိုအပ်သည့်ရောဂါရှာဖွေ ဖော်ထုတ်ခြင်း၊ အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုခြင်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

No comments:

Post a Comment

My Blog List