Wednesday, June 03, 2020

တပ်ချုပ်၊ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အစိုးရနှင့် တပ်ခေါင်းဆောင်များကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် အာဂျင်တီးနားတွင် တရားစွဲရန် နီးစပ်လာပြီဟု ထုတ်ပြန်

ရခိုင်ပြည်နယ်တွင် လူမျိုးတုန်းသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သည်ဟုဆိုကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် မြန်မာအစိုးရနှင့်တပ်မတော် ခေါင်းဆောင်များကို အာဂျင်တီးနားနိုင်ငံ တရားရုံးတွင် တရားစွဲရန် နီးစပ်လာပြီဖြစ်ကြောင်း ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်း(BROUK) က ထုတ်ပြန်ပြောဆိုသည်။
တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာအစိုးရနှင့်တပ်မတော်ခေါင်းဆောင်များကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် ၂၀၁၉ ခုနှစ်က အာဂျင်တီးနားတရားရုံးတစ်ခု လျှောက်ထားခဲ့သော်လည်း အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC က ဆောင်ရွက်နေသည့် လုပ်ငန်းဖြစ်ပြီး တရားရေးရာအရ ထပ်မံ လုပ်ဆောင်ရန် မသင့်ဟု ဆုံးဖြတ်ခဲ့ပြီး ပယ်ချခဲ့ကြောင်း၊ သို့ရာတွင် တရားရုံးက မူလ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ရန် ရှိနေသဖြင့် မြန်မာအစိုးရနှင့် တပ်မတော်ခေါင်းဆောင်များကို တရားစွဲနိုင်ရန် နီးကပ်လာပြီဟု ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့ BROUK နှင့် လက်တင်အမေရိကလူ့အခွင့်အရေးအဖွဲ့များက ယမန်နှစ်က တရားစွဲရန် အာဂျင်တီးနားတရားရုံးသို့ လျှောက်ထားခဲ့ခြင်းဖြစ်သည်။
"ဆယ်စုနှစ်ပေါင်းများစွာ မြန်မာအာဏာပိုင်တွေက ရိုဟင်ဂျာတွေကို ချေမှုန်းတိုက်ဖျက်ပျောက်ကွယ်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ဒီနေ့မှာတော့ အာဂျင်တီးနား တရားရေးက ဒီလို ဆိုးဝါးတဲ့ ရာဇဝတ်မှုတွေအတွက် အမှန်တရားရှာဖွေဖို့အတွက် ရှင်းလင်းသိသာတဲ့ အချက်ပြမှု ပေးလိုက်ပါပြီ။ အာဂျင်တီးနားရဲ့ နိုင်ငံတကာဥပဒေလေးစားလိုက်နာမှုနဲ့ ခေါင်းဆောင်မှုအတွက် ကျနော်တို့ ဝမ်းသာရပါတယ်" ဟု BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောဆိုသည်။
BROUK သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က မြန်မာအစိုးရ အရပ်ဘက်နှင့် စစ်ဘက်ခေါင်းဆောင်များကို လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် အာဂျင်တီးနား တရားရုံးတွင် တရားစွဲဆိုနိုင်ရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။
တရားစွဲဆိုရန် လျှောက်ထားစွပ်စွဲခံရသူများ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်ဘက်အဆင့်မြင့်အရာရှိကြီးများ၊ သမ္မတဟောင်း ဦးထင်ကျော်နှင့် သမ္မတဦးသိန်းစိန်တို့ပါဝင်နေသည်။
မြန်မာအစိုးရဘက်ကမူ ICC တရားရုံး တွင် မြန်မာသည် အဖွဲ့ဝင်နိုင်ငံမဟုတ်ကြောင်း၊ မြန်မာအနေဖြင့် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခြင်းမရှိကြောင်း အကြိမ်ကြိမ် ထုတ်ပြန် ပြောဆိုခဲ့ပြီးဖြစ်သည်။
လတ်တလော ICJ အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂတရားရုံးတွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုထားပြီး မြန်မာနိုင်ငံအပေါ် ကြားဖြတ် အမိန့်တစ်ရပ်ကိုလည်း ICJ က ချမှတ်ထားသည်။
ဓာတ်ပုံ- ၂၀၁၆ ခုနှစ်အတွင်းက တပ်မတော်စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြိုဆိုနှုတ်ဆက်စဉ်။ Photo Credit - MSCO

No comments:

Post a Comment

My Blog List