Thursday, June 04, 2020

ရန်ကုန်တိုင်းအစိုးရ၏ သံစုံတီးဝိုင်းဝယ်ယူရန် ဘတ်ဂျက်တင်ပြမှု တိုင်းလွှတ်တော်ကိုယ်စားလှယ်များ ထောက်ပြ

ရန်ကုန်တိုင်းအစိုးရက ဌာနဆိုင်ရာဧည့်ခံပွဲများ၌ဖျော်ဖြေရန် သံစုံတီးဝိုင်းဝယ်ယူရန် ငွေကျပ် ၁၃၇ ဒဿမ ၄၃၅ သန်း လျာထားတင်ပြခဲ့မှုကို ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် အခြားသောဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရုန်းကန်နေရချိန် သံစုံတီးဝိုင်းဝယ်ယူမှုကို စဉ်းစားသင့်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက ယနေ့ (ဇွန် ၄ ရက်) တွင်ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ပြန်လည်ဆွေးနွေးခဲ့သည်။
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး တတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကတင်သွင်းသည့် ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၀- ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းလျာထားချက်ကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ဆွေနွေးခဲ့ခြင်းဖြစ်သည်။
“ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဝယ်ယူဖို့တင်ပြလျာထားတဲ့ သံစုံတီးဝိုင်းကို ဘယ်နေရာမှာသုံးမှာလဲ။ ဘယ်လောက်အကျိုးရှိမှာလဲ။ တခြားဖွံ့ဖြိုးရေးလုပ်ငန်းတွေ မသုံးတော့ဘူးလား။ ဒါတွေကို ပြန်စဉ်းစားဖို့ လိုပါတယ်” ဟု ကျောက်တန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်က လွှတ်တော်တွင်ပြန်လည်မေးခွန်းထုတ်ခဲ့သည်။
အဆိုပါ သံစုံတီးဝိုင်းဝယ်ယူရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ငွေလုံးငွေရင်းအသုံးစရိတ် ခေါင်းစဉ်ရှိ စက်ပစ္စည်းများဝယ်ယူရန်စာရင်းတွင် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ လက်ရှိ မိမိတို့နိုင်ငံဖွံ့ဖြိုးရေး ဆောင်ရွက်ရန် စက်ယန္တရားများလိုအပ်နေခြင်းကြောင့် တင်ပြထားသည့်အတိုင်း စက်ယန္တရားများကို ဝယ်ယူသင့်ကြောင်း သာကေတမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက လွှတ်တော်တွင်ပြန်လည်ဆွေးနွေးခဲ့သည်။
“ မြေတူးစက်လို ယန္တရားတွေကို လိုအပ်သလောက် မဝယ်နိုင်သေးတဲ့အချိန်မှာ ဒီလိုဖျော်ဖြေရေးအတွက် သံစုံတီးဝိုင်းဝယ်ယူတာကို ပြန်လည်သုံးသပ်သင့်ကြောင်း အကြံပြုတင်ပြပါတယ်” ဟု ဒေါ်သက်ထားနွယ်ဝင်းက ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ဘဏ္ဍာငွေများလျာထားချက်ရေးဆွဲရာတွင် အသုံးပြုမည့် ဘတ်ဂျက်များသည် ပြည်သူများ၏ဘဏ္ဍာငွေများ ဖြစ်သည့်အတွက် ပြည်သူ့မျက်နာမူကာ ရေးဆွဲတင်ပြရန်လိုအပ်ပြီး မိမိဆန္ဒထက် ပြည်သူများ၏ ဆန္ဒကို ဦးစားပေးစဉ်းစားသင့်ကြောင်းနှင့် ပြည်သူများမျှော်လင့်နေသည့် လုပ်ငန်းများ၌ အကောင်အထည် မဖော်နိုင်ပါက လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် စွမ်းဆောင်ချက်ပေါ်လွင်မည် မဟုတ်ကြောင်း ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မှုက ဆက်လက်တင်ပြဆွေးနွေးခဲ့သည်။
ထို့အပြင် ၂၀၂၀ -၂၀၂၁ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရသုံးမှန်းခြေငွေစာရင်းလျာထားချက်တွင် စည်ပင်သာယာရေးကော်မတီက လမ်းတံတားများကောင်းမွန်ပါလျှက် ပြုပြင်ရန်ဘဏ္ဍာငွေတောင်းခံခြင်း၊ လမ်းစီမံကိန်းများတွင် ရေမြောင်းပြုပြင်ခြင်းများ ပါမလာခြင်း၊ ပစ္စည်းများဝယ်ယူရာတွင် မြေပြင်စျေးနှုန်းများနှင့် ကွာဟနေခြင်း၊ ဘဏ္ဍာငွေများပိုမိုတောင်းခံခြင်းများရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
သတင်း - ကိုခန့် /စံတော်ချိန်
ဓာတ်ပုံ - ရန်ကုန်လွှတ်တော်

No comments:

Post a Comment

My Blog List