Tuesday, June 02, 2020

ရခိုင် AA ၊ကိုးကန့် MNDAA နှင့်တအာင်း TNLA မဟာမိတ် ၃ ဖွဲ့က အပစ်အခတ်ရပ်စဲရန် တပ်မတော်ကို ကမ်းလှမ်း


ရခိုင် AA ၊ ကိုးကန့် MNDAA နှင့် တအာင်း TNLA တို့ မဟာမိတ် ၃ ဖွဲ့က တပ်မတော်ကို အပစ်အခတ်ရပ်စဲရေးအတွက် ကမ်းလှမ်းသည့် ကြေညာချက်တစ်ရပ်ကို ဇွန်လ ၁ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသည်။
မဟာမိတ် ၃ ဖွဲ့က ဇွန်လ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့ အထိ ဆဋ္ဌမအကြိမ်မြောက် အပစ်အခတ်ရပ်စဲကြောင်း၊ တပ်မတော်နှင့် အပစ်အခတ်ရပ်စဲလိုကြောင်း၊ နိုင်ငံရေးအရ အရေးပေါ်ပြဿနာများကို နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးအဖြေရှာရန်၊ မြန်မာအစိုးရ မြန်မာ့တပ်မတော်နှင့် မိမိတို့အဖွဲ့အစည်းများအကြားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရန် လက်တွေ့ကျသောလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်၊ ပြညသူလူထု၏ မျက်နှာကိုထောက်ရှု၍ တိုက်ပွဲများ လုံး၀မဖြစ်ပွားစေဘဲ ပြည်သူ့အသက် ၊ အိုးအိမ်စည်းစိမ်းများကို ကာကွယ်ပေးနိုင်ရန်၊ နှစ်ဦးနှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို အမှန်တကယ် ဆောင်ရွက်နိုင်ရန်နှင့် ပြည်တွင်းစစ်မီးလုံး၀ချုပ်ငြိမ်းသွားစေရန်၊ COVID-19 ကူးစက်ရောဂါကို ကြိုတင်ကာကွယ်တားဆီးရေး ထိန်းချုပ်နိုင်ရေး၊ တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများကို အထောက်အကူပြုနိုင်ရန်၊ ပြည်တွင်းငြိမ်းချမ်းရေး၊ မြန်မာနိုင်ငံနှင့် နယ်နမိတ်ထိစပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများအားလုံး၏ နယ်စပ်တည်ငြိမ်အေးချမ်းမှု ရရှိစေရန်အတွက် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးအား အကြိမ်ကြိမ်ကြေညာခဲ့ပြီး ငါးကြိမ်တိုင် သက်တမ်းတိုးခဲ့ပြီးဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

တပ်မတော်ကလည်း မိမိတို့နည်းတူ တစ်ဖက်သတ် ပစ်ခတ်ရပ်စဲခြင်းအား အကြိမ်ကြိမ်ကြေညာသော်လည်း နှစ်ဖက်တိုက်ပွဲများမှာ မရပ်တန့်နိုင်ဘဲ ဆက်လက်ဖြစ်ပွားနေကြောင်း၊ ရခိုင်ဒေသတစ်ခုတည်းကို သီးသန့်ချန်လှပ်ပြီး ရခိုင်တပ်တော် တစ်ဖွဲ့တည်းအား ကြည်း၊ ရေ၊ လေပူးပေါင်း ထိုးစစ်ဆင်တိုက်ခိုက်ရန် အမြစ်ပြတ်ချေမှုန်းရန် ကြိုးစားနေသောကြောင့် ရခိုင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကြိုတင်ကန့်သတ်ချက်များ တစ်ဖွဲ့ဖွဲ့အားချန်လှပ်ထားမှုများ ပါရှိသော မြန်မာ့တပ်မတော်၏ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာချက်များနှင့် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၏ သတင်းမီဒီယာများတွင် ပြောဆိုနေခြင်းများမှာ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်ရန် အဟန့်အတားဖြစ်နေကြောင်းလည်း ဖော်ပြထားသည်။

မဟာမိတ် ၃ ဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေးကမ်းလှမ်းကြေညာထားသော်လည်း တပ်မတော်ဘက်က တစ်စုံတစ်ရာတုံ့ပြန်မှုမရှိဘဲ ယခင်နည်းတူ ထိုးစစ်ဆင် တိုက်ခိုက်လာပါက ခုခံသောအနေဖြင့် ပြန်လည် တုံ့ပြန်ကာကွယ်မည်ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ 


No comments:

Post a Comment

My Blog List