Monday, November 23, 2015

ကလေးငယ်အား နှိပ်စက်သော အိမ်အကူကို အမှုဖွင့်





အသက် (၈)နှစ်အရွယ် ကလေးငယ်အား ရိုက်နှက်ညှဉ်း ပန်းခဲ့သည့် အိမ်အကူဖြစ်သူ ဒေါ်သန်းနွဲ့နှင့် ယင်းကလေးငယ် တို့ကို အိမ်ရှင် ဗိုလ်မှူးကျော်နု မော်ကိုယ်တိုင် နိုဝင်ဘာ ၂၂ ရက် ညနေတွင် ဗဟန်းရဲစခန်းသို့ လာ ရောက်အပ်နှံခဲ့ပြီး အိမ်အကူကို အမှုဖွင့်ထားကြောင်း အနောက် ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ကျော်ထွဋ်က ပြောသည်။
နိုဝင်ဘာ ၁၉ ရက်တွင် နေ အိမ်မှ ကလေးနှင့်အတူ ပျောက် ဆုံးသွားသည့် ဒေါ်သန်းနွဲ့သည် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ကျူသစ်ချောင်းကျေးရွာရှိ အသိ နေအိမ်၌တည်းခိုနေပြီး အိမ်အကူက ကလေးမိခင်ထံသို့ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာမှအဆက်အသွယ်ရပြီးသွားရောက်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကျော်နုမော်က ပြောကြားခဲ့သည်ဟု ဗဟန်းမြို့နယ်ရဲစခန်းမှ ရဲမှူးခင်မောင်ကြည်က ပြောသည်။

‘‘ဒေါ်သန်းနွဲ့က ကလေးအမေ သန္တာချိုကို တယ်လီဖုန်းနဲ့ လှမ်းပြီးဆက် သွယ်တယ်။ သန္တာ ချိုကတစ်ဆင့် ဗိုလ်မှူးကျော်နု မော်ကို နေရာပြောပြပြီး သွားခေါ် တယ်။ စခန်းကိုတော့ နိုဝင်ဘာ ၂၂ ရက် ညနေ ၃ နာရီကျော် လောက်မှ ဗိုလ်မှူးကိုယ်တိုင် လာ အပ်သွားတာပါ’’ဟု ရဲမှူးခင်မောင်ကြည်က ပြောသည်။

ကလေးသူငယ်ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်

ရိုက်နှက်ခံရသည့် ကလေး ငယ်မစုဝေ၏ မျက်နှာ၊ ခြေထောက်၊ လက်နှင့် ကျောကုန်းတို့တွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းတွင် ဆေးစာမှတ်တမ်းယူဆောင်နေကြောင်း ရဲမှူးခင်မောင်ကြည်က ပြောသည်။

‘‘အမှုကတော့ ကလေးသူ ငယ်ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ဖွင့် ထားပါတယ်။ ကလေးအမေ လည်းရောက်နေပါပြီ။ ဆေးစစ် ပြီးရင်တော့ အုပ်ထိန်းသူတွေ လက်ထဲကလေးကို ပြန်အပ်ပေး မှာပါ။ လက်ရှိအမှုကတော့ အာ မခံပေးလို့ရပါတယ်။ ဆေးစစ် ချက်အဖြေထွက်လာရင်လည်း နောက်ထပ်အမှုတွေတိုးလာနိုင် ပါတယ်’’ဟု ၎င်းက ဆိုသည်။

ကလေးငယ်တွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိ

ကလေးငယ်အမှုအား လိုက် ပါကူညီ ဆောင်ရွက်ပေးနေပြီးရန်ကုန်ဆေးရုံကြီးအရေးပေါ် ဌာနတွင် ဆေးကုသမှုကို သွားရောက်ကြည့်ရှုခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းမြင့်က ‘‘ကလေးကတော့ စိတ်ဒဏ်ရာ အများကြီးရထားပုံပဲ။ ကြောင်တောင်တောင်၊ ကြောက်တောက် တောက်ဖြစ်နေတယ်။ ကြောင်လည်းကြောင်နေတယ်။ နာ့စ်မ တွေက သမီးထွက်မ ပြေး ဘူးလားမေးတော့ သမီးဘယ်လိုပြေးမလဲ တဲ့။ သမီးကို ပိတ်ထားတာကိုး တဲ့။ သမီးက ဒဏ်ရာတွေနဲ့ဆိုတော့ ဘာမှန်းကို မသိတော့ဘူးတဲ့။ ဘယ်လိုနှိပ်စက်နေမှန်းလည်း သမီးမသိတော့ဘူးတဲ့။ ကလေးကတော့ စိတ်ဓာတ်ပိုင်း ဆိုင်ရာတော်တော်များများ ထိခိုက်သွားတဲ့ပုံပဲ’’ ဟု ဆိုသည်။

ယခုအမှုမှာ တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်၏ နေအိမ်၌ဖြစ်ပွားသောကြောင့် အိမ်ပိုင်ရှင်တွင်ပါ အဓိကတာဝန်ရှိသည်ဟု ဦးထွန်းမြင့်က ဆိုသည်။

‘‘သူတို့ မွေးစားသည်ဖြစ်စေ၊ မမွေးစားသည်ဖြစ်စေ၊ ခိုင်းဖို့ ခေါ် ထားသည်ဖြစ်စေ သူတို့ အုပ်ချုပ် မှုအောက်မှာ၊ သူတို့ပိုင်ဆိုင်မှု ပရ ၀ဏ်အတွင်းမှာ ဖြစ်ပွားခဲ့တာ။ ဒီကိစ္စကို မလုပ်နဲ့ ဆိုပြီးတော့ ဒေါ် သန်းနွဲ့ကို တားလို့ရသလို လုပ်လို့လည်း စေခိုင်းလို့ရတယ်။ သူ တို့ Authority မပါဘဲ လုပ်လို့မရ ဘူး’’ ဟု ဦးထွန်းမြင့်က ဆက်လက်ပြောသည်။

အိမ်ရှင်၏ ပြောကြားချက်တွင် ကွဲလွဲချက်များရှိ

အခင်းဖြစ်ပွားခဲ့သည့် နိုဝင်ဘာ ၁၉ ရက်တွင် အိမ်ရှင်ဖြစ်သူ ဒေါ်ယဉ်ယဉ်နွယ်၏ ပြောကြားချက်များနှင့် ဗဟန်းရဲစခန်း၌ ရဲမှူးခင်မောင်ကြည်ကို ၎င်း၏ခင်ပွန်း ဗိုလ်မှူးကျော်နုမော်၏ပြောဆိုမှုနှင့် ကွဲလွဲချက်များရှိ နေခဲ့သည်။ ဒေါ်ယဉ်ယဉ်နွယ်က နိုဝင်ဘာ ၁၉ ရက်တွင် ကလေး ငယ်ကို ခိုင်းစေရန် အဒေါ်ဖြစ်သူ ဒေါ်သန်းနွဲ့သည် တောင်ငူမြို့မှ ခေါ်ယူပေးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း တကယ်တွင် ကလေးငယ်ကို စာချုပ်ဖြင့် မွေးစားထားခြင်းဖြစ်ကာ အိမ်အကူ ဒေါ်သန်းနွဲ့နှင့် ကလေးငယ်မှာ အမျိုးတော်စပ်မှုမရှိကြောင်း ဗဟန်းရဲစခန်းမှ သတင်းရရှိသည်။

ဗဟန်းမြို့နယ် ဆရာစံရပ် ကွက် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ် ခြံဝင်းအတွင်း၌ အသက် (၈)နှစ်အရွယ် မိန်းကလေးငယ်အား လက်ပြန်ကြိုးတုပ် ရိုက်နှက်နေ သည့်ပုံမှာ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ပျံ့နှံ့ခဲ့ပြီးနောက် သက်ဆိုင် ရာအဖွဲ့အစည်းများက အဆိုပါ နေအိမ်သို့ နိုဝင်ဘာ ၁၉ ရက်၌ သွားရောက် စစ်ဆေးခဲ့သည်။ ယင်းသို့ သွားရောက်စစ်ဆေး သောအခါ ကလေးငယ်ကိုနှိပ်စက် သူမှာ ကလေးငယ်၏ အဒေါ်ဖြစ် သူ အိမ်အကူဒေါ်သန်းနွဲ့ဖြစ်ပြီး ၎င်းသည် ယင်းနေ့ နေ့လယ်ကပင် ကလေးငယ်အားခေါ်ဆောင်၍ နေအိမ်မှ ထွက်သွားပြီဖြစ် ကြောင်း ဒေါ်ယဉ်ယဉ်နွယ်ကပြော ကြားခဲ့သည်။

သို့သော် အဆိုပါဖြစ်စဉ်ကို လိုက်လံကူညီဆောင်ရွက်ပေးနေ သော (၈၈မျိုးဆက်ပွင့်လင်းလူ့အ ဖွဲ့အစည်း)မှ မမီးမီးက ရိုက်နှက် ခံရသည့် မစုဝေနှင့် ဒေါ်သန်းနွဲ့တို့ သည် သက်ဆိုင်ရာကလာရောက် စစ်ဆေးသည့်နေ့မှပင် မည်သည့် နေရာသို့မျှ သွားရောက်ခြင်းမရှိ ဘဲ နေအိမ်ထဲတွင်သာ နေထိုင် နေခြင်းဖြစ်ကြောင်း ဒေါ်သန်းနွဲ့ က ဖုန်းဖြင့် ဖြေကြားခဲ့သည်ဟု 7DAY အား ပြောသည်။

‘‘ဒီအမှုစဖြစ်ကတည်းက တောင်ငူသွားတယ်လို့ပြောတယ်။ ကျွန်မတို့ စုံစမ်းတော့ လမ်းလွဲနေ တာသိတယ်။ နောက်တော့ မြိတ် ဘက်ကို စုံစမ်းတော့ ကလေး နောက်ကြောင်းသိလာရတယ်။ ဒေါ်သန်းနွဲ့နဲ့ ဖုန်းပြောတဲ့အခါမှာ လည်း ဘယ်မှမသွားဘူး။ ဖြစ်တဲ့ နေ့ကတည်းက အိမ်ထဲမှာရှိနေ တယ်ပြောတယ်။ ဒီဖုန်းကိုစပီကာ ဖွင့်ပြောတဲ့အတွက် (ရဲစခန်းမှနေ ၍ ဖုန်းဆက်ခြင်း)ဗဟန်းစခန်းမှူး ကိုယ်တိုင်လည်းကြားပါတယ်’’ ဟု မမီးမီးက ပြောကြားသည်။

ကြိုးတုပ်ရိုက်နှက်ခံရသည့် မစုဝေကို ယခုနှစ် စက်တင်ဘာ ၂၉ ရက်တွင် မြိတ်မြို့နယ် စစ်မြေ ပြင် အင်ဂျင်နီယာတပ်ရင်း(၉၁၈) မှ တပ်သားသန်းဦး၊ ဒေါ်သန္တာချို တို့ထံမှ အမွေစားအမွေခံ မဟုတ် ဘဲ မွေးစားခဲ့ခြင်းဖြစ်ပြီး လူမှုရေး အရ ထောက်ထားသောအားဖြင့် ကျပ်ဆယ်သိန်းပေးခဲ့ကြောင်း မြိတ်မြို့ (၈၈မျိုးဆက်ပွင့်လင်းလူ့ အဖွဲ့အစည်း)မှ ကိုမြတ်ထွဋ်က ပြောသည်။

‘‘ကလေးအဖေဖြစ်တဲ့ ကိုသန်းဦးက အဖေအရင်းတော့မ ဟုတ်ပေမယ့် သူ့ကလေးဒီလိုလုပ် ခံရတာမြင်တော့သူလည်းစိတ်ထိ ခိုက်တယ်။ ၂၁ ရက် မနက်မှာ သူ နဲ့ဆုံပြီး ဒီအဖြစ်အပျက်တွေကို အွန်လိုင်းဓာတ်ပုံပြတော့မှ သူတို့ ကလေးဒီလိုနှိပ်စက်ခံနေရတာကို သိတာပါ။ ကလေးမွေးစားခွင့်စာ ချုပ်ကိုလည်းသူတို့လင်မယားနှစ် ယောက် လက်မှတ်ထိုးပေးခဲ့တာ ပါ’’ဟု ကိုမြတ်ထွဋ်ကပြောသည်။

အခင်းဖြစ်ပွားချိန်တွင် ဒေါ်ယဉ်ယဉ်နွယ်ပြောဆိုခဲ့သော ထွက်ဆိုချက်များကို ရုံးတင်စစ် ဆေးသည့်အခါ၌ စစ်ဆေးမည် ဖြစ်ပြီး မမှန်မကန်ထွက်ဆိုသူများ ကိုလည်း တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးကျော်ထွဋ် ကပြောသည်။

‘‘အမှုစတင်စစ်ဆေးတဲ့အခါ မှာ အားလုံးကိုစစ်ဆေးသွားမှာဖြစ် ပါတယ်။ ဒီအခါမှာ ပါဝင်ပတ် သက်တဲ့သူတွေအားလုံးကိုလည်း စစ်ဆေးသွားမှာပါ။ ဒီအထဲမှာမှ လိမ်လည်ပြောဆိုမှုတွေရှိခဲ့ရင် လည်း တရားဥပဒေအတိုင်း အ ရေးယူဆောင်ရွက်သွားမှာပါ’’ ဟု ဒုရဲမှူးကြီးကျော်ထွဋ်က ပြောသည်။

ကလေးမပျော်လျှင် မိခင်နှင့် ပြန်ထည့်ပေးမည်ဟုဆို

ကလေးငယ်ကို ဆေးစစ်ချက်များရယူပြီးနောက်ဗဟန်းရှိ အဆိုပါအိမ်မှာပင် ပြန်နေမည်ဖြစ်ပြီး၊အိမ်ရှင်ဗိုလ်မှူးက ကလေးမပျော်ပါက မိခင်ဖြစ်သူနှင့် ပြန်ထည့်ပေးမယ်ဟုပြောကြောင်း ရဲမှူးခင်မောင်ကြည်က ပြောသည်။

အဆိုပါအမှုနှင့် ပတ်သက်၍အချက်အလက်အားလုံးကို စုစည်းပြီး နိုဝင်ဘာ ၂၃ရက်(ယနေ့)တွင် နေပြည်တော်ရှိသက်ဆိုင်ရာဌာနများသို့ စာပို့တိုင်ကြားမည်ဟု မမီးမီးက ပြောသည်။

ထိုကဲ့သို့ ရိုက်နှက်မှုများကိုမည်သူမဆို လူမှုဝန်ထမ်းဦးစီးဌာနသို့ အကြောင်း ကြားကာအမှုဖွင့်တိုင်ကြားနိုင်ပြီး ၁၉၃၃ ကလေးသူငယ်ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အရေးယူနိုင်ကြောင်း၊ ကလေးကို လည်း မိဘများမကျွေးနိုင်ပါက စာချုပ်ဖြင့်လွှဲပြောင်းပေးအပ်နိုင် ကြောင်း တရားလွှတ်တော်ရှေ့ နေ ဦးမောင်မောင်ကြီးက ပြော သည်။

‘‘ကလေးသူငယ်ဥပဒေအရ အမှုဖွင့်အရေးယူရင် ထောင်ဒဏ်၊ငွေဒဏ်နှစ်မျိုး စလုံးချမှတ်နိုင်ပါ တယ်။ ထောင်ဒဏ်ချမှတ်မယ်ဆို ရင်တော့ အများဆုံး ၂ နှစ်ထိ ချ မှတ်နိုင်ပါတယ်။ ငွေဒဏ်ဆိုရင် လည်း တစ်သောင်းအထိ ချမှတ် လို့ရပြီး ဒဏ်နှစ်ရပ်စလုံးလည်း ချ မှတ်လို့ရတယ်။ စာချုပ်နဲ့မွေးစား တဲ့အတွက် လူကုန်ကူးမှုတွေမ ဖြစ်တော့ဘူး။ ဥပဒေနားလည်တဲ့ သူတွေက အခုလိုပဲလုပ်တယ်’’ဟု ဦးမောင်မောင်ကြီးက ပြောသည်။

နိုဝင်ဘာ ၁၉ရက်တွင် ဖြစ် ပွားခဲ့သည့် ကလေးငယ်အား ကြိုးတုပ်ရိုက်နှက်မှု အတွက် လူ ကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ် ဖွဲ့ (ကလေးသူငယ်ကာ ကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု)၊ ဗဟန်းမြို့မရဲစခန်းမှ ရဲအရာရှိများ၊ SaveThe Children (ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့) တို့က သွားစစ်ဆေးခဲ့ပြီးနောက်လေးရက်မြောက်နေ့တွင် ရဲစခန်းသို့ လာရောက် အပ်နှံခဲ့ခြင်းဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List