ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းနှင့် သြဂုတ်လဆန်းပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ပြီး ရေကြီးရေ မြုပ်မှုနှင့် မြေပြိုကျသည့် ဘေးအန္တရာယ်များကို မြန်မာတဝန်း ဆိုးရွားစွာ ကြုံတွေ့ခံစားခဲ့ရပြီး လူသေဆုံးမှု များနှင့် ပျက်ဆီးဆုံးရှုံးမှုများစွာ ရှိခဲ့ပါတယ်။
ရေကြီးရေမြုပ်မှုနှင့် မြေပြိုကျမှု ဖြစ်စဉ်များ ကြုံတွေ့လာရခြင်းသည် သစ်တောနှင့် သဘာဝသယံဇာတ ပြုန်းတီးမှုများ၊ သစ်တောပြုန်းတီးမှုများ ကြောင့် ဖြစ်ပေါ်လာရသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှာက် သူများက ဝေဖန်ထောက် ပြောဆိုလျက် ရှိသည်။
ထိုအခြေအနေများကို သိရှိနိုင်ရန် သစ်တော နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ တဦးဖြစ် သည့် ဦးစည်သူလွင်အား ဧရာဝတီ သတင်းထောက် ထွန်းထွန်းက တွေ့ဆုံမေးမြန်းထားသည်။ ဦးစည်သူ လွင်သည် ၁၉၈၂ ခုနှစ်တွင် ရေဆင်းတက္ကသိုလ်မှ သစ်တောသိပ္ပံဘွဲ့ကို ရရှိသည်။ တောအုပ်ကြီး၊ UNDP နှင့် FAO တို့ ပူးပေါင်းဆောင်ရွက်သော ဒီရေတော စီမံကိန်းတွင် ဘိုကလေးမြို့နယ် သစ်တောတာဝန်ခံ၊ FREDA တွင် Professional Assistant စသည်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ စာနယ်ဇင်းများတွင် ကိုရင်လှ ကလောင်အမည်ဖြင့် ပတ်ဝန်းထိန်းသိမ်းရေးဆိုင်ရာ ဆောင်းပါးများကို ရေးသားနေသည်။
မေး။ ။ လက်ရှိကျနော်တို့ ကြုံတွေ့နေရတဲ့ ရေကြီးနစ်မြုပ်မှုတွေက သစ်တော ပြုန်းတီးမှုတွေနဲ့ ဘယ်လို ဆက်စပ်နေပါလဲ။
ဖြေ။ ။ တိုက်ရိုက် သက်ဆိုင်တာပေါ့။ သစ်ပင်မရှိတော့တဲ့အတွက် ရွာချလိုက်တဲ့ မိုးရေနဲ့အတူ နှုန်းတွေ ရွံ့တွေ မျောပါလာကြတယ်။ အဲ့ဒီရွံတွေက မြစ်တွေ၊ ဆည်တွေထဲကို ပို့ချနေကြတယ်။ အခု မြစ်တွေ ချောင်းတွေ၊ ဆည်တွေရဲ့ ကြမ်းပြင်တွေမှာ နှစ်တိုင်းနှစ်တိုင်း အမြဲတမ်း နှုန်းတွေတိုးနေတယ်။ အဲဒီအတွက် ရွာချလိုက်တဲ့ မိုးရေတွေကို ပမာဏကျယ်ကျယ် မသိုလှောင်နိုင်တော့ဘဲ ကမ်းပေါ်လျှံတက်ပြီး ရေကြီးရေ လျှံမှုတွေ ဖြစ်လာတာပဲ။ မိုးကများတယ် ဆိုပေမယ့်လည်း ဒါတွေကလည်း အဓိက ကျနေတယ်။
မေး။ ။ ရေကြီးရေနစ်မြုပ်ခဲ့တဲ့ ဒေသတွေမှာ ရေပြန်ကျသွားပေမယ့် နှုန်းတွေအများအပြား တင်ကျန်ခဲ့တာ တွေ့ရတယ်။ မြစ်ချောင်းတွေထဲမှာရော ဘယ်လိုဖြစ်လာနိုင်ပါလဲ။
ဖြေ။ ။ မြစ်တွေ ချောင်းတွေ မြောင်းတွေထဲကို စီးဝင်လာမယ့် အမြင့်ပိုင်း နေရာတွေဖြစ်တဲ့ ရေဝေရေလဲ ဧရိယာတွေမှာ သစ်ပင်တွေ မရှိလေလေ မြစ်ချောင်းတွေထဲကို ရေနဲ့အတူ ရွံ့တွေသဲနှုန်းတွေ စီးဝင်လာ လေလေပါပဲ။ အခု အင်းလေးကန်ကြီး တဖြည်းဖြည်း တိမ်ကောလာတာတွေ ဖြစ်နေတာက ဒီပြဿနာပဲ။ အင်းလေးကန်ရဲ့ ရေဝေရေလဲ ဧရိယာတွေမှာ သစ်တောတွေ မရှိတော့ဘူး။ ရာသီအလိုက် သီးနှံတွေပဲ ရှိတော့တယ်။ အဲဒီတော့ မိုးရွာရင် စီးဝင်လာတဲ့ ရေတွေမှာ နှုန်းတွေပါလာတဲ့အတွက် အနီရောင်တွေချည်းပဲ။
နောက်ဆက်တွဲတွေက အခုရေပြန်ကျသွားတဲ့ နေရာတွေမှာ နှုန်းတွေ ထုနဲ့ထည်နဲ့ ကျန်နေခဲ့တာတွေ တွေ့ရတယ်။ ဒီလို သာမန်ရွာတွေ လယ်တွေထဲမှာတောင် ဒီလောက်နှုန်းတွေ ထုထည်တက်ခဲ့တယ်ဆိုရင် ရေအရှိန်ကို တားထားတဲ့ ဆောက်ထားပြီးသား ရေကြီးရေလျှံ ဒေသတွေမှာရှိတဲ့ ဆည်တွေထဲမှာရော နှုန်းတွေ ဘယ်လောက်တက်သွားပြီလဲ။ ဒါကို ဘယ်သူဖြေမလဲ၊ ဘယ်သူတွေကရော ဒါတွေကို တိုင်းတာပြီး ထုတ်ပြန်တာတွေ ပြုပြင်တာတွေ လုပ်မလဲ။ ကျနော်ကတော့ ဆည်ပညာရှင် မဟုတ်တဲ့အတွက် မသိဘူး။
မေး။ ။ မိုးရွာသွန်းမှုတွေကြောင့် ဒေသတချို့မှာ မြေပြိုကျမှုတွေ ဖြစ်ပွားခဲ့တာက သစ်ပင်တွေ ပြုန်းတီးတာနဲ့ ဆက်စပ်နေပါလား။
ဖြေ။ ။ ဆိုင်တာပေါ့။ ချင်းတောင်မှာ မြေပြိုမှုတွေက သစ်တောပြုန်းတီးမှုတွေရဲ့ မြင်ရတဲ့ အကျိုးရလဒ်ဆို တာ အမှန်ပဲ။ ချင်းတောင်က မတ်စောက်တယ်။ နဂိုကတည်းကိုက မြေကြီးကို အပင်တွေနဲ့ ထိန်းထားတာ။ အပင်တွေ မရှိတော့ မြေကြီးရဲ့ ဖွဲ့စည်းမှုက နည်းလာတယ်။ မိုးက တအားရွာတဲ့ အခါကျတော့ မြေကြီးထဲ ရေ၀င်တာ များလာပြီး ရွံ့တွေလိုပျော်ပြီး ဆင်းသွားတာ။ ၀ုန်းဒိုင်းဆိုပြီး အချပ်လိုက် ပြိုကျတာမျိုး မဟုတ် ဘူး။ မြင့်တဲ့နေရာတိုင်းမှာ ဒီပြသနာတွေက ကြုံမှာပဲ။ ဒီကိစ္စနဲ့ ရေကြီးတာက တဆက်တည်းပဲ။
မေး။ ။ ရေကြီးမှုတွေရဲ့ နောက်ဆက်တွဲ အနေနဲ့ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ။
ဖြေ။ ။ သေချာတာတခုကတော့ မြစ်ရဲ့ကြမ်းပြင်တွေ မြင့်တက်လာတယ်။ အခုနောက်ပိုင်း နှစ်တွေမှာလည်း ဧရာဝတီမြစ်ကြီးဟာ အညာဒေသဖြစ်တဲ့ ပခုက္ကူတို့ ပုဂံတို့ဘက်တွေမှာ မြစ်ကြီးကသာ အကျယ်ကြီး ရေစီး နေတဲ့ နေရာက ကျဉ်းကျဉ်းလေး၊ ရေကလည်း ပါးပါးလေးပဲ ဖြတ်စီးနေတာ။ မြစ်ရဲ့ရေဝေရေလဲ ဧရိယာ တွေမှာ သစ်ပင်တွေ မရှိတော့ဘူး။ ရေဝေရေလဲ မရှိတော့ မြေအောက်ရေလည်း မရှိတော့ဘူး။ မြေအောက် ရေတွေက မြစ်ထဲချောင်းထဲ စီးဆင်းမလာတော့တဲ့ အတွက် ရေကနည်းသွားတယ်။ ခုမြစ်ကြမ်းပြင်တွေ မြင့်တက်လာတယ်၊ ရေကတော့ ဆက်စီးနေဦးမှာပါပဲ။
၂၀၁၅ မတိုင်ခင်ကရော ဆည်တွေမှာ နှုန်းဘယ်လောက် ပို့ချသွားပြီး အခုရော ဘယ်လောက် တက်သွား လည်းဆိုတာ ဘယ်သူတွေ တိုင်းတာထားလဲ။ အဲ့ဒါက အင်မတန် ကြောက်စရာ ကောင်းတယ်နော်။ မြန်မာ နိုင်ငံမှာ ဆည် ၃၀၀ ကျော် ရှိတယ်နော်။ တခုကျိုးလို့ကတော့ ကျန်တာတွေလည်း ထိန်းနိုင်မယ် မထင်ဘူး။ အဲဒီလိုပြောရင်တော့ အဆိုးမြင်ရာ ကျဦးမယ်။ ပြောရတာ ခွတော့ကျတယ်။ ဒါပေမယ့် သေချာတာ တခုက တော့ ရေတွေက အရင်ကလောက် သန့်မှာ မဟုတ်တော့ဘူး။ အဲဒီလို ယူဆလို့ရတယ်။
အခု ရခိုင်ဘက်မှာ ရေမြုပ်တဲ့ နေရာတချို့က လူတွေရဲ့ ခန္ဓာကိုယ်မှာ အမဲကွက်တွေ ပေါ်နေတာတွေ ဖြစ်နေတယ်။ ဘာဖြစ်လဲတော့ မသိဘူး၊ နောက်ပြီးရေထဲမှာ ဘာတွေပါလာလဲ ဆိုတာလည်း မပြောတတ် ဘူး။ နောက်ပြီး သတ္တုတူးတာ၊ ရွှေတူးတာ၊ ခနောက်စိမ်း တူးတာစတာတွေက သစ်ပင်တွေကို အကုန် ခုတ်ပစ်ပြီးတော့မှ တောင်တွေကို ဖြိုပစ်ဖဲ့ပစ် လိုက်ကြတာ။ ဒီလိုသတ္ထုတူးဖော်တဲ့ လုပ်ငန်းတွေ အားလုံးက လည်း အက်ဆစ်တွေ သုံးရတယ်။
အဲဒီမှာ ဘာတွေပျော်ဝင်နေမလဲ မသိဘူး။ အဲ့ဒီရေတွေကိုလည်း ဘယ်သူမှ မစစ်ပေးထားဘူး။ တို့နိုင်ငံမှာ အခုထိ ရေအရည်အသွေး မရှိသေးဘူး။ ဥပဒေတောင် မနေ့တနေ့ကမှ ထွက်တာ၊ ခုမှ ဒါတွေ လုပ်မလို့ စတုန်း ရှိသေးတယ်။ အဲဒီတော့ ဒီရေတွေထဲ ဘာတွေပါနေလဲ၊ ဘာတွေဖြစ်မှာလည်း မသိဘူး။ လူတွေက တော့ အခု ဒီအတိုင်းပဲ သောက်နေကြတာပဲ။ သူတို့မှာ ဒါတွေကို ဘယ်လို ကာကွယ်နိုင်မလဲ ဆိုတာတွေ လည်း မသိကြရှာဘူး။
မေး။ ။ မြန်မာနိုင်ငံရဲ့ သစ်တောပြုန်းတီးမှု အခြေအနေက ဘယ်လောက် ရှိနေပါပြီလဲ။
ဖြေ။ ။ ၁၉၅၅ ခုနှစ်မှာ မြန်မာနိုင်ငံသစ်တောရဲ့ တောကောင်း ဧရိယာဟာ ၅၇ ရာခိုင်နှုန်း ရှိခဲ့တယ်။ အဲဒီအချိန်တုန်းက ငါတို့ဆီမှာ တောညံ့တွေကို ထည့်တွက်စရာကို မလိုခဲ့ဘူး။ တောကောင်း ဧရိယာတွေ ဟာ ၁၉၇၅ ခုနှစ် ရောက်တဲ့အခါမှာ ၄၄ ဒသမ ၈၂ ရာခိုင်နှုန်း၊ ၁၉၈၉ ခုနှစ်မှာ ၄၆ ဒသမ ၆၄ ရာခိုင်နှုန်း၊ ၁၉၉၈ ခုနှစ်မှာ ၃၇ ဒသမ ၇၁ ရာခိုင်နှုန်း၊ ၂၀၀၆ ခုနှစ်မှာ ၂၅ ဒသမ ၈၂ ရာခိုင်နှုန်း၊ ၂၀၁၀ ခုနှစ်မှာတော့ ၁၉ ဒသမ ၈၇ ရာခိုင်နှုန်းပဲ ကျန်တော့တယ်။၂၀၁၅ ခုနှစ်မှာ အခု ဘယ်လောက်ကျန်သလဲ။
၂၀၁၀ ခုနှစ်မှာ တနိုင်ငံလုံး သစ်တောဖုံးလွှမ်းမှု ဧရိယာ(တောကောင်း/တောညံ့) စုစုပေါင်းက ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုတယ်။ အခု ၂၀၁၅ ခုနှစ်မှာ အဲ့ဒီထဲက ၂ ရာခိုင်နှုန်း လျော့သွားပြီးလို့ လက်ရှိ သစ်တောညွန်ချုပ်က ပြောထားတယ်။ ဆိုလိုချင်တာက သစ်တောတွေက နှစ်တိုင်း လျော့နေတယ်။ ဘယ် တုန်းက အဆိုးဆုံး ဖြစ်ခဲ့တာလဲဆိုတော့ စစ်အစိုးရ တက်လာပြီးတဲ့ ၁၉၈၉ ခုနှစ် ကနေစပြီး လျော့လာလိုက် တာ ၂၀၁၀ ခုနှစ် ရောက်တဲ့အထိ ၂၁ နှစ် အတွင်းမှာ နိုင်ငံဧရိယာရဲ့ ၂၆ ဒသမ ၇၇ ရာခိုင်နှုန်း သစ်တော တွေ မရှိတော့ဘူး။ ဒါတွေဟာ တောကောင်း ဧရိယာတွေနော်။
နိုင်ငံဧရိယာရဲ့ လေးပုံတပုံကျော်ကျော် ပျောက်သွားတာ။ ဘာကြောင့် ဖြစ်ရတာလဲ။ စစ်အစိုးရ တက်လာ တဲ့အချိန် နိုင်ငံခြားငွေ လိုအပ်တဲ့အချိန်မှာ သစ်ကိုပဲ အဓိက ခုတ်ရောင်းခဲ့ကြတာ ဖြစ်တယ်။ နောက်ပြီး ၁၉၈၉ ခုနှစ်ကစပြီး လက်နက်နဲ့ ငြိမ်းချမ်းရေးလဲတဲ့ ကိစ္စကို လုပ်ကြတယ်။ အဲဒီမှာ မြေအောက်ကနေ မြေပေါ်ပြန်တက်လာကြတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ အစိုးရ အနေနဲ့ သူတို့ကို စီးပွားရေး လုပ်ကိုင်ခွင့်တွေ ကို ပြန်ပေးတယ်။ အဲ့ဒီမှာလည်း သူတို့ရဲ့ အဓိက အလုပ်တွေက သစ်ရောင်းတာနဲ့ သတ္ထုရောင်းတာ နှစ်မျိုး ပဲ ရှိတယ်။
မေး။ ။ သစ်တောတွေ ပြုန်းတီးမှုရဲ့ အကျိုးဆက်ကို ပြောပြပေးပါဦး။
ဖြေ။ ။ သစ်တောတွေ မရှိတော့တဲ့အတွက် အရင်ဆုံး ဖြစ်လာတာက မိုးရွာချတဲ့ အချိန်မှာ မြေကြီးပေါ်ကို မိုးစက်တွေ တိုက်ရိုက်မထိစေပဲ မြေကြီးပေါ် ဖြည်းဖြည်းချင်း ကျဆင်းအောင် ကြားခံပေးတဲ့ သစ်တော့ဖုံး လွှမ်းမှုတွေ မရှိတော့ဘူး။ အဲဒီအတွက် မိုးရေတွေဟာ အရှိန်အဟုန်နဲ့ ပမာဏများများ မြေကြီးပေါ်မှာ ဖြတ် စီးရတယ်။ အဲဒီမှာ အပင်တွေ မရှိတော့တဲ့အတွက် မိုးရေတွေဟာ မြေဆီလွှာတွေကို တိုက်ရိုက်တိုက်စား သွားတာပဲ။ အဲဒီလိုပဲ သစ်ပင်တွေ မဖုံးလွှမ်းထားတဲ့အတွက် မိုးရေတွေဟာ မြေကြီးပေါ်က မြန်မြန်ဖြတ်ဆင်း သွားတဲ့ အတွက်ကြောင့် မြေကြီးအောက်ထဲကို ရေစိမ့်ဝင်မှု နည်းသွားတဲ့အတွက် မြေအောက်ရေတွေလည်း နည်းသွားမယ်။
နောက်ပြီး နဂိုရှိနေတဲ့ မြေအောက်ရေဟာလည်းအပေါ်မှာ သစ်ပင်တွေ မဖုံးလွှမ်းထားတဲ့အတွက် နေရောင် ခြည် အပူဓာတ်နဲ့ တိုက်ရိုက်ထိတွေပြီး လွယ်လွယ်ပဲအငွေ့ပျံသွားတယ်။ အဲဒီလိုပြသနာတွေဟာ ဆက်တိုက် ပဲ ဖြစ်လာတယ်။ နောက်တခုက သစ်မြစ်တွေကို ကုပ်ဆွဲထားတာ ဖြစ်တဲ့အတွက် သစ်ပင်တွေကို အပြောင် ခုတ်ပစ်တဲ့အပြင် အမြစ်တွေကိုပါ တူးထုတ်ခဲ့တယ်။ ဘယ်သူမှတော့ သစ်ပင်တွေကို ပြန်မစိုက်ခဲ့ကြဘူး။ အဲဒီလို ပြန်မစိုက်ခဲ့တဲ့ဒဏ်တွေကို အခုအားလုံး ပြန်ခံစားရတာပါပဲ။
မေး။ ။ လက်ရှိ သစ်တောဥပဒေတွေနဲ့ ပတ်သက်ပြီးလို့ရော ဆရာဘာများ ပြောချင်ပါလဲ။
ဖြေ။ ။ အခုမြန်မာနိုင်ငံရဲ့ သစ်တောဥပဒေတွေ၊ နည်းဥပဒေတွေက ပညာရှင်တွေကိုယ်တိုင် သေသေချာ ချာ ရေးဆွဲပေးခဲ့တာ၊ အလကားရခဲ့တာ တခုမှ မရှိဘူး။ ဥပဒေတွေအတိုင်း လုပ်ခွင့်မရတာ ပညာရှင်တွေ ကိုယ်တိုင် သစ်တောတွေကို စီမံအုပ်ချုပ်ခွင့် မရတာ ကြာခဲ့ပြီ။ တော်လှန်ရေး ကောင်စီခေတ် ကတည်းက ပဲ။ မြန်မာနိုင်ငံမှာ အင်္ဂလိပ် လက်ထက်က ပြဌာန်းခဲ့တဲ့ မြန်မာ့ရွေးချယ် ခုတ်လှဲနည်းစနစ်ဆိုတာ ရှိတယ်။
အဲဒါတွေကို မလိုက်နာပဲနဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ အားလုံးက စာအုပ်တွေထဲမှာပဲ ရှိနေပြီး ကျန်တာ အကုန်လုံးကို သက်ဆိုင်ရာ တိုင်းမှူး၊ ပြည်နယ်မှူးနဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ နှုတ်မိန့်တွေနဲ့ပဲ ခုတ်ယူခဲ့ကြတယ်။ အဲ့ဒီလို စနစ်တကျ မဟုတ်ဘဲ တောတွေကို အပြောင်လိုက် ခုတ်ပစ်ခဲ့ကြတဲ့ အတွက် သစ်တောတွေ အကြီးအကျယ် ပျက်ဆီးခဲ့တာပဲ ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ် မတိုင်ခင်က အရပ်ဘက် ၀န်ကြီးတွေ ဦးဆောင်ခဲ့ကြတာ။ ဗိုလ်ခင်မောင်လေး အထိ ကောင်း သေးတယ်။ အဲဒီနောက်ပိုင်း စစ်တပ်က ဗိုလ်ချုပ်တွေပဲ ဦးစီးခဲ့တာပဲ။ အဲဒီမှာ သစ်တောတွေ ပြုန်းတီးကုန် တာပဲ။ စစ်တပ်ကလူတွေ ပြန်ထွက်သွားပြီး ပညာရှင်တွေကို နေရာပြန်ပေးပါလို့ပဲ တောင်းဆိုတယ်။ ပညာ ရှင်တွေကို လုပ်ခွင့်ပေးပါ။ မြန်မာ့သစ်တောတွေ ပြန်ကောင်းလာဖို့ အာမခံပါတယ်။
မေး။ ။ သဘာဝ ဘေးအန္တရာယ်တွေနဲ့ ပတ်သက်လို့ ကြိုတင်ကာကွယ်မှုတွေကို ဘယ်လိုလုပ်ဆောင်သင့် ပါလဲ။
ဖြေ။ ။ အခု ကြုံတွေ့ခဲ့ရတဲ့ ရေးကြီးနစ်မြုပ်မှုနဲ့ ပတ်သက်ပြီး၊ ရေဘာလို့ကြီးလဲ မိုးများလို့ပေါ့၊ မိုးဘာလို့များ တာလဲ ဆိုတော့ ပစ်မလွဲတဲ့ အကြောင်းအရာက ရာသီဥတု ပြောင်းလဲမှုကြောင့်လို့ အားလုံး ပြောကြလိမ့် မယ်။ ဒါပေမယ် ဒီနှစ်က အယ်လ်နီညိုနှစ် ဖြစ်တယ်။ အဲဒီတော့ ပူမယ့်နှစ် ဖြစ်တဲ့အတွက် နောက်နှစ်တော့ မိုးနည်းသွားမယ်လို့ ယူဆရတယ်။ အဲဒီတော့ ငါတို့ ဒီပြသနာတွေက နလန်မထူနိုင်ခင်မှာ ပြန်လည် ပြင်ဆင် ရမယ်။
ဒီနှုန်းတွေ ဆက်မကျလာအောင် လုပ်ဖို့ကတော့ တနည်းပဲ ရှိတယ်။ သစ်ပင်စိုက်ဖို့ပဲ။ တကယ်စိုက်မှ ဖြစ်မှာ။ ဟန်ဆောင်ပန်ဆောင် စိုက်ခဲ့တာ နှစ်ပေါင်း မနည်းတော့ဘူး။ နှစ်တိုင်း မိုးရာသီမှာ သစ်ပင်စိုက် ခဲ့ကြတာ မနည်းတော့ဘူး။ ပျိုးပင်တွေ သန်းနဲ့ချီပြီး စိုက်ခဲ့ကြတယ်။ အဲဒီလိုသာ စိုက်ခဲ့တဲ့ အပင်တိုင်း ရှင်ခဲ့မယ်ဆို မြန်မာနိုင်ငံမှာ နေစရာ နေရာတောင် ရှိမှာ မဟုတ်တော့ဘူး။ ပြောချင်တာက စိုက်ပဲစိုက်တာ ရှင်အောင်တော့ ဘယ်သူမှ မလုပ်ကြဘူး။ ဒါဟာသစ်တောဦးစီးဌာန တခုတည်း တာဝန်ရှိတာ မဟုတ်ဘူး၊ အားလုံးမှာ တာဝန်ရှိတယ်။ ဌာနကလည်း သူမှာ လုံလောက်တဲ့ ဘက်ဂျက်ရှိမှ လုပ်လို့ရတာ။
ဒီမှာ သစ်ပင်စိုက်တာ အရေအတွက်ကိုပဲ ဦးစားပေးနေတယ်။ အထက်ကို တင်ပြလို့ ကောင်းရုံ သူများမြို့ နယ် အပင် ၃ ထောင် စိုက်ရင် ငါတို့က ၅ ထောင်စိုက်မယ် ဆိုပြီးပဲ လုပ်နေကြတာ။ စိုက်တာက လွယ် တယ်။ ဒီအပင်လေးတွေကို ရှင်သန်အောင် လုပ်ဖို့ကျတော့ ခက်တယ်။ သစ်ပင်စိုက်တာကို ဗန်းပြလောက် မလုပ်သင့်တော့ဘူး။ သေကုန်ကြလိမ့်မယ်။ ရာသီဥတုက နောက်နှစ်တွေမှာလည်း ဒီလိုဖြစ်ချင် ဖြစ်လာဦး မှာ။ အားလုံးဝိုင်းပြီးတော့ သစ်ပင်တွေကို တကယ်စိုက်ဖို့ လိုနေပါပြီ။ အခုဆို မိုးကာလက မကုန်သေးဘူး။ မိုးက ဆက်ရွာဦးမှာ၊ လတ်တလော ရေပြန်မြုပ်တဲ့ နေရာတွေ ရှိတယ်လို့လဲ ကြားရတယ်။ အဖြေက ဒါပဲ။
ခုနကပဲ နှုန်းတွေ ကျပြီးလို့ နဂိုရှိပြီးသားထက် ပိုတိမ်လာပြီ။ နည်းနည်းရွာရင်ကို များများလျှံတော့မှာပဲ။ ဒါတွေကို ဘယ်လို ဖြေရှင်းမှာလဲ။ ဘယ်ဆည်ကြီးကတော့ ရေလှောင်ပမာဏက အရင်က ဘယ်လောက်၊ အခုဆိုရင် ဘယ်လောက်ပဲ ကျန်တော့ပါတယ်လို့ ဘယ်သူက တွက်ပြမှာလဲ။ ဆည်အောက်ပိုင်းက ရွာတွေ ကိုရော ဘယ်လို သတိပေးထားမှာလဲ။ အဲဒါတွေက တကယ့်ပြသနာပဲ၊ ငါတို့လည်း ဒါကိုပဲ စိုးရိမ်နေတာ။ ဘယ်လို လုပ်ကြမလဲ။ အခုဖြစ်တဲ့ တချို့နေရာတွေမှာ ကြိုတင်သတိပေးမှုတွေ အားနည်းခဲ့လို့ အတော်များ များ လက်လွတ် ထွက်ပြေးခဲ့ရတယ်လို့ ပြောတယ်။ အခုရေဘေးကြောင့် သေတာအားလုံး တရာကျော်သွား ပြီ။
ကြိုတင်သတိပေးတဲ့ စနစ်တွေကို ယခုထက်ပိုပြီး ကျကျနနလုပ်ဖို့ လိုအပ်တယ်။ နောင်နှစ်တွေအတွက် ဖြစ်လာမယ့် အခြေအနေတွေကိုတော့ ကိုယ့်ဟာကိုယ်ပဲ ပြင်ဆင်ပြီး ကြိုပြင်ထားကြပေါ့။ ပြေးလို့ရအောင် နေရာတွေ လုပ်ထားမယ်။ အဆောက်အအုံတွေ၊ လှေတွေရောပေါ့။ နောက်တခုက ဒီနှစ် မိုးရာသီကုန်လို့ နောက်နှစ် မိုးရာသီ မတိုင်ခင်ကြားမှာ ရေဘေးသင့် ပြည်သူတွေကို အစိုးရက ပြန်လည်ထူထောင်ရေးတွေ လုပ်ပေးရမယ်။ အဓိကက စပါး၊ ဒီနှစ် ပြန်မစိုက်နိုင်ရင် နောက်နှစ်ဆို ဆန် ရှားတော့မယ်။ အဲဒီကျမှ ပြသ နာက ပိုကြီးသွားမယ်။ အောက်ခြေလူတွေပဲ ပိုခံစားရလိမ့်မယ်။ ဒါကို အဓိကထားပြီး အရင်လုပ်ရမယ်လို့ ထင်ပါတယ်။
မေး။ ။ သစ်တောတွေ ပြန်ကောင်းလာဖို့ ဘယ်လို ပြုပြင်ကြရမလဲ။
ဖြေ။ ။ ဒါတွေကို ဘယ်လို ပြန်လုပ်မကြမလဲ။ ဒီနေရာမှာတော့ တရားဥပဒေ စိုးမိုးမှု ရှိမှရမယ်။ ဥပဒေရဲ့ အထက်မှာ ဘယ်အဘမှ ရှိနေလို့ မရဘူး။ အခုက ယူနီဖောင်းမြင်ရင် ကြောက်ပြီး ခိုင်းတာပဲ လုပ်ခဲ့ကြလို့ အခုအခြေအနေ အထိ ဖြစ်လာရတာပဲ။ ငါ့တို့ အကုန်လုပ်တတ်လို့ လုပ်နေတယ်လို့တော့ မပြောကြေးပေါ့။ သူတို့ လုပ်တတ်လို့ လုပ်ခဲ့တာဆိုရင် ၁၉၆၂ ခုနှစ်က အခု ၂၀၁၅ ခုနှစ် အတွင်းမှာ သစ်တောတွေအတွက် ဘာကောင်းတာတခု ဖြစ်သွားခဲ့လို့လဲ။
ဘာကောင်းတာ တခုမှ မဖြစ်ခဲ့ဘူး။ ကျန်တဲ့ ဌာနတွေကရော စဉ်းစားသာ ကြည့်တော့။ Professional သမားတွေကို လုပ်ခွင့်ပေးပါ။ ဆုံးဖြတ်ပိုင်ခွင့် ပေးပါ။ ဒါဆို သူဟာသူ ဖြစ်လာလိမ့်မယ်။ ငါတို့ပြောရမယ့် စကားက ဒါပဲရှိတယ်။ လာမယ့်နှစ်တွေ ဒီလိုထပ်ဖြစ်ရင် ကြိုရှောင်ထားလို့ပဲ ရမယ်။ ဘာမှလုပ်လို့ မရဘူး။ ဒီနှစ်တွေ အတွင်းမှာ ငါတို့ သစ်ပင်တွေကို ခြစ်ကုတ်ပြီးတော့ကို ပြန်စိုက်ကြမှရမယ်။
မေး။ ။ ဘာများဖြည့်စွက် ပြောချင်ပါသေးသလဲခင်ဗျာ။
ဖြေ။ ။ မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မကြုံခဲ့ဘူးတဲ့ သဘာဝ ဘေးအန္တရာယ်တွေကို ကြုံတွေ့လာရပြီ။ နာဂစ်က နံပါတ် ၁၊ အခု ရေကြီးတာကတော့ နံပါတ် ၂ ပေါ့။ သဘာဝ ဘေးအန္တရာယ်တွေနဲ့ ပတ်သက်လို့ ၂၀၁၄ ခုနှစ်က သတ်မှတ်တဲ့ ကိန်းဂဏန်းတွေအရ မြန်မာပြည်ဟာ ရာသီဥတု ဖောက်ပြန် ပြောင်းလဲခြင်း ကြောင့် ဒုက္ခရောက်နိုင်ခြေ အများဆုံး ၁၀ နိုင်ငံစာရင်းမှာ နံပါတ် ၂ ချိတ်နေတယ်။
ဒါတွေဟာ နိုင်ငံတွေထဲကမှ ရတတ်သမျှသော အချက်အလက်တွေကို ကောက်ယူပြီးတော့ ပညာရှင်တွေ က သတ်မှတ်ပေးထားတာ။ ကျနော်တို့ တိုင်းပြည် ဖွံ့ဖြိုးဖို့ လိုတယ်၊ လူတွေ ဖွံ့ဖြိုးဖို့ လိုတယ်။ ချမ်းသာဖို့ ပြောာတာ မဟုတ်ဘူးနော်။ လူတိုင်း ကားစီးနိုင်မှဖွံ့ဖြိုးတာ မဟုတ်ဘူးနော်။ သူတောင်းစားကနေ သူဌေးကြီး တွေအထိ သက်တောင့်သက်သာ သွားလာနိုင်အောင် လုပ်ပေးထားနိုင်တာမျိုးကို ပြောတာ။
ဧရာဝတီ
No comments:
Post a Comment