အစိုးရသစ်လက်ထက် ကျန်းမာရေး ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် ဆောင်ရွက်ခဲ့သော်လည်း ရန်ကုန်နှင့် မန္တလေးရှိ မြို့နယ် ၂၉ ခုကို စစ်တမ်းပြုလုပ်ခဲ့ရာ ကျန်းမာရေးကဏ္ဍ အပြောင်းအလဲကို ယုံကြည်သူ အနည်း ဆုံး ဖြစ်နေကြောင်း မြန်မာရေးရာအဖွဲ့၏ စစ်တမ်းတွင် ဖော်ပြထားသည်။
လူဦးရေ ခြောက်ထောင်ကျော်ကို ကောက်ယူထားသည့် အဆိုပါ စစ်တမ်းအရ ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ကျန်းမာရေး အပြောင်းအလဲကို အနုတ်ပြသည်အထိ ယုံကြည်သူ နည်းပါးခဲ့ရာမှ ၂၀၁၃ ခုနှစ် နှောင်းပိုင်း တွင် အနည်းငယ် တိုးတက်ခဲ့ကြောင်း၊ သို့သော် ယခုအချိန်အထိ ကျန်းမာရေး အပြောင်းအလဲကို ယုံကြည် သူ အနည်းဆုံး ဖြစ်နေသေးကြောင်း ယင်းစစ်တမ်းများအရ သိရသည်။
မြန်မာရေးရာအဖွဲ့သည် နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍတို့ကို စစ်တမ်း ကောက်ယူ ထားပြီး ကဏ္ဍအားလုံး အနက် ကျန်းမာရေးကဏ္ဍမှာ ယုံကြည်မှု အညွှန်းကိန်း အနည်းဆုံး ဖြစ်သည်။
၂၀၁၂ ခုနှစ်နှောင်းပိုင်း ကောက်ယူချက်တွင် အနုတ်လက္ခဏာ ပြနေရာမှ ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် ကျန်းမာရေးကဏ္ဍ၏ အညွှန်းကိန်း ၃ အထိ တိုးတက်လာကြောင်း မြန်မာ့ရေးရာအဖွဲ့ စစ်တမ်းတွင် ဖော်ပြထားသည်။
“ကျန်းမာရေး စစ်တမ်းကောက်ယူမှုနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးချင်ဘူး။ ကောက်ယူတဲ့စနစ် အရင်းအမြစ် ကွာခြားမှုလည်း ရှိသေးတယ်”ဟု အမျိုးသားကျန်းမာရေးကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း က The Voice သို့ ပြောဆိုသည်။
သို့သော် ယင်းစစ်တမ်းနှင့် ပတ်သက်၍ အမှန်၊ အမှား ဖြေရှင်းချက် မပေးလိုသော်လည်း အစိုးရက ကျန်းမာရေး စောင့်ရှောက်မှုတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အားစိုက် လုပ်ဆောင်ခဲ့ကြောင်း၊ ကျန်းမာရေးစနစ်ကို နိုင်ငံတော်သာမက ပုဂ္ဂလိကဆေးရုံများနှင့် လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်းဖြေရှင်း မှသာ တိုးတက်နိုင်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာသာလှဆွေက ဆိုသည်။
လူမှုအဖွဲ့အစည်းများ၏ စစ်တမ်း ကောက်ယူမှုများသည် ကောက်ယူသော နည်းစနစ်၊ ပညာတတ်မြောက်မှု၊ မေးခွန်းမေးမြန်းမှုနှင့် လူတန်းစား အစုံအလင်ပေါ် မူတည်ပြီး ကိုယ်စားပြု၊ မပြု စဉ်းစားနိုင်ကြောင်း ၎င်းကသုံးသပ်သည်။
မြန်မာနိုင်ငံသား တစ်ဦးချင်းစီအတွက် အစိုးရက ရောဂါကာကွယ်ရေး၊ ကုသရေးနှင့် အခြားကျန်းမာရေး လုပ်ငန်းများအတွက် လူတစ်ဦးချင်းစီကို ၁၄ ဒေါ်လာ သုံးစွဲလျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားသည်။
ကျန်းမာရေး ဝန်ကြီးဌာနအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် အသုံးစရိတ် ကျပ် ၆၅၂,၇၄၄ သန်း ရရှိထားသည်။
The Voice Weekly
No comments:
Post a Comment