Monday, August 04, 2014

အူရီဒူး၊ တယ်လီနောနဲ့ နှစ် ၂၀ အတွင်း ဆက်သွယ်ရေးကဏ္ဍ အပြောင်းအလဲ


ဆယ်စုနှစ် နှစ်ခုအတွင်း မြန်မာ့ဆက်သွယ်ရေးကဏ္ဍကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တစ်ခုတည်းက လက်ဝါးကြီးအုပ် လွှမ်းမိုးလာခဲ့ရာမှ ၂ဝ၁၄ ဇူလိုင်လကုန်ပိုင်းတွင် အူရီဒူးဆင်းမ်ကတ်များကို စတင်ရောင်းချ လိုက်ခြင်းနှင့်အတူ အဆုံးသတ်ခဲ့ရပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ သုံးစွဲသူများ အနှစ်နှစ်အလလ စောင့်မျှော်ခဲ့ရသော ရွေးချယ်စရာရှိသည့်၊ ယှဉ်ပြိုင်မှုရှိသည့် ဈေးကွက်တစ်ခု၏ အစဟုလည်းဆိုပါက ဆိုနိုင်သည်။ မြန်မာ့ဆက်သွယ်ရေးမှအပ တခြားရွေးချယ်စရာ မရှိခဲ့သော သုံးစွဲသူများမှာ လက်ရှိအချိန်တွင် နှိုင်းယှဉ်ရွေးချယ်စရာ ဆက်သွယ်ရေးဝန်ဆောင်မှု အသစ်တစ်ခု စတင်ပေါ်ပေါက်လာခြင်းဖြစ်ပြီး မကြာမီတွင် တယ်လီနော၏ ဝန်ဆောင်မှုမှာလည်း စတင်မိတ်ဆက်တော့မည် ဖြစ်သည်။

ပြောရမည်ဆိုလျှင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ အတိတ်သမိုင်းကြောင်းမှာ သုံးစွဲသူများအတွက် ခါးသီးရင်နင့်ဖွယ်ရာများ အတိပြည့်နှက်နေခဲ့ပြီး မိအေးနှစ်ခါနာမက ကြုံတွေ့ခဲ့ရသည်။ မချစ်သော်လည်း အောင့်ကာနမ်းဆိုသကဲ့သို့ ရွေးချယ်စရာမရှိသော အခြေအနေမျိုးတွင် ရှိသည့်အရာကိုသာ မတန်တဆဈေးဖြင့် သုံးစွဲခဲ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် CDMA 800 MHz မိုဘိုင်းဖုန်းများကို ၂ဝဝဝ ပြည့်နှစ်ဝန်းကျင်တွင် စတင်ချပေးခဲ့ပြီး နံပါတ်အစမှာ ဝ၉၈ဝ ဖြင့် စတင်ကာ 800 MHz ကြိမ်နှုန်းအား အသုံးပြုထားသော မိုဘိုင်းဖုန်းဖြစ်သည်။ ဆက်သွယ်ရေးသွင်းဈေး ကျပ်ငါးသိန်းဖြစ်ပြီး ပြင်ပပေါက်ဈေးမှာ ၂၅ သိန်းမှ သိန်း ၅ဝ အထိ ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် GSM ဖုန်းများကို ၂ဝဝ၂ ခုနှစ်တွင် စတင်ချပေးခဲ့ပြီး စတင်ငှားရမ်းပေးခဲ့စဉ်က ကျပ်ငါးသိန်းဖြစ်သော်လည်း နောက်ပိုင်းတွင် ကျပ် ၁ဝ သိန်း၊ နောက်ပိုင်း၌ ကျပ် ၁၅ သိန်းအထိ တိုးမြှင့်ပေးသွင်းခဲ့ရသည်။

ထိုစဉ်က မိုဘိုင်းဖုန်းဆိုသည်မှာ ဇိမ်ခံပစ္စည်းတစ်မျိုး ဖြစ်ခဲ့ပြီး ငွေကြေးချမ်းသာ ကြွယ်ဝသူများသာ ကိုင်ဆောင်နိုင်ခဲ့သည်။ ထို့ပြင် မိုဘိုင်းဖုန်းဝယ်ယူခွင့် လျှောက်လွှာမှာ ပြန်လည်ရောင်းချပါက ကျပ်သိန်းချီ မြတ်စွန်းသောကြောင့် ဝယ်ယူခွင့်ကျသော်လည်း အခြားသူသို့ ပြန်လည်ရောင်းချခြင်းများ ခေတ်စားခဲ့သည်။

၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ၎င်းဖုန်းများအား ကျပ်ငါးသိန်းဖြင့် ထပ်မံချထားပေးခဲ့ပြီး ၂ဝ၁၂ မတ် ၁၄ ရက်၌ ကျပ်နှစ်သိန်းဖြင့် ဈေးနှုန်းထပ်မံလျှော့ချ ရောင်းပေးခဲ့သည်။ ၂ဝ၁၃ ဧပြီ ၂၄ တွင်မူ ကျပ် ၁၅ဝဝ တန် CDMA 800 (MEC) ဖုန်းများကို မဲနှိုက်ရောင်းချပေးခဲ့ရာ အဆင်မပြေမှုများ ရှိခဲ့သည်။

ပြည်သူများအကြားတွင်လည်း မိုဘိုင်းဖုန်းများမှာ စိတ်ဝင်စားစရာ အကောင်းဆုံးကိစ္စ ဖြစ်လာခဲ့ပြီး ဟန်းဆက်များမှာ ရောင်းအားကောင်းသော ပစ္စည်းများ ဖြစ်လာခဲ့သည်။ သို့သော် ဟန်းဆက်တင်သွင်း ရောင်းချမှုများမှာ တရားမဝင် တင်သွင်းမှုများသာ လွှမ်းမိုးခဲ့ပြီး အခွန်ငွေနစ်နာ ဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရသည်။ ထို့နောက် အခွန်နှုန်းထား ဖြေလျှော့မှုများကို ပြုလုပ်ပေးခဲ့သည်။

ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများအတွက် ပြည်တွင်းပြည်ပမှ စိတ်ဝင်စားသည့် အော်ပရေတာ ကုမ္ပဏီများအား ဖိတ်ခေါ်ခဲ့ရာ ကုမ္ပဏီပေါင်း ၉ဝ ကျော် လာရောက်လျှောက်ထားသည့်အနက် နောက်ဆုံးအဆင့်တွင် ကုမ္ပဏီ ၁၂ ခုကို ပဏာမရွေးချယ်ခဲ့ပြီး ယင်းတို့အနက် နောက်ဆုံးရွေးချယ်မည့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်နှစ်ခုကို ၂ဝ၁၃ ခုနှစ် ဇွန် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့ရာ နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီနှင့် ကာတာအခြေစိုက် အူရီဒူးကုမ္ပဏီတို့ ရွေးချယ်ခံခဲ့ရသည်။ ရွေးချယ်ခံရသော နိုင်ငံခြားအော်ပရေတာ ကုမ္ပဏီနှစ်ခုမှာ ဆက်သွယ်ရေးလိုင်စင်ရရှိရန် ဆက်လက်စောင့်စားခဲ့ရပြီး ၂ဝ၁၄ ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဆက်သွယ်ရေးလိုင်စင် ကိုယ်စီရရှိခဲ့ကြသည်။

ထိုသို့ ဆက်သွယ်ရေးလိုင်စင်ရရှိပြီးနောက် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးနိုင်ရန် ပြင်ဆင်လုပ်ဆောင်ခဲ့ပြီး ၂ဝ၁၄ ဩဂုတ်လဆန်းပိုင်းတွင် အူရီဒူးကုမ္ပဏီက ဆင်းမ်ကတ်များကို စတင်ရောင်းချပေးနိုင်ခဲ့သည်။ သို့သော် ယင်းသို့ ရောင်းချခြင်းမှာ အများပြည်သူ စမ်းသပ်သုံးစွဲနိုင်ရန် အတွက်သာဖြစ်ပြီး တရားဝင်မိတ်ဆက် ရောင်းချမည့်အချိန်မှာ ဩဂုတ် ၁၅ ရက် ၌ စတင်မည်ဖြစ်ကြောင်း ဩဂုတ် ၂ ရက်တွင်ပြုလုပ်ခဲ့သော အူရီဒူးမြန်မာ၏ စာနယ်ဇင်းရှင်းလင်းပွဲ၌ ပြောကြားသည်။

တယ်လီနောမြန်မာ အနေဖြင့်လည်း စက်တင်ဘာလအတွင်း၌ ဆင်းမ်ကတ်များကို စတင်ရောင်းချပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေပြီး ၎င်းတို့၏ ဆင်းမ်ကတ်မှာ ဝ၉၇၉ ဂဏန်းဖြင့် စတင်မည်ဖြစ်ကာ လက်ရှိတွင် တယ်လီနောမှဝန်ထမ်းများ စမ်းသပ်သုံးစွဲနေပြီဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေးအော်ပရေတာ လေးခုအနက် နောက်ကျကျန်ရစ်နေသည်မှာ ရတနာပုံတယ်လီပို့ပင်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ပူးပေါင်းမည့် နိုင်ငံခြားကုမ္ပဏီကို ရွေးချယ်ပြီးသော်လည်း တရားဝင်ကြေညာခြင်း မရှိသေးဘဲ ဆက်သွယ်ရေးလိုင်စင် လျှောက်ထားခြင်း မရှိသေးကြောင်း၊ ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်ခြင်း လုပ်ငန်းများကိုလည်း မစတင်နိုင်သေးကြောင်း သိရသည်။ သို့သော် ရတနာပုံတယ်လီပို့မှာ တစ်မျိုးတစ်ဖုံသော နည်းလမ်းဖြင့် သုံးစွဲသူများကို ဆွဲဆောင်ကာ ရှေ့မှပြေးနှင့်နေသော အော်ပရေတာ ကုမ္ပဏီများကို ဖြတ်ကျော်တက်နိုင်ရန် လုပ်ဆောင်မည်ဟု ရတနာပုံတယ်လီပို့မှ တာဝန်ရှိသူက ပြောကြားသည်။

“ကျပ် ၁၇ သိန်းလောက်နဲ့ ပေးဝယ်ခဲ့ရတဲ့ ဝ၉၅၁ ဂျီအက်စ်အမ်ဖုန်းက ၂ဝ၁၄ ထဲမှာ ပြန်ရောင်းလိုက်တာ ကျပ်သုံးသိန်းကျော် ပြန်ရတယ်။ ကျပ် ၁၅ဝဝ တန်ဂျီ GSM ကတ်ကို ပြင်ပဈေးကွက်မှာ ကျပ်တစ်သိန်းလောက်နဲ့ ပြန်ဝယ်ပြီး သုံးလိုက်ရတယ်။ အခု အူရီဒူးဆင်းမ်ကတ်တွေ ထွက်လာတော့ ကနဦးပရိုမိုးရှင်း အစီအစဉ်တွေက MPT လက်ထက်မှာ တစ်ခါမှ မကြုံဖူးခဲ့တော့ ဝယ်သုံးရပြန်ရော။ MPT က ကျပ် ၁၅ဝဝ တန်ကတ်ကို မဲနှိုက်ပြီးရောင်းတာ၊ ခုလိုမျိုး အပြင်ဈေးကွက်မှာ ဒီဈေးနှုန်းအတိုင်း လွတ်လွတ်လပ်လပ် ဝယ်နိုင်တာကို အခုမှ စကြုံရတာပါ” ဟု လွန်ခဲ့သော နှစ်အတန်ကြာမှစ၍ မိုဘိုင်းဖုန်းစတင် သုံးစွဲခဲ့သူ ကိုကျော်လင်းကဆိုသည်။

အူရီဒူး၏ အခမဲ့သုံးစွဲနိုင်သော ပရိုမိုးရှင်း အစီအစဉ်များကို နှစ်ခြိုက်သူ များပြားသော်လည်း မတည်ငြိမ်သေးသော ဝန်ဆောင်မှု အရည်အသွေးနှင့် အင်တာနက် အသုံးပြုခနှုန်းထား ကြီးမြင့်နေမှုမှာ ဝေဖန်စရာဖြစ်ခဲ့သည်။

၂ဝ၁၂ ခုနှစ်အတွင်းက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဖုန်းအင်တာနက် အသုံးပြုခကို Time Based Charging စနစ်မှ Volume Based Charging စနစ်သို့ ပြောင်းလဲကောက်ခံရန် ကြိုးပမ်းခဲ့ပြီး 100 Kb လျှင် နှစ်ကျပ်နှုန်း (1Mb လျှင် ၂ဝ ကျပ်နှုန်းနှင့်ညီမျှ) သတ်မှတ်မည်ဆိုသောအခါ ကန့်ကွက်မှုများစွာ ရှိခဲ့သောကြောင့် ယင်းအစီအစဉ်ကို ရပ်ဆိုင်းခဲ့သည်။ အူရီဒူးက ဖုန်းအင်တာနက် အသုံးပြုခကို 1Mb လျှင် ၂၅ ကျပ်နှုန်း ကောက်ခံမည်ဟု ဆိုသော်လည်း 1Gb, 2Gb သုံးစွဲပါက Package Plan များကို မည်သို့သတ်မှတ်မည်ကို မသိရသေးဘဲ ဩဂုတ်လလယ်ပိုင်းတွင် အသေးစိတ်ထပ်မံ ကြေညာမည်ဟု ဆိုထားသောကြောင့် စောင့်ကြည့်ရဦးမည်ဖြစ်သည်။

“အမှန်အတိုင်းပြောရမယ်ဆိုရင် အင်တာနက်အသုံးပြုခ 1Mb ကို ၂၅ ကျပ် ကောက်ခံတာများတယ်လို့ ပြောလို့ရတယ်။ ဟိုတစ်နေ့က သူငယ်ချင်းတစ်ယောက် Facebook ကြည့်ပြီး ဗီဒီယိုဖိုင်ကို Download ချတာ 20 Mb လောက်ကုန်သွားတယ်။ အခုလိုမျိုး ဆင်းမ်ကတ်မှာ မိနစ်အပိုတွေ ထည့်ပေးထားတာ၊ အင်တာနက်အသုံးပြုခွင့်တွေ ပေးတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ အင်တာနက်အသုံးပြုခက များလွန်းပါတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ဦးဇော်မင်းဦးက ပြောကြားသည်။

“MPT ထက် စိတ်ချမ်းသာအောင် ရောင်းပေးနိုင်ခဲ့တယ်။ အင်တာနက် အသုံးပြုခကိုတော့ ပြန်စဉ်းစားပေးစေချင်တယ်။ ကုမ္ပဏီကပေးနိုင်တဲ့ အင်တာနက်မြန်နှုန်းကို ကျွန်တော်တို့လိုချင်ပေမယ့် ကျွန်တော်တို့ပေးနိုင်မယ့် ပိုက်ဆံကိုတော့ တွက်ချက်ပြီးမှ သုံးရမယ့် အနေအထားဖြစ်နေတယ်” ဟု Today Mobile အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အူရီဒူး၏ ဗီဒီယိုဖုန်းခေါ်ဆိုနိုင်သော ဝန်ဆောင်မှုကိုမူ စမတ်ဖုန်းသုံးစွဲသူများ ကြိုက်နှစ်သက်ခဲ့ကြပြီး ယခင်ကရရှိခဲ့ဖူးခြင်း မရှိသော ဝန်ဆောင်မှုအသစ် ဖြစ်သောကြောင့်လည်း အဆန်းတကြယ် ဖြစ်ခဲ့ကြသည်။ သို့သော် အူရီဒူးဆင်းမ်ကတ်များအနေဖြင့် ဟန်းဆက်အမျိုးအစား ရွေးခြင်းမှာမူ သုံးစွဲသူများအတွက် ကသိကအောက်ဖြစ်ခဲ့ရသည်။ အထူးသဖြင့် CDMA 800 နှင့် GSM နှစ်မျိုးသုံး ဟန်းဆက်အသုံးပြုသူများ အခက်တွေ့ခဲ့ကြပြီး CDMA 800 MHz (MEC) ဖုန်းများမှာ ဖြုန်းတီးမှုတစ်ခုသာဖြစ်ကြောင်း အများစုက သုံးသပ်ဝေဖန်ခဲ့ကြသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ ဂျပန်နိုင်ငံအခြေစိုက် KDDI, Sumitomo ကုမ္ပဏီတို့နှင့် ပူးပေါင်းလက်မှတ်ရေးထိုးခြင်းကို ဇူလိုင် ၁၆ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး ဂျပန်ကုမ္ပဏီက အမေရိကန်ဒေါ်လာ နှစ်ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဟု ကြေညာခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် လွတ်ကင်းသော သီးခြားကော်ပိုရေးရှင်း အသွင်ဖြင့် ဆက်လက်လုပ်ကိုင်မည်ဟု ဆိုသော်လည်း ဝန်ထမ်း၊ ရုံး၊ မြေနေရာပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ ရှင်းလင်းစွာ မသိရသေးပေ။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှာလည်း နိုင်ငံခြားအော်ပရေတာ နှစ်ခုနည်းတူ ဆက်သွယ်ရေးလိုင်စင် ရယူခြင်းများ ရှိမည်ဖြစ်ပြီး ပြန့်ကျဲနေသော ဖုန်းနံပါတ်များကိုလည်း ပြန်လည်စုစည်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အူရီဒူးဆင်းမ်ကတ်များ ရောင်းခါနီးအချိန်တွင် ပြုလုပ်ခဲ့သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပရိုမိုးရှင်း အစီအစဉ်တစ်ခုမှာလည်း ဝေဖန်စရာဖြစ်ခဲ့ပြီး သုံးစွဲသူများကို စိတ်ပျက်စေခဲ့သည်။ တစ်လအတွင်း ဖုန်းနံပါတ်သုံးခုသို့ တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် ခေါ်ဆိုနိုင်ရန် ၂၅ဝဝ ကျပ် ကြိုတင်ပေးသွင်းထားရမည့် ပရိုမိုးရှင်း အစီအစဉ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“နောက်ဆုံးအချိန်အထိကို MPT ဟာ ခွက်ကျလွန်းခဲ့တယ်။ ဒါက သူတို့ရဲ့ သုံးစွဲသူအပေါ်ထားတဲ့ စေတနာပဲလား” ဟု သုံးစွဲသူတစ်ဦးက မချင့်မရဲဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသာ ယခုပုံစံအတိုင်း ဆက်သွားနေပါက သုံးစွဲသူများစွာကို လက်လွှတ်ရဖွယ်ရှိနေပြီး ပြောင်းလဲမှုများစွာ ပြုလုပ်နိုင်မှသာ ဆက်လက်ဆွဲဆောင်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။ မည်သို့ဆိုစေ ယှဉ်ပြိုင်မှုရှိသော ဈေးကွက်သည်သာ အရည်အသွေးနှင့် ဈေးနှုန်းများကို ထိန်းညှိပေးနိုင်ပြီး မဝေးတော့သောကာလတွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍမှာ မကြုံစဖူး ထူးကဲသော အခြေအနေတစ်ခုသို့ ရောက်ရှိလာတော့မည်ဟု ခန့်မှန်းသုံးသပ်လိုက်ရပေသည်။

Written by: နေမျိုးထွန်း စောရည်နန္ဒာ 
Eleven Media Group 

No comments:

Post a Comment

My Blog List