အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား နှစ်ပေါင်းခြောက် ဆယ်ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို အဆုံးသတ်ဖို့ တစ်နည်းအားဖြင့် မြန်မာနိုင်ငံရဲ့ ကာလရှည်ကြာခဲ့တဲ့ ပြည်တွင်းစစ်ရပ်စဲဖို့ လက်ရှိအစိုးရအဖွဲ့ခေါင်းဆောင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၁ သြဂုတ်လမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအသီးသီးကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။
အစိုးရနဲ့ ၁၇ နှစ်ကျော်ကြာ အပစ်ရပ်စဲခဲ့တဲ့ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေနဲ့ တပ်မတော်တို့ အကြား တိုက်ပွဲများ တစ်ကျော့ပြန် စတင်ခဲ့အပြီး နှစ်လကျော်အကြာမှာ ကမ်းလှမ်းခဲ့တာပါ။
မူလကတော့ အစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းစီနဲ့ အပစ်ရပ်စဲရေးဆောင်ရွက်ဖို့ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ဆွေးနွေးမှု၊ သဘောတူညီမှုတွေရ ရှိခဲ့ပြီး ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာတော့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအားလုံး ပါဝင်လက်မှတ်ရေး ထိုးမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုတဲ့ အသုံးအနှုန်းကို စတင်ကြားခဲ့ရပါတယ်။
၂၀၁၃ ခုနှစ်အတွင်းမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ အစိုးရက ကြိုးစားခဲ့ပေမယ့် မအောင်မြင် ခဲ့ပါဘူး။ ဒါပေမဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေပေါင်းပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်တစ်ခုတည်း ရေးဆွဲနိုင်မယ့် အခြေအနေတစ်ခုတော့ ဖြစ်ပေါ်လာပါတယ်။ အဲဒါကတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ လိုင်ဇာညီလာခံပါပဲ။
လိုင်ဇာညီလာခံ
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၈ ဖွဲ့က ထိပ်သီးခေါင်းဆောင်များ ပါဝင်ခဲ့တဲ့ လိုင်ဇာထိပ်သီး ညီလာခံကို ၂၀၁၃ အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၂ ရက်နေ့အထိ ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ညီလာခံဖြစ်ပေါ်လာရခြင်း အကြောင်းရင်းက နှစ်ပေါင်းများစွာ အပစ်အခတ်ရပ်စဲခဲ့တဲ့ အစိုးရနဲ့ ကေအိုင်အိုအဖွဲ့ရဲ့ ၂၀၁၃ အောက်တိုဘာလဆန်းပိုင်းက မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက စတင်ခဲ့တယ်လို့ သိရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုံညီစွာ ဆွေးနွေးနိုင်ဖို့အတွက် အစိုးရဘက်က ခွင့်ပြုကူညီပေးခဲ့ခြင်းကို တိုင်းရင်းသားများဘက်က အသိအမှတ်ပြုခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များရဲ့ လိုင်ဇာညီလာခံကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် သ၀ဏ်လွှာပေးပို့ အသိအမှတ် ပြုခဲ့ပါတယ်။
လိုင်ဇာညီလာခံကနေ အစိုးရနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေ ညှိနှိုင်းဆောင်ရွက်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးစီပါဝင်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ တိုးလာခဲ့ပါတယ်။
လိုင်ဇာညီလာခံ ပြီးပြီးချင်း ၂၀၁၃ နိုဝင်ဘာ ၄၊ ၅ ရက်မှာပဲ အစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ၊ NCCT အဖွဲ့မှ ကိုယ်စားလှယ်များဟာ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ဆောင်ရွက်ဖို့အတွက် နှစ်ဖက်စလုံးက ကိုင်စွဲထားတဲ့မူတွေကို ချပြဆွေးနွေး အပြန်အလှန် ပေးအပ်ခဲ့ပါတယ်။ အဲဒီ မြစ်ကြီးနားဆွေးနွေးပွဲကနေ ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှာ နောက်ထပ် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေရဲ့ ညီလာခံကို ကရင်ပြည်နယ်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေမှာ ပြုလုပ်ပြီး၊ ကရင်ပြည်နယ် ဘားအံမြို့မှာ နောက်ဆုံးအဆင့် ဆွေးနွေးညှိနှိုင်းဖို့ သဘောတူညီခဲ့ပေမယ့် ၂၀၁၄ ဇန်န၀ါရီလလယ်က KNU နယ်မြေ လော်ခီးလာမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များရဲ့ ဒုတိယညီလာခံကိုသာ ကျင်းပနိုင်ခဲ့ပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း တစ်ခုတည်း ရေးဆွဲခြင်းအစ
UPWC နဲ့ NCCT တို့ရဲ့ အပစ်ရပ်စဲရေးညှိနှိုင်းမှု ဒုတိယအကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ် မတ်လ ၉ ရက်၊ ၁၀ ရက်နေ့များမှာ ရန်ကုန်မြို့ Myanmar Peace Center မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲအပြီးမှာ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆောင်ရွက်ဖို့ တစ်ဖက်ချင်းစီမှ သီးခြားမူကြမ်းရေးပြီး တင်ပြခြင်းထက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) တစ်စောင်ကို အစိုးရဘက်က ကိုယ်စားလှယ်ကိုးဦးနဲ့ တိုင်းရင်းသားများဘက်က ကိုယ်စားလှယ်ကိုးဦးတို့ အတူတကွပူးပေါင်းပြီး အခန်း (၇) ခန်းပါတဲ့ မူကြမ်းတစ်စောင်ရေးဆွဲဖို့ သဘောတူညီခဲ့ပါတယ်။
ရန်ကုန်မြို့ Myanmar Peace Center မှာ ဧပြီ ၅ ရက်မှ ၈ ရက်အထိ ပြုလုပ်ခဲ့တဲ့ UPWC နဲ့ NCCT တို့ရဲ့ တတိယအကြိမ်မြောက် တရားဝင်အစည်းအဝေးမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ သဘောတူစာချုပ်မူကြမ်း Single Text (ပထမအဆင့်) ကို နှစ်ဖက်ပူးပေါင်း ရေးဆွဲနိုင်ခဲ့ပြီး မေ ၂၀ ရက်မှ ၂၃ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ စတုတ္ထအကြိမ်မြောက် အစည်းအဝေးမှာ မူကြမ်း (ဒုတိယအဆင့်) ကို ရေးဆွဲနိုင်ခဲ့ပေမယ့် တကယ်အရေးကြီးတဲ့ အခြေခံမူတွေရယ် တော်လှန်ရေး၊ ဖက်ဒရယ်၊ အပစ်ရပ်စဲရေးနှင့် ပစ်ခတ်တိုက်ခိုက်မှု စတဲ့ဝေါဟာရပိုင်းဆိုင်ရာ ညှိနှိုင်းရမှာတွေ အများကြီး ကျန်ရှိနေပါသေးတယ်။ ဒါတွေနဲ့ပတ်သက်ပြီး အစိုးရရဲ့ UPWC က ဆုံးဖြတ်ချက် မပေးနိုင်သလို တိုင်းရင်သားတွေရဲ့ NCCT တွေကလည်း အဆုံးအဖြတ် မပေးနိုင်ခဲ့ပါဘူး။ အဲဒီအတွက် UPWC က သမ္မတ၊ လွှတ်တော်နာယကနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ရဲ့ သဘောထားရယူဖို့ လိုအပ်သလို NCCT က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ သဘောထားရယူဖို့ လိုအပ်လာပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးက နှစ်ဖက်ခေါင်းဆောင်များရဲ့ သဘောထားအပေါ် မူတည်သွားပြီ။
တတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး
NCCT အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ၂၀၁၄ ခုနှစ် ဇူလိုင် ၂၄ ရက်က အစပြုခဲ့ပြီး ၂၉ ရက်အထိ ပြုလုပ်ခဲ့ပါတယ်။ ဇူလိုင် ၃၀ ရက်နဲ့ ၃၁ ရက်တွေမှာတော့ NCCT အဖွဲ့ဝင်မဟုတ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ်တဲ့ ABSDF နဲ့ RCSS တို့ တက်ရောက်ခဲ့ပြီး ‘၀’၊ မိုင်းလားနဲ့ နာဂအဖွဲ့တွေကတော့ တက်ရောက်ခြင်းမရှိပါဘူး။ ထူးခြားချက်အနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဘီဂျေနမ်ဘီးယားဟာ ဇူလိုင် ၂၈ ရက်ကနေ ၃၁ ရက်နေ့အထိ တက်ရောက်ခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေးကို ကမ္ဘာက စိတ်ဝင်စားကြောင်းပြသခဲ့ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်အောင်လည်း ကူညီပေးမယ်လို့ ပြောပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံ ကိုယ်စားလှယ်တစ်ဦးလည်း ဇူလိုင် ၂၈ ရက်၊ ၂၉ ရက်နေ့များမှာ တက်ရောက်ခဲ့ပြီး မြန်မာပြည်မှာ ငြိမ်းချမ်းရေးရစေချင်ပြီလို့ ပြောသွားပါတယ်။
ယခင်စစ်အစိုးရနှင့် ၁၇ နှစ်ကျော်ကြာ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ခဲ့ပြီး ၂၀၁၁ ဇွန် ၉ ရက်မှာ တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်ပွားခဲ့တဲ့ ကေအိုင်အိုအဖွဲ့ရဲ့ ဥက္ကဋ္ဌက တိုင်းရင်းသားများ လိုလားတဲ့အချက်တွေနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ ကတိက၀တ် မရရှိဘဲ အပစ်ခတ်ရပ်စဲရေးလုပ်ပါက အချည်းအနှီးသာဖြစ်ကြောင်း၊ အစိုးရနှင့် ကေအိုင်အိုတို့အနေဖြင့် အကြိမ်ကြိမ်အပစ်ရပ်စဲရေး ပြုလုပ်ခဲ့သော်လည်း ခိုင်မာတဲ့ကတိက၀တ် မရှိခဲ့သောကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်မရခဲ့ဘဲ လိုလားချက်၊ တောင်းဆိုချက်တွေဟာ အကောင်အထည် မပေါ်ခဲ့ပါဘူးလို့ ပြောကြားခဲ့ပါတယ်။
“ဘာပဲဖြစ်ဖြစ် အပစ်အခတ်ရပ်စဲရေး လုပ်တဲ့နေရာမှာ ကျွန်တော်တို့ လူမျိုးစုရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးမှ အခွင့်အရေးတစ်ခုခု အတိအကျ ခိုင်ခိုင်မာမာ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ရထားမှသာလျှင် ကျွန်တော်တို့ ဆုံးဖြတ်လို့ရတယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီဆုံးဖြတ်ချက် မပါဘဲနဲ့ အပစ်အခတ်ရပ်စဲရေးမှာ ကျွန်တော်တို့ လက်မှတ်သွားထိုးလိုက်တဲ့ အခါမှာ ကျွန်တော်တို့ ကိုယ့်လည်ပင်းကိုယ်ကြိုးစွပ်ပြီး နေတဲ့သူတွေနဲ့ အတူတူပဲဖြစ်မှာပဲ” လို့ ဦးဇောင်းဟရားက ပြောကြားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များရဲ့ တူညီတဲ့ သဘောထားတစ်ခုကတော့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေလုပ်တဲ့ ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်စဲရေး လုပ်ငန်းစဉ်ဟာ စစ်မှန်ခြင်းမရှိနိုင်ဘူး ဆိုတာပါပဲ။ တိုင်းရင်းသားပြည်သူများ လိုလားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကျင့်သုံးခြင်းနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးက အကောင်းဆုံးလို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။
အစည်းအဝေးတွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေက UPWC နဲ့ NCCT တို့ရေးဆွဲ ထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းပါ အချက်အလက်တွေကို ဆွေးနွေး ခဲ့ပြီး NCCT ကို လုပ်ပိုင်ခွင့် ပိုမိုပေးအပ်ခြင်း၊ လမ်းညွှန်ချက်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်ပေးခဲ့ ပါတယ်။ အစိုးရနဲ့ ဆွေးနွေးရာမှာ တိုင်းရင်းသားလူမျိုးအားလုံးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ “ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတို့ကို အာမခံသော ဖက်ဒရယ်ပြည်ထောင်စု “တည်ဆောက်ရေးမူကို တစ်စိုက်မတ်မတ် ကိုင်စွဲသွားမည်လို့လည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ နှစ်လအတွင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်လိမ့်မည်တဲ့။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များရဲ့ အစည်းအဝေးအပြီး ၂၀၁၄ ခုနှစ် ဇူလိုင် ၃၁ ရက် ညနေပိုင်းမှာ NCCT ခေါင်းဆောင်များက နှစ်လအတွင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။ ညှိနှိုင်းမှုတွေ အဆင်ပြေရင် စက်တင်ဘာလလောက်မှာ ဖြစ်နိုင်မယ်လို့ ဆိုပါတယ်။ ဒါဟာ ၀မ်းသာစရာစကားဆိုပေမယ့် ဒီလိုစကားမျိုးကို မကြာခဏ ကြားခဲ့ဖူးတဲ့သူတွေအတွက်တော့ ယုံရခက်ခက်ပါပဲ။
ဝန်ကြီးဦးအောင်မင်းရဲ့ အဆိုအရ အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှု အကြိမ်ပေါင်းနှစ်ရာကျော်ရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့နဲ့ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေး သဘောတူညီမှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ သို့သော်လည်းပဲ အပစ်ရပ်စဲရေးလုပ်ပြီးသား အဖွဲ့အစည်းအချို့ အပါအ၀င် အပစ်ရပ်စဲရေး မလုပ်ရသေးတဲ့ KIO, TNLA တို့နဲ့ တပ်မတော်တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခဲ့ခြင်းက နှစ်ဖက်အကြား သံသယတွေ ရှိနေစေခဲ့ပြီး ယုံကြည်မှုအားနည်းနေဆဲပါပဲ။
ဘာပဲဖြစ်ဖြစ် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ဖို့ အစိုးရရဲ့ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ NCCT တို့ဟာ သြဂုတ် ၃ ရက်နေ့မှာ မြစ်ကြီးနားမြို့မှာ အလွတ်သဘော ဆွေးနွေးညှိနှိုင်းမှာဖြစ်ပြီး သြဂုတ်လယ်မှာ ရန်ကုန်မြို့မှာ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်မူကြမ်းကို အချောသပ်နိုင်ဖို့ တရားဝင် တွေ့ဆုံကြမယ်လို့ သိရပါတယ်။
နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကို ရပ်စဲအောင်၊ ငြိမ်းချမ်းရေးရအောင် လုပ်ရတာ အခက်အခဲများစွာရှိတယ်လို့ နှစ်ဖက်စလုံးက ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေ ပြောတာကို မကြာခဏ ကြားဖူးပါတယ်။ ရိုးသားမှုရှိရှိနဲ့ လုပ်ဆောင်ရင် ငြိမ်းချမ်းရေးမရစရာ မရှိဘူးလို့ တိုင်းရင်းသားခေါင်းဆောင်တစ်ဦး ပြောတာကြားဖူးပါတယ်။ သေချာတာကတော့ ပြည်တွင်းစစ် ဖန်တီး ခဲ့တဲ့သူတွေ၊ ငြိမ်းချမ်းရေး ဖျက်ဆီးခဲ့တဲ့သူတွေ၊ ငြိမ်းချမ်းရေး မလိုချင်တဲ့သူတွေ၊ ငြိမ်းချမ်းရေး ဖော်ဆောင် ခဲ့တဲ့သူတွေ၊ ငြိမ်းချမ်းရေး အောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့သူတွေ၊ ရိုးသားတဲ့သူတွေ၊ မရိုးသားတဲ့သူတွေကို သမိုင်းက မှတ်တမ်းတင်ထားပါလိမ့်မယ်။
ထမင်းကို ဟင်းမပါဘဲစားနေတဲ့ ကလေးငယ်လေးတွေကို စစ်ဘေးဒုက္ခသည် စခန်းရောက်တိုင်း တွေ့ခဲ့ရဖူးတယ်။ နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် သေဆုံး၊ ထိခိုက်၊ ဘ၀ပျက်ခဲ့ရတဲ့ တိုင်းရင်းသားပြည်သူတွေ မခန့်မှန်းနိုင်လောက်အောင် များပြားသလို လက်ရှိတိုင်းပြည်ဟာ အဆင်းရဲဆုံး ဆိုတဲ့ အနေအထားကို ရောက်နေရတယ်။
စားဝတ်နေရေး မပြေလည်လို့ ကျောင်းမနေရဘဲ အလုပ်လုပ်နေကြရတဲ့ ကလေးငယ်တွေ မြန်မာပြည် အနှံ့မှာ မြင်တွေ့နေရတယ်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက်မှာ နိမ့်ကျနေရတဲ့ ပြည်သူတွေအတွက် စစ်ပွဲတွေရပ်ဖို့ အရမ်းလိုအပ်နေပြီ။
Written by: ငြိမ်းဇော်လင်း၊ အောင်ဇော်ထွန်း
Eleven Media Group
No comments:
Post a Comment