Thursday, November 28, 2019

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ ကိုသွားရောက်ဖြေရှင်းမှုသည် ကောင်းမွန်ကြောင်း နိုင်ငံရေးကျွမ်းကျင်သူ တချို့သုံးသပ်


Image may contain: 1 person, sunglasses and closeup
International court of Justice (ICJ) ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ဖြေရှင်းတာဟာ ကောင်းမွန်တယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတချို့ကသုံးသပ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာ တရားရုံးမှာ အမှုဖြစ်အကြောင်းအရာကို ရှင်းပြမှာဖြစ်ပြီး ဥပဒေပိုင်းဆိုင်ရာကို ထောက်ပြပြောဆိုမယ့် ဥပဒေ ပညာရှင်တွေလည်းရှိတယ်လို့ ရှေ့နေတစ်ဦးလည်းဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က ပြောပါတယ်။ 
"ဥပဒေနားလည်တဲ့သူတွေက ဥပဒေပိုင်းဆိုင်ရာကို ထောက်ပြလိမ့်မယ်။ အမေစုက အမှုဖြစ် အကြောင်းအရာကို ကောင်းကောင်းမွန်မွန် ရှင်းပြနိုင်တယ်။ သူကိုယ်တိုင်သွားတာက အင်မတန်မှ သင့်တော်တယ်လို့ မြင်တယ်" လို့ ဦးတင်အောင်က ပြောပါတယ်။
အမှုနဲ့ပတ်သက်တဲ့ နှစ်နိုင်ငံ လျှောက်လဲချက်တွေကို ဒီဇင်ဘာ(၁၀)ရက် ကနေ (၁၂) ရက်အထိ ကြားနာမှာဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ သွားရောက်ရင်ဆိုင် ဖြေရှင်းမှာဖြစ်ပါတယ်။ နိုင်ငံတကာတရားရုံးကို သွားရောက်ပြီး ရင်ဆိုင်ဖြေရှင်းမယ့်အပေါ် ISP Myanmar ရဲ့ ပြင်ပဆက်ဆံရေးဒါရိုက်တာ ဦးအောင်သူငြိမ်းက အခုလိုပြောပါတယ်။ "ဒီခရီးစဉ်တစ်ခေါက်တည်းနဲ့လည်း အဆုံးသတ်မှာမဟုတ်ဘူး။ ဒီကိစ္စက နောက် လေး၊ ငါး နှစ်အထိကို အစိုးရအတွက်အရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ခုအဖြစ် ဆက်ရှိနေနိုင်တာပေါ့။ ကျွန်တော်တို့ နိုင်ငံတကာမှာ ဖြစ်နေတဲ့ ပြဿနာက မကောင်းပါဘူး။ ရင်ဆိုင်ရှင်းတာတော့ ကောင်းတယ်။ ဒါပေမယ့်လည်း အဖြေကတော့ မလွယ်ဘူးပေါ့။ အခုက ကျွန်တော်တို့နိုင်ငံနဲ့ ဂျီနိုဆိုက်ဆိုတဲ့ လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ တံဆိပ်ကပ်ခံရတာ" လို့ ဦးအောင်သူငြိမ်းက ပြောပါတယ်။
လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ အချက်အပါအဝင် တခြားစွပ်စွဲချက်တွေကို ဖြေရှင်းဖို့အတွက် ပြည်တွင်းမှာလည်း နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်တဲ့ ဦးတင်မောင်သန်း(သင့်ဘဝ) ကတော့ ဒီဖြစ်စဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှု အရည်အချင်းအပေါ် မှတ်ကျောက်တင်မှာ ဖြစ်တယ်လို့ အခုလိုပြောပါတယ်။
"လူအခွင့်အရေး ချိုးဖောက်မှုတွေအတွက် ICJ တင်ခြင်းက ဖြစ်လာတယ်။ အဲဒီအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် စံပြပြုခဲ့ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သွားပြီးခုခံကာကွယ်ရမယ့်အဖြစ်မျိုးပေါ့။ အမျိုးသားစည်းလုံးညီညွတ်ရေးက တစ်ဖက်၊ အမျိုးသားရေးကတစ်ဖက်၊ လူ့အခွင့်အရေးက တစ်ဖက်ဖြစ်တယ်။ အမျိုးသားအကျိုးစီးပွားကို ထိန်းရင်းနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကာကွယ်တာမျိုးတော့ မဖြစ်ဖို့လိုတယ်။ ဘယ်လိုပေါင်းစပ်မလဲ" လို့ ဦးတင်မောင်သန်း(သင့်ဘဝ) က သုံးသပ်ပြောပါတယ်။ မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက တရားလိုပြုလုပ်ပြီး တရားစွဲထားတာပဲ ဖြစ်ပါတယ်။ 
Image may contain: 1 person 
Image may contain: 1 person 
သတင်း - အေးစုမွန်

No comments:

Post a Comment

My Blog List