Friday, September 06, 2019

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများမပြုလုပ်ရန်၊ စစ်မှန်သည့်သတင်းအချက်အလက်များ ဖြန့်ဝေနိုင်ရန်နှင့် Facebook ကို အလွဲသုံးခြင်းများမရှိစေရန် ကြိုတင်ပြင်ဆင်နေကြောင်း Facebook တာဝန်ရှိသူများ သတင်းစာရှင်းလင်း


Facebook တာဝန်ရှိသူများ သတင်းစာရှင်းလင်းနေသည်ကို စက်တင်ဘာ ၅ ရက်က တွေ့ရစဉ်
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်  မဲမသမာမှုများ မပြုလုပ်ရန်၊ စစ်မှန်သည့် သတင်းအချက် အလက်များ ဖြန့်ဝေနိုင်ရန်နှင့် Facebook ကို အလွဲသုံးခြင်းများမရှိစေရန် ကြိုတင်ပြင် ဆင်ဆောင်ရွက်နေကြောင်း Facebook မှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။

Facebook ၏ လူမှုအသိုက်အဝန်း ဘေးကင်းလုံခြုံမှုရှိစေရန် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ရန် မြန်မာနိုင်ငံတစ်ဝန်းရှိ နေရာဒေသအနှံ့တွင်ပြုလုပ်လျက်ရှိသော ဒီဂျစ်တယ် အသိပညာပေး အစီအစဉ်များကို ပံ့ပိုးကူညီရန် Facebook ကလုပ်ဆောင်ထားမှုများကို  မီဒီယာများသို့ အသိပေးရှင်းလင်းပွဲကို စက်တင်ဘာ ၅ ရက်က ရန်ကုန်မြို့ Novotel Hotel ရှိ Royal Pavilion စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှင်းလင်းပွဲကို  မဟာဗျူဟာမြောက် တုံ့ပြန်ဖြေရှင်းရေးအဖွဲ့၏ Regional Program မန်နေဂျာ Sarah oh၊  အရှေ့တောင်အာရှဒေသ၊ အများပြည်သူဆိုင်ရာ မူဝါဒချမှတ်ရေးအဖွဲ့  ဒါရိုက်တာ Rafaek Frankel နှင့် အာရှပစိဖိတ်ဒေသ Policy Programs မန်နေဂျာ Beth Ann Lim တို့ လာရောက်ပြီး ၎င်းတို့၏ မူဝါဒများကို  ရှင်းလင်းပြောကြားခဲ့သည်။
ရှင်းလင်းပွဲတွင် Facebook မှ တာဝန် ရှိသူများက ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်  မဲမသမာမှုများ မပြုလုပ်ရန်၊ စစ်မှန်သည့် သတင်းအချက်အလက်များ ဖြန့်ဝေနိုင်ရန်နှင့် Facebook ကို အလွဲသုံးခြင်းများမရှိစေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေကြောင်း၊ မြန်မာပြည်ရွေးကောက်ပွဲနှင့်ပတ်သက်၍ တစ်နှစ်ခန့် ကြိုတင်အချိန်ယူပြုပြင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး  Facebook မှ မဟာဗျူဟာမြောက်တုံ့ပြန်ဖြေရှင်းရေးအဖွဲ့၏ Regional Program မန်နေဂျာ Sarah oh က “Facebook အနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြင်ဆင်တဲ့အချိန်မှာ များသောအားဖြင့် တစ်နှစ်လောက်နေပြီး ပြုပြင်ပြင်ဆင်တယ်ဆိုတာ များသောအားဖြင့် လုပ်လေ့လုပ်ထမရှိဘူး။ မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ တစ်နှစ်မတိုင်ခင်ကတည်းက ပြင်ဆင်မှုတွေ ပြုလုပ်နေပါပြီ။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အများကြီးတွေးထားပါတယ်။  မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ အများကြီး ရင်းနှီးမြှုပ်နှံထားပါတယ်။ နောက်တစ်ခု လုပ်ဆောင်နေတာကတော့  ပြည်တွင်းရော နိုင်ငံတကာကရော အဖွဲ့တွေ ပူးပေါင်းပြီးတော့ သင်တန်းတွေပေးတာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူတွေ သူတို့အကောင့်တွေ သူများတွေ မခိုးရအောင် ဘယ်လိုကာကွယ်မလဲ။ အဲဒါနဲ့ပတ်သက်ပြီး သင်တန်းပေးတာကို On Ground မှာ ပြုလုပ်နေပါတယ်။ ရွေးကောက်ပွဲရောက်ဖို့အတွက်က တစ်နှစ်ကျော် ကျန်သေးပါတယ်။ ဒါပေမဲ့လည်း လုပ်ဆောင်နေပါပြီ။ ဒီကြားထဲမှာလည်း ဘာတွေတိုးမြှင့်ဆောင်ရွက်နေလဲဆိုတာ ရှိလာရင် ထပ်မံပြီးတော့ အကြောင်းကြားပါမယ်။ Facebook ရဲ့ လူမှုစံနှုန်းကို ချိုးဖောက်တဲ့အခါမှာ တစ်ဦးတစ်ယောက်က Report တင်တဲ့အခါမှာ လေ့လာသုံးသပ်ပါတယ်။ လူမှုစံနူန်းအတိုင်း အရေးယူဆောင်ရွက်သွားမှာပါ” ဟု ပြောကြားသည်။
အွန်လိုင်းပြင်ပတွင် အန္တရာယ်ဖြစ်စေနိုင်ရန် အလားအလာရှိသည့်  သတင်းအမှားများကို ရှင်းလင်းရန် မူဝါဒအသစ်တစ်ခု မိတ်ဆက်ခဲ့ပြီး  ဖြန့်ဝေနေသည့် အသင်းအဖွဲ့များနှင့် လူတစ်ယောက်ချင်းစီကို စုံစမ်းစစ်ဆေးမှုများ ထိရောက်မှုရှိအောင် ဆောင်ရွက်နေကြောင်း၊ လူမှုမီဒီယာပေါ်တွင်  ထင်ယောင်ထင်မှားဖြစ်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေသည့် အကောင့် (သို့မဟုတ်) ပုံမှန် မဟုတ်သည့် စုပေါင်းလှုံ့ဆော်မှုအပြုအမူ (CIB) အပေါ်တွင်လည်း  ထိထိရောက်ရောက် အရေးယူဖယ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း၊  မြန်မာနိုင်ငံတွင်  တကယ့်အချက်အလက်များ ဖုံးကွယ်ထားသည့်အဖွဲ့အစည်းများကို ဖယ်ရှားခဲ့သည်မှာ လေးကြိမ်ရှိပြီဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
“Facebook အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အခါမှာ Platform ကို အလွဲသုံးပြုမှုတွေကို မဖြစ်အောင်လို့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ရင် မြန်မာပြည်တစ်ခုတည်း မဟုတ်ပါဘူး။ တခြားမှာ ကျင်းပခဲ့တဲ့ သင်ခန်းစာတွေကို ပြန်လည်လေ့လာသုံးသပ်ပြီးတော့ နောက်ရွေးကောက်ပွဲတွေမှာ  ဒီလိုမျိုးမဖြစ်အောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပါတယ်။ ဥပမာအားဖြင့်ပြောရရင် အမေရိကန်မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ။ အဲဒီမှာရရှိခဲ့တဲ့ သင်ခန်းစာတွေကို ပြန်ပြီးတော့ လေ့လာသုံးသပ်ပါတယ်။ ပိုပြီး စစ်မှန်တဲ့သတင်းအချက်အလက်တွေ ရရှိနိုင်ဖို့အတွက် ဘယ်လိုမျိုးလုပ်ပေးရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်” ဟု  ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အများပြည်သူဆိုင်ရာ မူဝါဒချမှတ်ရေးအဖွဲ့ ဒါရိုက်တာ Fafaek Frankel က ပြောကြားသည်။
မြန်မာဘာသာဖြင့် ရေးသားထားသည့် အကြောင်းအရာများကို  အချိန်နှင့် တစ်ပြေးညီ စစ်ဆေးပေးနိုင်သူ အယောက် ၁၀၀ ရှိနေပြီဖြစ်ကြောင်း၊  မြန်မာနိုင်ငံမှ တခြားတိုင်းရင်းသား  ဘာသာစကားဖြင့်  ရေးသားထားသည့် အကြောင်းအရာများကိုလည်း  စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။  

Eleven Media Group

No comments:

Post a Comment

My Blog List