Friday, September 06, 2019

ဘဏ်လုပ်ငန်း ကောလာဟလသတင်းများကြောင့် ပြည်တွင်းရွှေဈေး ပိုမိုမြင့်တက်လာခြင်းဖြစ်ပြီး ကောလာဟလများ တည်ငြိမ်သွားပါက ရွှေဈေးပြန်လည်ကျဆင်းနိုင်ကြောင်း သုံးသပ်


ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းတွင် စက်တင်ဘာ ၅ ရက်၌ ပြုလုပ်သော အစည်းအဝေးကို တွေ့ရစဉ်
ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာဈေးများ မြင့်တက်လာခြင်းနှင့်အတူ ဘဏ်လုပ်ငန်းများ၏ ကောလာဟလ သတင်းများကြောင့် ဘဏ်တွင်အပ်နှံထားသောငွေများထုတ်ယူပြီး ရွှေဝယ်ယူစုဆောင်းသူများလာသောကြောင့် ပြည်တွင်းရွှေဈေး ပိုမိုမြင့်တက်လာနေခြင်းဖြစ်ပြီး ကောလာဟလများတည်ငြိမ်သွားပါက ပြန်လည်ကျဆင်းသွားနိုင်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်တို့က သုံးသပ်ပြောကြားသည်။

ကမ္ဘာ့ရွှေဈေးနှုန်းသည် စက်တင်ဘာ ၅ ရက်တွင် ၁၅၄၈ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး ဒေါ်လာဈေးပါ မြင့်တက်လာသောကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၁၃၁၅၀၀၀ ဝန်းကျင်အထိ စံချိန်တင် ဆက်လက်မြင့်တက်လာနေသည်။
ထိုသို့ဈေးနှုန်းဆက်တိုက်မြင့်တက်နေမှုများမှာ ဘဏ်များ၏ ချေးငွေပြန်တောင်းမှု အခြေအနေနှင့် ဗဟိုဘဏ်မှ သက်တမ်းတိုးပေးမည် မဟုတ်ဟုဆိုသည့် လုပ်ငန်းရှင်များနှင့်ဘဏ်အကြား အခြေအနေကြောင့် ဘဏ်ကောလာဟလသတင်းများ ထွက်ပေါ်လာသည့်အချိန်နှင့် ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာဈေး မြင့်တက်နေသည့်အချိန် တိုက်ဆိုင်သွားသောကြောင့် မြန်မာ့ရွှေဈေး ဆက်တိုက်မြင့်တက်နေခြင်းဖြစ်ကြောင်း ဦးမျိုးမြင့်က သုံးသပ်သည်။
“ကျွန်တော်တို့ အပြင်မှာကြားနေရတာက ဘဏ်တွေ ပိတ်မယ်။ ဗဟိုဘဏ်ကလည်း စည်းကမ်းမညီညွတ်တာတွေကို အရေးယူမယ်ဆိုပြီး ကောလာဟလတွေ ထွက်လာတယ်။ ရွှေဈေးဆိုတာက ဝယ်လိုအားမရှိတော့ရင် ချက်ချင်းပြန်ကျတယ်။  ကောလာဟလဆိုတာကလည်း ရောင်းတဲ့သူကကော လာဟလထုတ်ပြီး ရောင်းလို့မရဘူး။ ဝယ်တဲ့သူတွေအပေါ်မှာပဲ မူတည်တယ်။ နောက်တစ်ခုကတော့ မူဆယ်လမ်းကြောင်းပေါ့။ အဲဒါက တရားဝင်ပြောရတာကတော့ ခက်တယ်။ သူကပဲမှောင်ခိုဝင်နေတာ။ အဲဒီလမ်းက ပိတ်သွားတော့ ဒီဘက်မှာ ပစ္စည်းပြတ်သွားတာ” ဟု ဦးမျိုးမြင့်က ပြောကြားသည်။
ထိုကဲ့သို့ ရွှေဝယ်လိုအားများပြားလာခြင်းကြောင့် ပုံမှန်ရက်တွင် ရောင်းဝယ်နေကျ ရွှေပိဿာချိန် ၅၀ ကို နံနက် ၁၀ နာရီကတည်းက ရောင်းထုတ်လိုက်ရကြောင်းနှင့်၊ အဓိကအားဖြင့် ရောင်းချသည့်သူကြောင့် ရွှေဈေးမြင့်တက်ခြင်းမဟုတ်ဘဲ ကောလာဟလ သတင်းများကြောင့် ရွှေဝယ်သူ စုဆောင်းသူများပြားခဲ့ပြီး  မြန်မာ့ရွှေဈေး မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိမြင့်တက်နေသောရွှေဈေး ပြန်လည်ကျဆင်းရန်ကိုမူ မူဆယ်လမ်းပြန်ပွင့်ခြင်းနှင့် ဘဏ်ကောလာဟလသတင်းများ တည်ငြိမ်သွားပါက ပြည်တွင်းရွှေဈေး ပြန်ကျလာနိုင်မည်ဖြစ်ကြောင်း ဦးမျိုးမြင့်က သုံးသပ်သည်။
“ဘဏ်ဂယက်တွေကြောင့် ပြည်သူလူထုက စိုးရိမ်ပြီး ရွှေတွေဝယ်ယူမှုတွေ များတာတွေနဲ့ ကမ္ဘာ့ရွှေဈေးကလည်း တရိပ်ရိပ်နဲ့ တက်လာသလို ပြင်ပဒေါ်လာဈေးကလည်း တက်လာတာတွေကြောင့်လည်း ရွှေဈေးမငြိမ်မသက်ဖြစ်ရတာပါ။ ကောလာဟလကြောင့် တက်တဲ့ဈေးနှုန်းမျိုးက ကောလာဟလကာလ အကန့်အသတ်တစ်ခုထိပဲ တက်ပြီးတော့ ကောလာဟလသတင်း ငြိမ်သက်သွားရင် ပြန်လည်ကျဆင်းသွားမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။
ထိုသို့ ရွှေဈေးအတက်အကျမြန်ခြင်း၊ ရွှေဈေးမငြိမ်မသက်ဖြစ်ခြင်းတို့နှင့် ပတ်သက်၍ ရွှေရှိမှ ရွှေကိုရောင်းရန်၊ ရွှေထိ၊ ငွေထိ၊ ရွှေမြန်၊ ငွေမြန် အရောင်းအဝယ်လုပ်ရန်နှင့် ကြိုရောင်းကြိုဝယ်မလုပ်ကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များအား တားမြစ်ထားကြောင်း ဦးဝင်းမြင့်က ဆိုသည်။  

Eleven Media Group

No comments:

Post a Comment

My Blog List