Thursday, September 05, 2019

မော်လမြိုင်မြို့တွင် တိုက်ခတ်ခဲ့သော လေပြင်းကြောင့် နေအိမ် ၅၇၀ ကျော်နှင့် စာသင်ကျောင်း ခြောက်ကျောင်း ထိခိုက်ပျက်စီး


လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မော်လမြိုင်မြို့ ရွှေမြိုင်သီရိ ရပ်ကွက်အတွင်း နေအိမ်များ ပျက်စီးနေမှုကို တွေ့ရစဉ်
မော်လမြိုင်မြို့တွင် စက်တင်ဘာ၂ ရက် ည ၁၀ နာရီခွဲခန့်က တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် နေအိမ် ၅၇၀ ကျော်နှင့် စာသင်ကျောင်း ခြောက်ကျောင်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက်တွင် နေအိမ်  ၇၃ လုံး၊ အောက်ကျင်း ရပ်ကွက်တွင် ၅၉ လုံး၊ ကျိုက်ဖနဲ ရပ်ကွက်တွင် နေအိမ် ၁၄၇ လုံး၊ ရွှေမြိုင်သီရိ ရပ်ကွက်တွင် နေအိမ်  ၁၈၅ လုံး၊ ဇေယျာသီရိ ရပ်ကွက်တွင် နေအိမ် ၇၈ လုံး၊ လှိုင်ရပ်ကွက်တွင် နေအိမ် ၃၃ လုံးနှင့် ညောင်ပင်ဆိပ် ရပ်ကွက်တွင် နေအိမ်နှစ်လုံး စုစုပေါင်း နေအိမ် ၅၇၇ လုံး ထိခိုက်ပျက်စီးမှုများ ဖြစ်ခဲ့ကြောင်းနှင့် လူဦးရေ ၃၀၀၀ နီးပါး လေဘေးသင့်ခဲ့ရကြောင်း မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ထို့အတူ မော်လမြိုင် ဖက်တန်းရပ်ကွက်ရှိ အမှတ် (၈) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်း၊ ရွှေမြိုင်သီရိ ရပ်ကွက်ရှိ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)၊ ဇေယျာသီရိရပ်ကွက်ရှိ အမှတ် (၅) အခြေခံပညာ မူလတန်းကျောင်း၊ ကျိုက်ဖနဲရပ်ကွက်ရှိ အ.မ.က (ထန်းပင်ကုန်း) နှင့် အ.မ.က (ဝတ်သစ်) တို့တွင်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“ပျက်စီးဆုံးရှုံးမှု အနေနဲ့က ရွှေမြိုင်သီရိရပ်ကွက် တစ်ခုတည်းမှာ နေအိမ် ၁၈၀ ကျော် ဆိုတော့ မနည်းလှဘူး။ သဘာဝဘေးအန္တရာယ် ဖြစ်ပြီဆိုရင် ဥပမာ လေမုန်တိုင်း တိုက်ပြီး သွားရင် ချက်ချင်းကို နဂိုမူလအတိုင်း ပြန်ဖြစ်အောင် အစိုးရအဖွဲ့နဲ့ ပြည်သူနဲ့ ပူးပေါင်းပြီးတော့ အမြန်ဆုံး ဆောင်ရွက်သွားပါမယ်”ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။
“စက်တင်ဘာ ၂ ရက် ညပိုင်းမှာ ဖြစ်သွားတဲ့ လေဘေးကြောင့် ပျက်စီးဆုံးရှုံးမှု စာရင်းတွေကို စက်တင်ဘာ ၃ ရက် မနက်ပိုင်းမှာ ကောက်ယူခဲ့ပါတယ်။ အလွန်ဆုံး သုံးရက်၊ လေးရက်အတွင်းမှာ နဂိုအခြေအနေ ပြန်ရောက်အောင် လုပ်ပေးမယ်။ ဥပမာ စာသင်ကျောင်းတွေ ဆိုရင်လည်း အထက်တန်းကျောင်းက လေးကျောင်းလောက်၊ အလယ်တန်း တစ်ကျောင်းနဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအဖွဲ့ကို ချက်ချင်းခေါ်ပြီးတော့ အဲဒီမှာပါတဲ့ ကုမ္ပဏီတစ်ခုချင်းစီက မိမိတို့ တာဝန်ယူနိုင်တဲ့ ကျောင်းတွေကို အမြန်ဆောက်ပြီးတော့ စာသင်ကြားမှု အမြန်ဆုံး ပြန်လည် စတင်နိုင်ရေး စီမံထားပါတယ်”ဟု ၎င်းက ဆိုသည်။
သဘာဝဘေးများကို ရင်ဆိုင် တုံ့ပြန်နိုင်ရန်အတွက် ရပ်ကွက်၊ ကျေးရွာအဆင့်များအထိ အဖွဲ့များဖွဲ့ စည်းသွားမည် ဖြစ်ကြောင်း၊ ယင်းအဖွဲ့များက သဘာဝဘေး ဖြစ်ပွားပါက မည်သို့ လုပ်ဆောင်ရမည်ကအစ စီမံသွားမှာ ဖြစ်ကြောင်း၊ မြို့နယ်တိုင်းအား  Research လုပ်ရန် အစီအစဉ်များရှိပါကြောင်း၊ Cyclone Shelter များလည်း လုပ်ရန်ရှိပါကြောင်း ဒေါက်တာအေးဇံက ပြောကြားသည်။
စက်တင်လာ ၂ ရက် ညပိုင်းက လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက်ရှိ ရဲတပ်ဖွဲ့ဝန်ထမ်း လိုင်းခန်းများ၊ မော်လမြိုင်အချုပ်ထောင်တို့တွင် အပင်များလဲကျခြင်း၊ ခေါင်မိုးလန်ခြင်း၊ နေအိမ်လိုင်းခန်းပေါ်သို့ သစ်ပင်များ လဲကျခြင်းများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အလားတူ စက်တင်ဘာ၂ ရက် ညပိုင်းက လေပြင်းများ တိုက်ခတ်မှုများကြောင့် မွန်ပြည်နယ် ပေါင်မြို့ ကဒါရပ်ကွက် ကမ်းနားပိုင်းတွင် နေအိမ် ၁၁ လုံးခန့်၊ ရေးမြို့နယ် လမိုင်းမြို့ မော့ကနင်ကျေးရွာတွင်လည်း နေအိမ် အလုံး ၃၀ ခန့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List