Tuesday, September 03, 2019

လိပ်ကျွန်းအမှုတွင် သေဒဏ်ချမှတ်ခံထားရသော မြန်မာနိုင်ငံသားနှစ်ဦးအား ကူညီပေးရန် နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် ညွှန်ကြားထားပြီး ထိုင်းနိုင်ငံရှိ သံအရာရှိ၊ သံအမတ်ကြီးများကလည်း အဆင့်အလိုက် ကူညီနေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား



လိပ်ကျွန်းအမှုနှင့်ပတ်သက်၍ သေဒဏ်ချမှတ်ခံထားရသော မြန်မာနိုင်ငံသားနှစ်ဦးအား ကူညီပေးရန် နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် ညွှန်ကြားထားပြီး ထိုင်းနိုင်ငံရှိသံအရာရှိ၊ သံအမတ်ကြီးများကလည်း အဆင့်အလိုက်ကူညီပေးနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

စက်တင်ဘာ ၂ ရက်က နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရုံး၌ မြန်မာနိုင်ငံက  ILO ပြဋ္ဌာန်းချက်အမှတ် ၂၉ လိုက်နာကျင့်သုံး အကောင်အထည်ဖော်မှုနဲ့ ပတ်သက်ပြီး အချက်အလက်များရရှိနိုင်ရေး ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့်ပတ်သက်၍ သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးကို မည်သို့အကူအညီပေးသွားမလဲဆိုသည့် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အထက်ပါကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
“စဖြစ်ကတည်းကိုက နိုင်ငံတော်အကြီးကဲများကိုယ်တိုင် ညွှန်ကြားချက်ရှိပါတယ်။ ဌာနကလည်းပဲ  အလုပ်သမားသံအရာရှိတွေ ထိုင်းနိုင်ငံမှာရှိတဲ့ သံအမတ်ကြီးတွေ ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်သမားရေးရာ အဖွဲ့အစည်းတွေ ၀ိုင်းဝန်းကူညီနေပါတယ်။ အဆင့်လိုက်လည်း ကူညီနေပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်ဖြစ်တဲ့ ဦးဇော်ကဆိုလည်း ဒီအမှုနဲ့ ပတ်သက်ပြီးတော့ လုပ်ငန်းစရိတ်တွေအားလုံးကို သူပဲကျခံပေးနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ အလားတူပဲ အရင်လွှတ်တော်ဥက္ကဋ္ဌကိုယ်စားလှယ်တွေ ကိုယ်တိုင်ကိုက ဒါကို သက်ဆိုင်ရာထိုင်းနိုင်ငံ အကြီးကဲများကို မေတ္တာရပ်ခံစာတွေ ပို့ပေးပြီးတော့မှ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ဆက်လက်ပြီးတော့မှလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်းက ထိုင်းနိုင်ငံ စူရက်ဌာနီခရိုင်၊ လိပ်ကျွန်းတွင် ကမ္ဘာလှည့်ခရီးသွား ဗြိတိန်လူငယ်စုံတွဲနှစ်ယောက် အသတ်ခံရသည့်အမှုနှင့် ပတ်သက်၍ ကျူးလွန်သူများအဖြစ် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားနှစ်ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ သေဒဏ်ချမှတ်ခဲ့မှုနှင့်ပတ်သက်၍ အယူခံဝင်မှုကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ခရိုင်တရားရုံးက သေဒဏ်ချမှတ်ထားသည့် အမိန့်ကို အတည်ပြုကြောင်း ချမှတ်ခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံ၏ အမြင့်ဆုံး တရားရုံးဖြစ်သည့် ထိုင်းဗဟိုတရားရုံးသို့ အယူခံဝင်ခဲ့သော်လည်း ၂၀၁၉ ခုနှစ် သြဂုတ် ၂၉ ရက်က ထိုင်းဗဟိုတရားရုံးမှ မူလပြစ်ဒဏ် ပေးထားသည့်အတိုင်း အတည်ပြုအမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
လိပ်ကျွန်းကိစ္စနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် ဘယ်လိုမျိုးဆောင်ရွက်သွားမလဲဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို “လိပ်ကျွန်းကိစ္စနဲ့ပတ်သက်ပြီးတော့ အမြင့်ဆုံးတရားရုံးကနေပြီးတော့မှ သေဒဏ်ကို အတည်ပြုတယ်လို့ပြောပါတယ်။ ဆက်ပြီးတော့လုပ်မယ့်ကိစ္စကတော့ ထိုင်းဘုရင်မင်းမြတ်ဆီကို အသနားခံစာတင်ဖို့ပဲရှိပါတယ်။ ထိုင်းမှာရှိတဲ့ လူမှုအဖွဲ့အစည်းကလည်းပဲ ဆောင်ရွက်ဖို့စီစဉ်နေပါတယ်။ အဲဒါကိုလည်းပဲ ဆက်လက်ပြီးတော့မှ သတ်မှတ်တဲ့နည်းလမ်းနဲ့အညီ ဆက်လက်ဆောင်ရွက်ပေးသွားဖို့ အစီအစဉ်ရှိပါတယ်လို့ ပြောချင်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
လိပ်ကျွန်းအမှုနှင့်ပတ်သက်၍ သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦး၏ ပြစ်ဒဏ်ကို ထိုင်းဘုရင်ထံသို့ အသနားခံစာတင်ပြရေး လုပ်ငန်းစဉ်အတွက် ဆက်လက်၍ ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက “အဲဒါကတော့ ဆက်လက်ပြီးတော့ ညှိနှိုင်းဆွေးနွေးပါမယ်။ ဒါကတော့ သူ့နိုင်ငံရဲ့ သူ့ဥပဒေနဲ့ စည်းကြပ်တာဖြစ်တဲ့အတွက် ဥပဒေနဲ့အညီပဲ ဆောင်ရွက်လို့ရပါတယ်။ ဆက်လက်ပြီးတော့မှ သက်ဆိုင်ရာနဲ့ ညှိနှိုင်းဆောင်ရွက်သွားပါမယ်” ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List