Wednesday, September 04, 2019

ဇီးရိုးဘတ်ဂျက် ခရီးသွားများကို အဆင့်တစ်ခု သတ်မှတ်၍ ထိန်းချုပ်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ တာဝန်ရှိသူပြောကြား


ရန်ကုန်မြို့တွင်းသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားများကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ဇီးရိုးဘတ်ဂျက် ခရီးသွားများကို အဆင့်တစ်ခု သတ်မှတ်ကာ ထိန်းချုပ်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

ငွေကြေးသုံးစွဲမှုရှိသည့် ခရီးသွားများကို Promotion များနှင့် အခွင့်အလမ်းများ ပေးမည်ဖြစ်ပြီး ငွေကြေးသုံးစွဲမှု မရှိသည့် ခရီးသွားများကို စည်းကမ်းနှင့် တင်းကျပ်မှုများ လုပ်ဆောင်ရန် စီစဉ်နေသည်ဟု သိရသည်။
“ဇီးရိုးဘတ်ဂျက် ခရီးသွားအတွက် ဒီလောက်ငွေကြေး၊ ဝန်ဆောင်မှုနဲ့လာရင် မနက်စာနေရာတစ်မျိုး ဖြစ်လိမ့်မယ်။ ငွေကြေးအကုန်အကျများများနဲ့ လာတဲ့ဧည့်သည်က မနက်စာတစ်မျိုး ဖြစ်လိမ့်မယ်။ တည်ခင်းကျွေးမွေးတဲ့ အစားအစာကအစ class ခွဲမယ်။ ပိုက်ဆံများများပေးရင် ကောင်းကောင်းရမယ်။ ပိုက်ဆံနည်းနည်းပေးရင် နည်းတဲ့အခြေအနေ တစ်ခုကိုရမယ်။ သူများနိုင်ငံတွေမှာလည်း စပြီးလုပ်နေတယ်။ အဆင့်တွေ သတ်မှတ်ပြီး ခွဲထုတ်လိုက်တဲ့သူတို့ လုပ်နေတဲ့ အတွေ့အကြုံကို လေ့လာနေတယ်” ဟု ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။
အဆိုပါ လုပ်ငန်းများတွင် စားသောက်ဆိုင်များနှင့် ဟိုတယ်များကို တင်းကျပ်သွားမည်ဖြစ်ကြောင်း၊ ခရီးသွားများကို ချိတ်ဆက်သည့် ပြည်တွင်းခရီးသွား ကုမ္ပဏီများ အနေဖြင့် တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိရန် ထိန်းချုပ်သွားမည် ဖြစ်ကြောင်း၊ ခရီးသွားဝင်ခွင့်ကြေး ကောက်ခံမှုစာရင်းများနှင့် ဝင်ရောက်စာရင်းများကို စိစစ်သွားမည် ဖြစ်ကြောင်းနှင့် ခရီးသွားများကိုလည်း အဆင့်အတန်းတစ်ခု သတ်မှတ်ကာ ဝင်ရောက်ခွင့်ပြုရန် ထိန်းချုပ်သွားမည်ဟု ၎င်းကဆက်လက် ပြောကြားသည်။
“ဒါတွေက ရန်ကုန်တစ်တိုင်းတည်း လုပ်လို့မရဘူး။ လာတဲ့ဧည့်သည်က တခြားတိုင်းနှင့် ပြည်နယ်က လာတာဖြစ်တဲ့အတွက် ချမှတ်လိုက်တဲ့ ပေါ်လစီသည် တစ်ခြားတိုင်းနှင့် ပြည်နယ်ကိုပါ အံဝင်ခွင့်ကျ ဖြစ်ရမယ်။ ပြည်ထောင်စုကလည်း သဘောတူရမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးမှ ခရီးသွားလုပ်ငန်း ရှေ့ပြေးဆောင်ရွက်ချက် အနေဖြင့် ဇီးရိုးဒေါ်လာဘတ်ဂျက် ခရီးသွားများကို ကိုင်တွယ်ရန် white paper တစ်စောင် ထုတ်ရန်ပြင်ဆင်နေကြောင်း၊ ထိုလုပ်ငန်း ဆောင်ရွက်မှုများ လုပ်ဆောင်ရန် သုံးလခန့် ကြာမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ အာဆီယံနိုင်ငံများမှ ဝင်ရောက်လည်ပတ်သည့် ခရီးသွားမှာ ၄၆ ရာခိုင်နှုန်းရှိပြီး တရုတ်နိုင်ငံမှ ဝင်ရောက် လည်ပတ်မှုမှာ ၁၇ ရာခိုင်နှုန်း ရှိသည်ဟု သိရသည်။
၂၀၁၉ ခုနှစ်အတွင်း ဇန်နဝါရီလမှ ဇူလိုင်အထိ ပြည်ပခရီးသွား ဝင်ရောက်မှုသည် ၂၄၇၄၃၁၁ ဦးရှိပြီး ယခင်နှစ် ကာလတူထက် ၅၀၄၂၉၈ ဦးရေတိုးတက်လာကြောင်း သိရသည်။
ပြည်ပခရီးသွား ဝင်ရောက်မှုများတွင် တရုတ်ခရီးသွားများ ဝင်ရောက်မှုမှာ အများဆုံးဖြစ်ပြီး ဝင်ရောက်မှုမှာ ၃၈၅၉၄၂ ဦးရေရှိကာ ၂၀၁၈ ခုနှစ်ကာလတူ ဝင်ရောက်ခဲ့မှုများနှင့် နှိုင်းယှဉ်ပါက ၂၃၂၂၃၅ ဦးရေ တိုးတက် ဝင်ရောက်ကာ ၁၅၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သြဂုတ် ၁၉ ရက်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ဇီးရိုးဘတ်ဂျက် ခရီးသွားများဟု တကမ္ဘာလုံးက သတ်မှတ်ထားသည့် ခရီးသွားများမှာ တရုတ်ခရီးသွားများဖြစ်ပြီး အများစုမှာ တရုတ်ခရီးသွား အေဂျင်စီများမှတစ်ဆင့် လာရောက်ခြင်းဖြစ်သည်။ ယင်းသို့ လာရောက်ရာတွင် အေးဂျင့်များ သတ်မှတ်ထားသည့် နေရာများ၊ သတ်မှတ်ထားသည့် အမှတ်တရ အရောင်းဆိုင်များတွင် ငွေပေးချေမှုမှာ တရုတ်ငွေကြေး အွန်လိုင်းစနစ်များ အသုံးပြုလျက်ရှိကြောင်း ခရီးသွား အသိုင်းအဝိုင်းမှ သိရသည်။        
Eleven Media Group         

No comments:

Post a Comment

My Blog List