Friday, October 02, 2015

ဒေါ်စုနှင့် NLD ပါတီအား မပုတ်ခတ်ရန် ကြေညာချက်ထုတ်


ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား ပုတ်ခတ်မှုများကို အပြင်းအထန် (အပြင်းအထန်) ကန့်ကွက် ရှုတ်ချကြောင်း ကြေညာချက် တစ်စောင်ကို မဟာဂန္ဓာရုံ ကျောင်းတိုက်မှ သီရိပ၀ရ ဓမ္မာစရိယ ပါဠိပါရဂူ ဦးသူရိယ(ဂန္တ၀ါစက) ဆရာတော်က လူထုသို့ အသိပေးခြင်း ကြေညာချက်ကို ထုတ်ပြန် လိုက်သည်။

အဆိုပါ ကြေညာချက်စာကို ပါဠိပါရဂူ ဆရာတော်မှ အောက်တိုဘာလ (၁)ရက်နေ့တွင် ထုတ်ပြန် လိုက်သည်။ ယင်း ကြေညာချက်စာတွင် အချက်ငါးချက် ပါဝင်ပြီး ““လူထုသို့ အသိပေးခြင်း““ ခေါင်းစဉ်ဖြင့် ထုတ်ပြန် ထားသည်။

““ဒီလူထုသို့ အသိပေးခြင်း ကြေညာချက်ကို ဦးပဉ္ဖင်း တစ်ပါးတည်း ထုတ်ပြန် ထားတာပါ။ ကျောင်းတိုက်က ကိုယ်တော်တွေ သဘောမပါပါဘူး။ မဟာဂန္ဓာရုံ ကျောင်းတိုက် ဘုန်းကြီးလည်း မသိပါဘူး။ ဒီကြေညာချက်ကို ကျောင်းတိုက် ဘုန်းကြီးကို အသိပေးပြီး ထုတ်ပြန်ရင် ကျောင်း တိုက်ဘုန်းကြီးက ခွင့်မပြုမှာစိုးလို့ ဘုန်းဘုန်း တစ်ပါးတည်း ဆန္ဒနဲ့ ထုတ်ပြန်ထားတာ ပါ””ဟု ဆရာတော်က မိန့်ကြားသည်။

““လူထုသို့ အသိပေးခြင်း”” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ထားသော ထုတ်ပြန်ချက် အမှတ်(၄)တွင် ဆရာတော်က ရွေးကောက်ပွဲ နီးလာသော ယခုချိန်တွင် မဘသ ဘုန်းကြီးအချို့နှင့် မဘသ (ဗဟို)၏ ဥပဒေ အကြံပေး ရှေ့နေတို့၏ မဲပေးမည့် လူထု ဇဝေဇ၀ါ ဖြစ်စေနိုင်သည့် ဘာသာရေးကို နိုင်ငံရေးတွင် အသုံးချကာ အမျိုးမျိုးသော ဟောပြောစည်းရုံးမှု ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား ပုတ်ခတ်မှုများကိုလည်း မလုပ်ထိုက်သော အလုပ်ဖြစ်၍ မိမိအနေဖြင့် အပြင်းအထန် (အပြင်းအထန်) ကန့်ကွက် ရှုတ်ချ ပါသည်ဟု ထုတ်ပြန် ထားသည်။

““နိုဝင်ဘာလ (၈)ရက်တွင် မဲပေး ကြရတော့မည့် မြန်မာ ပြည်သူလူထု အနေဖြင့် မဘသ ပုဂ္ဂိုလ်အချို့၏ အမျိုးဘာသာ အသံကောင်း ဟစ်၍ ဟောပြောစည်းရုံး မဲဆွယ်နေမှုများကို ပြောတိုင်းမယုံ လက်မခံကြဘဲ မိမိတို့၏ ကိုယ်ပိုင်အသိဉဏ်ကို အသုံးချကာ မိမိလူမျိုးနှင့် မိမိတိုင်းပြည် အတွက် အမှန်တကယ် အကျိုးပြုပြောင်းလဲ ပေးနိုင်မည် NLD ပါတီကိုသာ ယုံကြည် စိတ်ချစွာ ရွေးချယ်ကြဖို့ မိမိအလေးအနက် တိုက်တွန်းလိုပါသည်””ဟု ထုတ်ပြန်ထားသည်။

ထို့ပြင် သံဃာ ထောင်ချီရှိသော မစိုးရိမ် တိုက်သစ်သည် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့မဟုတ်ကြောင်း မစိုးရိမ်တိုက်သစ် မဟာနာယက ဆရာတော်ကြီးက မိန့်ကြားခဲ့ပြီး ဆရာတော်က မိမိနေထိုင်ရာ အမရပူရမြို့ မဟာဂန္ဓာရုံ ကျောင်းတိုက်ကြီး သည်လည်း မဘသ အလုပ်များကို ဆောင်ရွက်နေသော ကျောင်းတိုက် မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Messenger News Journal

No comments:

Post a Comment

My Blog List