Wednesday, September 30, 2015

ပါတီငယ်များ မဲဆွယ်ရန် ငွေ၊ လူအင်အား အခက်အခဲ ရှိ


ပါတီငယ် အများစုသည် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲအောင်နိုင်ရေး အတွက် ငွေကြေးအင်အား၊ လူအင်အား အခက်အခဲကြောင့် ကျယ်ကျယ်ပြန်ပြန့် မဲဆွယ်စည်းရုံးမှု မပြုလုပ်နိုင်ကြောင်း သိရသည်။

ကရင်အမျိုးသားပါတီ၊ အထွေထွေ အတွင်းရေးမှူး ဦးမန်းကျော်ငြိမ်းက “ပါတီကြီးတွေကတော့ အင်ပြည့်အားပြည့် သွားနိုင်တာပေါ့။ အန်ကယ်တို့ ပါတီတွေကျတော့ ပါတီအင်အားနဲ့ စည်းရုံးရေးအင်အားက နည်းသေးတယ်။ ဘဏ္ဍာရေးကလည်း သူတို့လို မသုံးနိုင်တဲ့အခါကျတော့ သူတို့လို ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ဘူး။ တတ်နိုင်သလောက် ကိုယ့်နီးစပ်ရာ ရွာတွေမှာပဲ လက်ကမ်းစာစောင်လေးတွေ ဝေတယ်။ ရေနွေးကြမ်း ၀ိုင်းလေးတွေနဲ့ စကားပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကရင်အမျိုးသားပါတီသည် ဧရာဝတီတိုင်း ဒေသကြီးတွင် အဓိက ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး လွှတ်တော် အသီးသီးအတွက် ကိုယ်စားလှယ်လောင်း ၂၁ ဦး ၀င်ရောက်မည်ဖြစ်ကြောင်း ဦးမန်းကျော်ငြိမ်းက ဆက်ပြောသည်။

ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲ မတိုင်ခင် ရက်ပေါင်း ၆၀ အလို စက်တင်ဘာ ၈ ရက်မှစ၍ တရားဝင် မဲဆွယ်စည်းရုံးခွင့် ရရှိပြီဖြစ်ရာ နိုင်ငံရေး ပါတီကြီးများက အပြိုင်အဆိုင် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်လာသည်ကို တွေ့မြင်ရသည်။

တရားဝင် မဲဆွယ်စည်းရုံးခွင့် ရသည့်နေ့မှစ၍ နိုင်ငံရေး ပါတီကြီး ၂ ခုဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့သည် လူအင်အား၊ ငွေအင်အား တောင့်တင်းစွာဖြင့် တအိမ်တက် တအိမ်ဆင်း (door to door) မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခြင်း၊ အလှပြယာဉ်များဖြင့် လှည့်လည်စည်းရုံးခြင်းတို့ကို ပြုလုပ်နေသည်ကို တွေ့မြင်ရသည်။

ပါတီငယ် အများစုက မဲဆွယ်စည်းရုံးမှုများကို ယခုလကုန်ပိုင်းမှသာ စတင်ပြုလုပ်ကြမည် ဖြစ်ကြောင်းနှင့် ပါတီကြီးများကဲ့သို့ ယာဉ်များဖြင့် လှည့်လည်ခြင်း၊ တအိမ်တက် တအိမ်ဆင်း မဲဆန္ဒရှင်များအား စည်းရုံးခြင်းကို ပြုလုပ်နိုင်မည် မဟုတ်ကြောင်း နိုင်ငံရေး ပါတီငယ်များက ပြောဆိုကြသည်။

“ကျနော်တို့ ပါတီငယ်လေးတွေ ကတော့ သူတို့ (ပါတီကြီး) လောက် ငွေအင်အား မသုံးနိုင်ဘူးပေါ့။ လက်ကမ်းစာစောင် ဝေတယ်။ ကျနော်တို့ရဲ့ ရပ်/ကျေး ဥက္ကဋ္ဌတွေရဲ့အိမ်မှာ လူစုပြီး လူဦးရေ ၅၀၊ ၁၀၀ ရရင် မဲဆွယ်စည်းရုံးရေး စကားပြောတယ်။ နောက် မဲဘယ်လို ပေးရတယ်။ ပယ်မဲ ဘယ်လိုဆိုတာ ရှင်းလင်းပြတယ်” ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ပဲခူးတိုင်း ဒေသကြီး ဥက္ကဋ္ဌ ဦးစိုးဝင်းက ရှင်းပြသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီသည် ပဲခူးတိုင်း ဒေသကြီးတွင် အဓိက ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် စုစုပေါင်း ကိုယ်လှယ်လောင်း ၈ ဦးသာ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

လွှတ်တော် ကိုယ်စားလှယ်လောင်း ၄ ဦးသာ ၀င်ရောက်ယှဉ်ပြိုင်သည့် ၀ံသာနု ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်နန်းရွှေကြာက “ပါတီကြီးတွေနဲ့ ယှဉ်ပြိုင်ရဲတဲ့ သတ္တိမရှိတာကတော့ အန်တီတို့အတွက် စိန်ခေါ်မှု တခုပေါ့။ နောက်တခုက ပါတီကြီး ၂ ခုကြားမှာ နင်တို့လုပ်တော့လည်း ဘာထူးလဲဆိုတဲ့ မိသားစုရဲ့ ဖိအားကြောင့် မပါလာတဲ့ Candidate တွေလည်း အများကြီး ဖြစ်သွားတယ်” ဟု ပြောဆိုသည်။

ပြည်နယ်နှင့်တိုင်း အခြေပြု ၀င်ရောက်ယှဉ်ပြိုင်ကြမည့် တိုင်းရင်းသား ပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ရှိနေခြင်း၊ တိုက်ပွဲများ ဖြစ်နေသည့်အတွက် လုံခြုံရေး အခက်အခဲများ ရှိခြင်းတို့ကြောင့် မဲဆွယ်စည်းရုံးရေးကို ကျယ်ပြန့်စွာ မလုပ်ဆောင်နိုင်ကြောင်း တိုင်းရင်းသားပါတီများက ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီပေါင်း ၉၂ ပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၃၁၀ ဦး ၀င်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၇၄၅ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၈၈၆ ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ၃၄၄၃ ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် လောင်း ၆၀၇၄ ဦးတို့ ၀င်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List