Thursday, October 01, 2015

အာဏာရပါတီ ရွေးကောက်ပွဲ နိုင်ဖို့ဆိုရင်


လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရား မျှတ မယ်ဆိုရင်တော့ လက်ရှိအာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဟာ အနိုင်ရနိုင်ဖို့ အခွင့်အရေး နည်းလှပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ တိုင်းပြည်အာဏာကို ဆက်ထိန်းထားဖို့ ရည်ရွက်ချက်ရှိမယ်ဆို ရင်တော့ မဲမသမာမှု လုပ်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိပါဘူး။

၂၀၁၀ ရွေးကောက်ပွဲဟာ မဲလိမ်မှု၊ မဲမသမာမှုတွေနဲ့ ပြည့်နှက်နေတယ်လို့ အများက ယုံကြည်ကြပြီး ယခင် စစ်အစိုးရက ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ ဒီရွေးကောက်ပွဲမှာ  မဲ ၇၅ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ပါတယ်။ အထူးသဖြင့် ကြိုတင်မဲတွေနဲ့ မဲမသမာမှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မကြာသေးမီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကို ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ကြိုတင်မဲတွေနဲ့ မဲမသမာမှုလုပ်ခဲ့လားလို့ ဧရာဝတီက မေးတဲ့အခါမှာ သူက “အများစု ရှိခဲ့တယ်” လို့ ဖြေပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း တဦးဖြစ်ခဲ့တဲ့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ အဖွဲ့ဝင်ဟောင်း တဦးဖြစ်တဲ့ ဦးတင်အေးက “(၂၀၁၀ ရွေးကောက်ပွဲမှာ) ကျနော့်လက်ထဲမှာ ကြိုတင်မဲ ဘယ်နှယောက်နဲ့နိုင်တယ်။ ဘယ်ပါတီ နိုင်ခဲ့တယ်။ ကြိုတင်မဲ ဘယ်လောက်ထည့်လို့ နိုင်တယ်ဆိုတာ ကျနော့်လက်ထဲမှာရှိပါတယ်” လို့ ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း နေအိမ်အကျယ်ချုပ် ကျနေရဆဲဖြစ်ပြီး သူ့ရဲ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိခဲ့တာမို့ ဒီစစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ အဓိကပြိုင်ဘက်မရှိဘဲ ဝင်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ဇွန်လက ဧရာဝတီနဲ့ အင်တာဗျူးမှာ ၂၀၁၀ ရွေးကောက်ပွဲကို ပွင့်ပွင့်လင်းလင်း သုံးသပ်ပြခဲ့ရာမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ Handicaps (အသာစီး) အများကြီးရခဲ့ပြီး တပါတီတည်းရှိခဲ့တဲ့သဘောမျိုး ဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

လာမယ့်နိုဝင်ဘာ ရွေးကောက်ပွဲမှာလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ၂၀၁၀ ကလို မဲမသမာမှုမလုပ်ဘူးဆိုရင်တော့  အနိုင်ရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

NLDနဲ့ တိုင်းရင်းသားပါတီတွေ ဝင်ပြိုင်ခဲ့ကြတဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲကတော့ လွတ်လပ်ပြီး တရားမျှတမှုရှိတယ်လို့ အများက ယူဆခဲ့ကြပါတယ်။ ဒီရွေးကောက်ပွဲမှာ NLD က မဲဆန္ဒနယ် ၄၄ နေရာ ဝင်ပြိုင်ခဲ့ရာမှာ ၄၃ ခုမှာ အနိုင်ရတဲ့အထိ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကတော့ NLD ကိုယ်စားလှယ် လောင်း အပယ်ခံခဲ့ရတဲ့ မဲဆန္ဒနယ်တခုမှာပဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အံ့ဩဖို့ကောင်းတာကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေ နဲ့ အနိုင်ရလိမ့်မယ်လို့ ထင်ရတဲ့ နေပြည်တော်က မဲဆန္ဒနယ် ၄ ခုလုံးမှာ လည်း အနိုင်မရခဲ့ဘဲ NLD က အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။ ၂၀၁၂ ရွေး ကောက်ပွဲကို ကြည့်ပြီး သုံးသပ်ရမယ်ဆိုရင်တော့ တကယ်လို့ လာမယ့်ရွေး ကောက်ပွဲဟာ လွတ်လပ်မှုရှိခဲ့မယ်ဆိုရင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ နိုင်ဖို့အလားအလာ လုံးဝမရှိပါဘူး။

အကြမ်းဖက်ခဲ့တဲ့ သမိုင်းကြောင်း

၃၂ သန်း ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားတဲ့ မြန်မာနိုင်ငံရဲ့ မဲဆန္ဒရှင်အများ အပြားဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ မကောင်းတဲ့သမိုင်း ကြောင်းကို အမှတ်ရနေဦးမယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ ၁၉၉၃ ခုနှစ်မှာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒီပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းဟာ NLD အပါအဝင် အတိုက်အခံအုပ်စုတွေ အပေါ် တိုက်ခိုက်မှုတွေပါဝင်ခဲ့တယ်လို့ အများက ယုံကြည်ကြပါတယ်။

ဆိုးရွားတဲ့ တိုက်ခိုက်မှုတွေထဲက တခုကတော့ ၂၀ဝ၃ ခုနှစ်၊ မေလ (၃၀)ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်းဖြစ်ရပ်လို့ လူသိများခဲ့တဲ့ တိုက်ခိုက်မှုပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းအဖွဲ့ဝင်တွေနဲ့ စွမ်းအားရှင်အဖွဲ့ဝင်တွေဟာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ရွာက လေး တရွာမှာ ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာတဲ့ ကားတန်းကို အကြမ်း ဖက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ NLD ထောက်ခံသူ လေးငါးဆယ် လောက် သေဆုံးခဲ့ရတယ်လို့ အတိုက်အခံတွေက ပြောကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ကံကောင်းစွာနဲ့ လွတ်မြောက်သွားခဲ့ပြီး NLD ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးကတော့ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ဒီနောက်မှာတော့ နှစ်ယောက်စလုံး ထောင်ချခံခဲ့ရပါတယ်။ ဒီအကြမ်းဖက် တိုက်ခိုက်မှုမှာ စစ်အစိုးရရဲ့ အစိုးရအဖွဲ့ဝင်အချို့ပါဝင်စီစဉ်ခဲ့တယ်လို့ ပြောကြပါတယ်။

ပီတာပိုဖန်ရဲ့The Lady and the Peacok: The life of Aung San Suu Kyi စာအုပ်မှာ ဒီလိုရေးထားပါတယ်။ “၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလမှာ ပြည်ထောင် စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းအတွင်းရေးမှူးနဲ့ ပို့ဆောင်ရေးဝန်ကြီး ဌာနဝန်ကြီး ဦးဝင်း စိန်က မန္တလေးမြို့နားကဒေသခံရွာသားတွေနဲ့ တွေ့ ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို သတ်ဖို့က သူတို့ရဲ့တာဝန်ပဲ” လို့ ပြောပါတယ်။

“ပြည်တွင်းနိုင်ငံရေး ဆူပူမှုတွေကို ဖန်တီးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်ရှင်းပစ်ရမယ်။ အပြတ်ရှင်းတယ်ဆိုတာကို ခင်ဗျားတို့ နားလည်ကြလား” လို့ ဦးဝင်းစိန်က ပြောခဲ့ပါတယ်။

၂၀၁၃ ခုနှစ်က မြန်မာဘာသာနဲ့ထုတ်ဝေတဲ့ ဦးဝင်းတင်ထွဋ် သုတေသနပြုစု ရေးသားထားတဲ့   “မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများ အညွန်း” စာအုပ်ထဲမှာတော့ ဒီပို့ဆောင်ရေးဝန်ကြီးက ဒေါ်အောင်ဆန်း စုကြည်ကို တိုက်ခိုက်ဖို့ လူအုပ်ကြီးကို ဘယ်လိုလှုံ့ဆော်ခဲ့တယ်ဆိုတဲ့ အကြောင်းကို ရေးသားထားပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းဟာ အစိုးရဝန်ထမ်းတွေနဲ့ ကျောင်းသားတွေကို အတင်းအကျပ် အသင်းဝင်ခိုင်း ခဲ့ပါတယ်။ ၂၀ဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေအပေါ် တိုက်ခိုက်မှုတွေမှာ အသင်းအနေနဲ့ ပါဝင်ပတ်သက်မှုတွေရှိခဲ့တယ်လို့ ဆိုကြပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းက သူ့မှာ မြန်မာနိုင်ငံတဝန်း အသင်းသား ၂၄ သန်း ရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်မီ လအနည်းငယ်အလိုလောက်မှာပဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအဖြစ် အသွင်ပြောင်းခဲ့ပါတယ်။

ပါတီအလံကို ကြည့်ပြီး မဲပေးပါ

ဒီနေ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက ယခင်စစ်အာဏာသိမ်း အစိုးရက ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ သူတို့ကိုယ် စားပြုဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖွဲ့စည်းခဲ့တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီနဲ့ အလားသဏ္ဌာန်တူပါတယ်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီဟာ ၁၀ နေရာသာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဟာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းရဲ့လက်အောက်မှာ ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ အာဏာရှင် စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို နာမည်ပြောင်းထား တဲ့ပါတီပဲ ဆိုတာကို မဲဆန္ဒရှင်အများစုက သိကြပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ပါတီပေါင်း ၉၂ ပါတီ ဝင်ရောက်ယှဉ်ပြိုင်မှာမို့လို့ မဲကွဲသွားမှာဖြစ်ကာ NLD အနေနဲ့ မဲအများစုကို မရနိုင်လောက်ဘူးလို့ အာဏာရပါတီက တွက်ဆထားပုံရပါတယ်။ မြန်မာ့အရေး လေ့လာသူတွေက လည်း ဒီလိုပဲ ယူဆကြပါတယ်။

ဒါပေမယ့် မဲဆန္ဒရှင်တွေက ယခင်စစ်အစိုးရ လက်ထက် ၁၉၉၀မှာလည်း ဒီလိုနိုင်ငံရေးပါတီတွေ အများအပြားကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခဲ့တဲ့ ဗျူဟာကို သတိပြုမိပြီး ဖြစ်နေပါတယ်။ နိုင်ငံက စစ်အုပ်ချုပ်ရေးအောက်မှာ ၁၉၆၂ ခုနှစ်ကတည်း က ဆယ်စုနှစ် သုံးစုနီးပါးနေခဲ့တာမို့ ထင်သာမြင်သာ အပြောင်းအလဲတွေကို မြင်ချင်တဲ့အတွက် မဲဆန္ဒရှင် တွေဟာ NLD ကို မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကုန်မှာ ဒေါ်အောင်ဆန်းစု ကြည်ကနေ နေပြည်တော်မှာ ပြည်သူတွေနဲ့ တွေ့ဆုံ ရာမှာ ဒီလွန်ခဲ့တဲ့ ၂၅ နှစ်ကလိုမျိုးပဲ NLD ကို မဲပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

“ပြည်သူတွေက ပါတီအလံကိုကြည့်ပြီး မဲပေး ကြပါ။ ကိုယ်စားလှယ်လောင်း နာမည်ကို ကြည့်မနေ ပါနဲ့တော့၊ ပါတီကိုသာ မဲပေးကြပါ”။

“မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင်  ကျမအဖေ (ဗိုလ်ချုပ်အောင်ဆန်း) ပြောခဲ့သလိုပါပဲ။ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေးနဲ့ ပြည်သူ့လွတ်မြောက် ရေး အသင်းချုပ်) ကို မဲပေးကြပါ။ လွတ်လပ်ရေးအတွက် ဆောင်ရွက်မယ့် ပါတီကို မဲပေးကြပါ”။

ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ သန့်ရှင်း တဲ့အစိုးရတရပ်ကို ဖော်ဆောင်နိုင်စွမ်းရှိတယ်လို့ ပြောပါတယ်။ ဒီလို ပြောဆိုမှုဟာ ယေဘုယျဆန် ပေမယ့်လို့ ရွေးကောက်ခံမဟုတ်တဲ့ အဂတိလိုက်စားတဲ့ အုပ်ချုပ်သူတွေ လက်အောက်မှာ နှစ်ပေါင်း များစွာနေလာခဲ့ရတဲ့ မြန်မာမဲဆန္ဒရှင်တွေအတွက်တော့ လုံလောက်တဲ့ပြောဆိုမှုပါပဲ။

မြန်မာနိုင်ငံရဲ့ မဲဆန္ဒရှင်အများစုဟာ နိုင်ငံရေး ပါတီတွေရဲ့ စီးပွားရေး ဒါမှမဟုတ် နိုင်ငံခြားရေးမူဝါဒ  သဘောတရားတွေကို အသေးစိတ် လေ့လာကြမှာ တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပြည်ထောင်စုကြံ့ခိုင် ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ တကယ် ဒီမိုကရေစီကို လိုလားတဲ့ ပါတီဖြစ်လာလိမ့်မယ် လို့ ယုံကြည်ရလောက် အောင်လည်း နိုင်ငံရေးအသိ မနည်းကြပါဘူး။

သန့်ရှင်းတဲ့ အစိုးရနဲ့ပတ်သက်ပြီး NLD က ပြောဆိုတာတွေကိုတော့ မဲဆန္ဒရှင်တွေက ကြားခဲ့ပြီး ပါပြီ။ ရွေးကောက်ပွဲပြီးတဲ့ နောက်မှာတော့ သူတို့ အနေနဲ့ အလုပ်နဲ့ သက်သေပြတာကိုမြင်ရဖို့ မျှော်လင့် ကြပါလိမ့်မယ်။ NLD ပါတီမှာ အားနည်းချက်တွေ အများကြီး ရှိပေမယ့်လို့ ဒီပါတီဟာ စစ်မှန်တဲ့ ဒီမို ကရေစီ ပြုပြင်ပြောင်းလဲရေးတွေကို ဖော်ဆောင်ဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ အများစုက ယူဆနေတုန်း ပါပဲ။

ဒါပေမယ့်  ရွေးကောက်ပွဲနဲ့  ပတ်သက်ပြီး မေးခွန်းတခုကတော့ ရှိနေပါသေး တယ်။ တပ်မတော်က ကျောထောက်နောက်ခံပြုထားတဲ့ အာဏာ ရပါတီအနေနဲ့ NLD အနိုင်ရခဲ့ရင် အစိုးရဖွဲ့ခွင့်ပြု ပါ့မလားဆိုတာပါပဲ။

နိုဝင်ဘာရွေးကောက်ပွဲမှာ မည်သည့်ရလဒ်ထွက်သည်ဖြစ်စေ လက်ရှိအစိုးရ ကတော့ သူ့ရဲ့ “ပြုပြင် ပြောင်းလဲရေး” လုပ်ငန်းစဉ်ကို ဆက်လက်အကောင် အထည်ဖော်ဖို့အတွက် အုပ်ချုပ်ရေး အာဏာကို မဖြစ်မနေ ဆက်ထိန်းထား လိုဦးမှာပဲ ဖြစ်ပါတယ်။ 

စစ်တပ်ဗိုလ်ချုပ်ကြီးဟောင်းတွေ လွှမ်း မိုးထားတဲ့ လက်ရှိ အစိုးရအနေနဲ့ ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီလို အဖြစ်မျိုးနဲ့ ကြုံရစေဖို့ အလွယ်တကူ ခွင့်ပြုမှာ မဟုတ်ပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်တုန်းကတော့ ကိုလိုနီအုပ်ချုပ်ရေးစနစ်ကနေ လွတ်လပ်ရေးရဖို့ အတွက် တိုက်ပွဲဝင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ တော့ တပ်မတော်နဲ့ သူဖွဲ့စည်းထားတဲ့ပါတီကနေ “လွတ်လပ်မှု” ရဖို့အတွက် ရုန်းကန်လှုပ်ရှားနေတယ်လို့ဆိုရမှာပါ။

ဧရာဝတီ

No comments:

Post a Comment

My Blog List