၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင် မည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ် လောင်းများအား ဘာသာရေးကို အသုံးချ၍ မဲဆွယ် စည်းရုံးမှုများ မပြုလုပ် ရန် ညွန်ကြားထားကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီထံမှ သတင်းရရှိသည်။
''ညွန်ကြားတာ ကတော့ လုပ်သင့်တဲ့ နည်းတွေနဲ့ ရွေးကောက်ပွဲ ကော်မတီ တွေကို လုပ်သင့် လုပ်ထိုက်တာကို ကိုယ့်နယ်မြေ အခြေအနေတွေ အပေါ်မှာ ကြည့်ပြီးတော့မှ မဲဆွယ်စည်းရုံးဖို့ ၊ ဘာသာရေးကို နွယ်ပြီးတော့ မဲမဆွယ်ဖို့ ပြောထားတယ်လေ။
ဒါက စည်းကမ်းတွေထဲမှာလည်း ပါတယ်လေ။ ဘာသာရေးနဲ့ နွယ်ပြီးတော့ မဲမဆွယ်ဖို့ ကျွန်တော်တို့ ပြောဆိုထားတော့ ကော်မရှင်ရဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ လိုက်ပြီးတော့ မဲဆွယ်ဖို့ ပြောထားတယ်'' ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးသာဝင်းက ပြောသည်။
ထို့ပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် ငွေကျပ်သိန်း (၃၀) စီ ထောက်ပံ့ ပေးထားကြောင်း သိရသည်။
''မဲဆွယ် စည်းရုံးခွင့် သိန်း (၁၀၀) သုံးစွဲခွင့် ရှိတော့ အကုန်လုံးတော့ ပါတီက မထောက်ပံ့နိုင်ဘူးလေ။ ကျန်တာကတော့ ကိုယ်စားလှယ်လောင်းက သူ့ရဲ့အစီအစဉ်နဲ့ လုပ်ကြ ကိုင်ကြမှာပေါ့'' ဟု ၎င်းကဆက်ပြောသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ (၁၁၃၄) ဦး ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး၊ ပြည်သူ့ လွှတ်တော် မှ (၃၁၈) ဦး၊ အမျိုးသား လွှတ်တော်မှ (၁၆၅) ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်မှ (၆၅၁) ဦး ၀င်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ စာရင်းဇယားများ အရ သိရ သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် နိုင်ငံရေး ပါတီများမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ ၀င်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအား ယခုလ (၈) ရက်နေ့မှ စတင်၍ နိုဝင်ဘာလ (၆) ရက်နေ့ ည(၁၂) နာရီ အချိန်ထိ မဲဆွယ်စည်းရုံး ခွင့်ပြုထားသည်။
၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က သတင်း ထုတ်ပြန်ထားသည်။
Messenger News Journal
No comments:
Post a Comment