Friday, October 02, 2015

မနောကွင်းကို ပြည်နယ်အစိုးရ သော့ခတ်ထား၍ ကချင်ရိုးရာ ဘက်စုံအားကစားကွင်းတွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် မြစ်ကြီးနားခရီးစဉ် မဲဆွယ်စည်းရုံး ဟောပြောရန် ခွင့်ပြုချက် တောင်းခံထားသော မနောကွင်းကို ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူများက သော့ခတ်၍ ပိတ်ထားသဖြင့် ကချင်ရိုးရာ ဘက်စုံအားကစားကွင်းတွင် ဟောပြောမည်ဖြစ်ကြောင်း NLD ပါတီ တာဝန်ရှိသူများထံမှ သိရှိရသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲကျင်းပရန် စီစဉ်ထားသော မနောကွင်းကို ကချင်ပြည်နယ် အစိုးရက ယနေ့ နံနက် ၇ နာရီတွင် သော့ခတ်ပိတ်ထားခြင်းကြောင့် ဘက်စုံအားကစားကွင်းသို့ ပြောင်းရွေ့ကျင်းပခြင်း ဖြစ်ကြောင်း မြစ်ကြီးနားမြို့ NLD မှ ဟောပြောပွဲ ဖြစ်မြောက်ရေး စီစဉ်သူ ဦးချိုက ဆိုသည်။ 

“သူတို့က ပိတ်ထားတော့ ကျွန်တော်တို့အတွက် ပြင်ဆင်မယ့်အချိန် မရှိတော့ဘူး။ အခုသူတို့ ခွင့်ပြုတဲ့နေရာက မြက်ထူတယ်။ ရေအိုင်တွေရှိတယ်။ အစကနေ ပြန်လုပ်ရမယ်” ဟု ၎င်းက ဆိုသည်။ 

ကချင်ပြည်နယ်အစိုးရက ယင်းသို့ ပိတ်ပင်ထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲအတွက် ၂၀၁၂ ဖေဖော်ဝါရီက မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမရှေ့တွင် လူထုတွေ့ဆုံ ဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်း NLD ပါတီထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် ခရီးစဉ်ကို အောက်တိုဘာလ ပထမပတ်အတွင်း စတင်မည်ဖြစ်ပြီး အောက်တိုဘာလ ၂ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်သို့ လည်းကောင်း၊ ၃ ရက်နေ့တွင် မိုးကောင်းမြို့နယ်နှင့် မိုးညှင်းမြို့နယ်သို့ လည်းကောင်း၊ ၄ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးသို့ လည်းကောင်း၊ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ဗန်းမော်မြို့နယ်သို့ လည်းကောင်း သွားရောက်မည်ဖြစ်ကြောင်း ကချင်ပြည်နယ် NLD ပါတီထံမှ သိရသည်။ 

(ရန်ကောင်း)
The Voice Weekly

No comments:

Post a Comment

My Blog List